ထုတ်ပြန်ကြေညာချက်များ (ဇန်နဝါရီ ဒုတိယပတ်)

Post By Pan Su Wai, On January 12, 2021

ထုတ်ပြန်ကြေညာချက်များ (ဇန်နဝါရီ ဒုတိယပတ်)

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၅ ရက်မှ ၁၁ ရက်အထိ (ဇန်နဝါရီ ဒုတိယပတ်) ကာလအတွင်း ပြည်ထောင်စု အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊ ပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၆ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ “ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေး ခေါ်ယူကျင်းပပေးရန် လွှတ်တော်ကိုယ်စားလှယ် လေးပုံတပုံက တောင်းဆိုကြောင်း” ထုတ်ပြန်ချက်အပါအဝင် ထုတ်ပြန်ချက် ခုနစ်ခုအထိ ထုတ်ပြန်ခဲ့ပါသည်။ ထို့အပြင် ပါတီများမှ လေးခု၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ တခုနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် အရပ်ဘက်အဖွဲ့အစည်းများမှ နှစ်ခုစီ အသီးသီး ထုတ်ပြန်ခဲ့ကြရာ သတိပြု အာရုံစိုက်ရမည့် ထုတ်ပြန်ချက် အချို့ကို ISP-Myanmar Peace Desk က အနှစ်ချုပ် ဖော်ပြထားပါသည်။

 

ပြည်ထောင်စုအစိုးရ၏ ထုတ်ပြန်ချက်

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ “ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ ထူထောင်ထားရှိမှုနှင့် ပတ်သက်၍ အသိပေးကြေညာချက်” ကို ဇန်နဝါရီ ၅ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါအသိပေးကြေညာချက်အရ “ကာကွယ်ဆေးဝယ်ယူရေးအတွက် ပြည်တွင်း/ပြည်ပမှ ပါဝင်လှူဒါန်းလိုကြသော ပြည်သူများ၊ အဖွဲ့အစည်းများ အနေဖြင့် မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်)ရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေသို့ မည်သည့် နိုင်ငံခြားငွေ အမျိုးအစားကိုမဆို ထည့်ဝင်လှူဒါန်းနိုင်ကြောင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေသို့လည်း မြန်မာကျပ်ငွေဖြင့် ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း” သိရပါသည်။

 

တပ်မတော်၏ ထုတ်ပြန်ချက်များ

ဇန်နဝါရီ ဒုတိယပတ်ကာလအတွင်း တပ်မတော်မှ “ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေး ခေါ်ယူကျင်းပပေးရန် လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက တောင်းဆိုကြောင်း” ထုတ်ပြန်ချက် အပါအဝင် ထုတ်ပြန်ချက် ခုနစ်ခုအထိ ထုတ်ပြန်ခဲ့ပါသည်။

“ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူ ကျင်းပပေးရန် လွှတ်တော်ကိုယ်စားလှယ် လေးပုံတပုံကတောင်းဆိုကြောင်း” သတင်းထုတ်ပြန်ချက်ကို တပ်မတော်က ဇန်နဝါရီ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်တွင် “ကျန်ရှိနေသည့် ဒုတိယအကြိမ် လွှတ်တော် သက်တမ်း၌ လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်အရေး မဆုံးရှုံးစေရန်၊ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ ပြဿနာများကို လွှတ်တော်တွင် တင်ပြဆွေးနွေးနိုင်ရန်၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်အခြေခံမူများ မပျက်ယွင်းအောင် ပြည်ထောင်စု လွှတ်တော်က ထိန်းကျောင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၈၄၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၁၇တို့နှင့်အညီ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ လေးပုံတပုံကျော်ဖြစ်သော လွှတ်တော် ကိုယ်စားလှယ် ပေါင်း ၂၀၃ ဦးတို့က ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၁ရက်တွင် ပြည်ထောင်စုလွှတ်တော်နာယကထံ စုစည်းတောင်းဆို တင်ပြခဲ့ကြောင်း” ဖော်ပြထားပါသည်။

ထို့အပြင် တပ်မတော်မှ ဇန်နဝါရီ ၇ရက်စွဲဖြင့် “ရွေးကောက်ပွဲပြုလုပ်ရန် ကျန်ရှိသည့် မြို့နယ်များ၌ ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်”တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “နိုင်ငံသူ၊ နိုင်ငံသားများ၏ ဒီမိုကရေစီအခွင့်အရေးများ မဆုံးရှုံးစေရေးနှင့် ဒေသကို ကိုယ်စားပြုမည့် လွှတ်တော်ကိုယ်စားလှယ်များမှ တဆင့် မိမိတို့၏ ဒီမိုကရေစီအခွင့်အရေးများကို ဖော်ဆောင် နိုင်ရေးတို့အတွက် ရွေးကောက်ပွဲကျင်းပရန် ကျန်ရှိခဲ့သည့် ရခိုင်ပြည်နယ်မှ ကိုးမြို့နယ်နှင့် ရှမ်းပြည်နယ်မှ မိုင်းကိုင်မြို့နယ်တို့တွင် ရွေးကောက်ပွဲများ ဆောလျင်စွာ အမြန်ဆုံးကျင်းပပေးနိုင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်များသို့ အလေးထား တိုက်တွန်းကြောင်း” ဖော်ပြထားပါသည်။

ဆက်လက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ၂၀၂၀ရွေးကောက်ပွဲ မဲစာရင်းများ စိစစ်တွေ့ရှိချက်နှင့် ပတ်သက်၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၅ ရက်မှ ၉ ရက်အထိ သတင်းထုတ်ပြန်ချက် ငါးခုအထိ ထွက်ရှိခဲ့ပါသည်။

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက် 

ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ဇန်နဝါရီ ၈ ရက်စွဲဖြင့် “ အပစ်အခတ်ရပ်စဲရေးခိုင်မာမှုဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သတင်းထုတ်ပြန် ကြေညာချက်” တခုထွက်ရှိခဲ့ပါသည်။

အချက်ငါးချက်ပါ ထိုထုတ်ပြန်ချက်တွင် “ ပြည်သူများက အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်အပေါ် ယုံကြည်မှု ကျဆင်းလာခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခများ ပြန်လည် တိုးပွားမသွားရေးအတွက် ပြေလည်နိုင်ရေးနည်းလမ်းသည် NCA ပါ ပြဌာန်းချက်များကို အခြေခံသည့် နှစ်ဖက်တပ်များအကြား တွေ့ဆုံ ညှိနှိုင်းအဖြေရှာခြင်းသာဖြစ်သည်ဟု KNU က ယုံကြည်ကြောင်း” ဖော်ပြထားပါသည်။

ယင်းနောက် “KNU သည် NCA အကောင်အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များအား အောင်မြင်စွာ လုပ်ကိုင်ဆောက်ရွက်ခြင်းဖြင့် အပစ်အခတ် ရပ်စဲရေးခိုင်မာခြင်း၊ မှန်ကန်ပြီးတရားမျှတသည့် နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုများဖြင့် ရေရှည်တည်တံ့ခိုင်မြဲသည့် နိုင်ငံရေးသဘောတူညီမှုရလဒ်များရရှိရေးကို တစိုက်မတ်မတ် ကြိုးစားနေကြောင်း” KNU ၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

ထို့ပြင် KNU မူတြော်၊ (ဖာပွန်)ခရိုင် အမြဲတမ်းကော်မတီမှ ဇန်နဝါရီ ၇ ရက်စွဲဖြင့် “ မူတြော် (ဖာပွန်)ခရိုင်၊ ဒွဲလိုမြို့နယ်ရှိ ပြည်သူလူထုများမှ ဆန္ဒပြတောင်းဆိုမှုနှင့် ပတ်သက်၍ ထုတ်ပြန်ချက်” တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ ဒွဲလိုနှင့် လူသောမြို့နယ်များမှ ပြည်သူလူထုများက တပ်မတော်မှ တပ်စခန်းများရုပ်သိမ်းပေးရန်၊ စစ်ဆင်ရေး လမ်းဖောက်လုပ်ခြင်းအား ရပ်တန့်ပေးရန်၊ ဒရုန်းဖြင့် စုံစမ်းထောက်လှမ်းမှုများနှင့် ပြည်သူလူထု လယ်ယာလုပ်ငန်းများနှင့် ကျေးရွာများအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းစသည့် လုပ်ဆောင်မှုတို့ကို ရပ်တန့်ပေးရန် နှစ်ကြိမ်တိုင်တိုင် တောင်းဆိုဆန္ဒပြခဲ့ကြကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “ တပ်မတော်မှ အမှန်တကယ်ငြိမ်းချမ်းရေးကို လိုလားသည်ဆိုပါက ပြည်သူလူထုတောင်းဆိုချက်များကို လေးစားလိုက်နာရမည် ဖြစ်ပြီး လိုက်နာ ဆောင်ရွက်မှုမရှိပါက ပြည်သူလူထု၏ အကျိုးစီးပွားနှင့် ဘ၀လုံခြုံရေးအား အကာအကွယ်ပေးရန် မိမိတို့ကော်မတီမှ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း” ထုတ်ပြန်မှုတွင် ပါရှိပါသည်။

 

ပါတီများ၏ ထုတ်ပြန်ချက်

ယခုရက်သတ္တပတ်အတွင်း ပါတီများမှ ကြေညာချက် လေးခုအထိ ထုတ်ပြန်ခဲ့ပါသည်။

ကချင်ပြည်သူ့ပါတီ(KSPP)မှ “(၇၃)ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ထုတ်ပြန်ချက်” ကို ဇန်နဝါရီ ၁၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်စီမံအုပ်ချုပ်ခွင့်နှင့် အမျိုးသားတန်းတူအခွင့်အရေး ဆုံးရှုံးရခြင်းကြောင့် ပေါ်ပေါက်လာသော လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာရန် လိုအပ်ကြောင်းနှင့် ကချင်ပြည်သူ့ပါတီ(KSPP) သည် ၁၉၄၇ ပင်လုံစာချုပ်ပါ ကတိကဝတ်နှင့်အညီ တည်ဆောက်သော ဖက်ဒရယ်ပြည်ထောင်စု ဖြစ်တည်လာရေးအတွက် တိုင်းရင်းသားပါတီများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ ပြည်နယ် အတွင်းရှိ တိုင်းရင်းသားအားလုံးနှင့် လက်တွဲ၍ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း” ဖော်ပြထားပါသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီက တတိယအကြိမ် လွှတ်တော်များ ခေါ်ယူခြင်းနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက်ကို ဇန်နဝါရီ ၇ ရက်စွဲဖြင့် ထုတ်ပြန်သကဲ့သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ၂၀၁၅ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သော မဲလက်မှတ်များ အပါအဝင် စာရွက်စာတမ်းများကို ဖျက်ဆီးခြင်းအား ဆိုင်းငံ့ထားရန် ဇန်နဝါရီ ၆ ရက်စွဲဖြင့် သဘောထား ထုတ်ပြန်ခဲ့ပါသည်။

 

အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်

ဇန်နဝါရီ ပထမပတ်ကာလအတွင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)မှ ဇန်နဝါရီ ၅ရက်စွဲဖြင့် “ဧရာဝတီတိုင်းအတွင်းရှိ စောဘဦးကြီး၏ ရုပ်တုအား ဖိအားပေးဖြုတ်ချစေခြင်း အပေါ် ထုတ်ပြန်ချက်” တခုထွက်ရှိခဲ့ ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ကရင်တိုင်းရင်းသားအမျိုးသားခေါင်းဆောင်၏ ရုပ်တုကို အတင်းအဓ္ဓမ ဖိအားပေး ဖယ်ရှားစေမှုနှင့်ပတ်သက်၍ ကရင် လူ့အခွင့်အရေးအဖွဲ့မှ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနှင့် အာဏာပိုင်များမှ ၂၀၁၅ ခုနှစ် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက် သည့် ဥပဒေတွင် ဖော်ပြထားသည် နှင့်အညီ တိုင်းရင်းသားလူမျိုးစုများမှ ၎င်းတို့၏ သမိုင်းအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ခွင့်ပေးရန် တောင်းဆိုကြောင်း” ဖော်ပြခဲ့ပါသည်။

ထို့အပြင် မြန်မာတနိုင်လုံးရှိ အရပ်ဘက်အဖွဲ့အစည်းများကလည်း ဇန်နဝါရီ ၁၀ ရက်စွဲဖြင့် “လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍ ပူးတွဲသဘောထားထုတ်ပြန်ချက်” ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “နိုင်ငံတော်အနေဖြင့် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန်နှင့် ငြိမ်းချမ်းစွာ တက်ကြွလှုပ်ရှားမှု ကြောင့် တရားစွဲဆိုခံထားရသည့်သူများ၏ စွဲချက်များကို ရုပ်သိမ်းပေးရန် လိုအပ်ကြောင်း၊ ၎င်းအပြင် ယခုကဲ့သို့ တရားစွဲဆိုနိုင်ရန် ခွင့်ပြုထားသော ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများကိုလည်း နောင်လာမည့် လွှတ်တော် အစည်းအဝေးများတွင် ပြင်ဆင်ပြဌာန်းရန် တိုက်တွန်းကြောင်း” ဖော်ပြခဲ့ပါသည်။

 

၂၀၂၁ ခုနှစ် ဇန်နဝါရီဒုတိယပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။