တိုက်ပွဲဖြစ်ပွားမှုများ (နိုဝင်ဘာ နောက်ဆုံးပတ်)

Post By Nyein Ko Ko Soe, Pan Su Wai, On December 4, 2019

တိုက်ပွဲဖြစ်ပွားမှုများ (နိုဝင်ဘာ နောက်ဆုံးပတ်)

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ (နိုဝင်ဘာ နောက်ဆုံးပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) ကျောက်တော်၊ မြေပုံ၊ မြောက်ဦးမြို့နယ်များ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ်နှင့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၁ ကြိမ်ထက် မနည်း ရှိခဲ့ပြီး၊ အရပ်သား သေဆုံးမှု စုစုပေါင်းငါးဦးရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရှိရပါသည်။

တိုက်ပွဲဖြစ်ပွားမှုများအနက် တပ်မတော်နှင့် AA အဖွဲ့အကြား ဖြစ်ပွားမှုမှာ အရေအတွက် အများဆုံးဖြစ်ခဲ့ပြီး တပ်မတော်နှင့် KIA တို့အကြား ဖြစ်ပွားမှု၊ NCA လက်မှတ်ထိုးထားသည့် RCSS/SSA နှင့် တပ်မတော်တို့ အကြား ဖြစ်ပွားခဲ့မှုတို့လည်း ရှိခဲ့ပါသည်။

ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားမှု

နိုဝင်ဘာ နောက်ဆုံးပတ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအနက် ထူးခြားသည့် တိုက်ပွဲဖြစ်စဉ်မှာ နိုဝင်ဘာ ၂၈ ရက်က ရှမ်းမြောက် နမ္မတူမြို့နယ် မန်ဝါရွာအနီး၌ တပ်မတော်နှင့် NCA လက်မှတ်ထိုးထားသည့် အဖွဲ့တဖွဲ့ဖြစ်သည့် RCSS/SSA တို့အကြား တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်ပွားပြီး နောက်ရက် နိုဝင်ဘာ ၂၉ ရက်တွင် မန်ဝါကျေးရွာထဲကို လက်နက်ကြီးကျည်တချို့ ကျခဲ့သည့်အတွက် အမျိုးသမီးတဦး သေဆုံးပြီး အမျိုးသမီး နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါသည်။

ယခုတိုက်ပွဲဖြစ်ပွားမှုကြောင့် တပ်မတော်အနေဖြင့် နိုဝင်ဘာ ၂၇ ရက်က မွန်ပြည်သစ်ပါတီနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် NCA လက်မှတ်ထိုးထားသည့် အဖွဲ့များနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

နိုဝင်ဘာ နောက်ဆုံးပတ်အတွင်း တိုက်ပွဲဖြစ်ပွားမှုအများဆုံးမှာ ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် ဖြစ်ပြီး အနည်းဆုံး အရပ်သား လေးဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်း ရှိခဲ့ကြောင်း သိရပါသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကုလားတန်မြစ်ကြောင်းအတွင်း တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှု သုံးကြိမ် ရှိခဲ့ပြီး ကုလားတန်မြစ်ကြောင်း လမုတပင်ကျေးရွာအနီးတွင် နိုဝင်ဘာ ၂၉ ရက်က တပ်မတော်(ရေ) စစ်ရေယာဉ်အုပ်စုနှင့် AA တို့ တိုက်ပွဲဖြစ်ပွားရာ လက်နက်ကြီးကျည်ကျ၍ လမုတပင်  ကျေးရွာမှ ရွာသားတဦး ဒဏ်ရာရခဲ့ကာ နေအိမ်သုံးလုံး ပျက်စီးခဲ့ကြောင်း သိရပါသည်။

အလားတူ ဒီဇင်ဘာ ၁ ရက်တွင်လည်း ကုလားတန်မြစ်ကြောင်းအတွင်း ပလက်ဝတံတားစီမံကိန်း အတွက် ဆောက်လုပ်ရေးသုံး ပစ္စည်းတင်ဆောင်လာသည့် ရေယာဉ် ခြောက်စင်းကို ကန်ဇောက်ကျေးရွာ အနီး၌ တစ်ကြိမ်၊ မီးဝကျေးရွာတွင် တစ်ကြိမ် AA က ကမ်းပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရာရှိနှင့် စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်ခဲ့ပါသည်။

ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်း နေရာ နှစ်နေရာဖြစ်သည့်  အင်းကြမ်းနှင့် ဟင်းခရော်ကြား၊  စစ်တွေ- ရန်ကုန်ကားလမ်းပေါ်နှင့် စညင်းရွာနှင့် ဆတ်ရအကြား (၃၀) မိုင်နေရာ ကားလမ်းပေါ်တို့တွင် နိုဝင်ဘာ ၃၀ ရက်က တိုက်ပွဲပြင်းထန်ခဲ့ပြီး တပ်မတော်မှ ရဟတ်ယာဉ်အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၌ နိုဝင်ဘာနောက်ဆုံးပတ်အတွင်း တိုက်ပွဲဖြစ်ပွားမှုအများဆုံးမှာ မြောက်ဦး မြို့နယ်တွင် ဖြစ်ပြီး ကျောင်းတောင်ကျေးရွာအနီးတွင် နိုဝင်ဘာ ၂၇ နှင့် ၂၈ရက် နှစ်ရက်ဆက်တိုက်ပွဲ ပြင်းထန်ခဲ့ကာ အရပ်သား တဦးသေဆုံးခဲ့သည့်နည်းတူ ဒီဇင်ဘာ ၁ ရက်ကလည်း ရခိုင်ပြည်နယ်  မြောက်ဦးမြို့နယ် ရှာရှည်ပြင်ကျေးရွာထဲကို တပ်မတော်စစ်ကြောင်းမှ  ဝင်ရောက်ပစ်ခတ်ခြင်းကြောင့် လက်နက်ကြီးကျည် ထိမှန်၍ ကလေးငယ်သုံးဦးနှင့် အမျိုးသမီးနှစ်ဦးဒဏ်ရာရခဲ့ပါသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ AA မှ ပစ်ခတ်၍ ရွာထဲ ဝင်ရောက်ရှင်းလင်းပစ်ခတ်ရခြင်းဖြစ်ကြောင်း တပ်မတော်ဘက်က ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့ပြင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရန်အောင်ပြင်ကျေးရွာအုပ်စု၊ နလိပ်ကျေးရွာအနီး၌ ဒီဇင်ဘာ ၂ ရက်က တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နလိပ်ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့သဖြင့် ရွာသား သုံး ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါသည်။

နောက်ထပ် ထူးခြားသည့်ဖြစ်စဉ်တခုမှာ ဒီဇင်ဘာ ၂ ရက် ညနေပိုင်းက မြောက်ဦးမြို့ အလယ်ဈေး ရပ်ကွက်၌ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားပြီး အမျိုးသမီး တစ်ဦးနှင့် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ပါသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍  တပ်မတော်၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့်ဟု AA က ထုတ်ပြန်ခဲ့ပြီး ဗုံးသီးဟောင်းပေါက်ကွဲမှုဟု တပ်မတော်က သတင်းထုတ်ပြန်ရှင်းလင်းခဲ့ပါသည်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားမှု

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မြစ်ကြီးနား – ဗန်မော်ကားလမ်း အနောက်ဘက် နန်ဆန် ယန်ရွာနှင့် ခြောက်မိုင်ခန့်အကွာတွင် နိုဝင်ဘာ ၂၉ ရက်က တပ်မတော် စစ်ကြောင်းနှင့် KIA ရှေ့တန်း စခန်းတို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်သတင်းမှာ ယခုတပတ်အတွင်း စိတ်ဝင်စားစရာသတင်းဖြစ်ခဲ့ပါသည်။

ယခုနှစ်ပိုင်းအတွင်း တပ်မတော်နှင့် စစ်ရေးအရ ကြီးမားသည့် ပြဿနာမရှိဘဲ  ၂၀၁၈ နှစ်လယ်ပိုင်းကစ၍ ကချင်ပြည်နယ်အတွင်း တိုက် ပွဲဖြစ်ပွားမှု လျော့နည်းခဲ့သည့် တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲ ပြန် လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုအနည်းငယ်ရှိခဲ့ကြောင်း KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောကြားခဲ့ပါသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာ နောက်ဆုံးပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။