ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (မေ ပထမပတ်)

Post By Nyein Ko Ko Soe, On May 8, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (မေ ပထမပတ်)

၂၀၂၀ ပြည့်နှစ် မေ ၁ ရက်မှ ၇ ရက်အထိ (မေ ပထမပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် COVID-19 ကာကွယ်ရေးအတွက် အစိုးရကော်မတီနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်(၁၀)ဖွဲ့မှ ကိုယ်စားလှယ်များ အလွတ်သဘောဆွေးနွေးခဲ့ခြင်း၊ NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့အား COVID-19 ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် အစိုးရက ဖိတ်ခေါ်ခဲ့ခြင်းတို့မှာ အာရုံစိုက်စရာ ကိစ္စရပ်များ ဖြစ်ခဲ့ပါသည်။

ထို့ပြင် ကမ္ဘာ့ကပ်ရောဂါကို အတူရင်ဆိုင်မည်ဆိုပါက အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်ဟု အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်း ခံခဲ့ရသည့် AAအဖွဲ့က ပြောကြားခဲ့မှု၊ ရွေးကောက်ပွဲရှိ၍ ၂၁ ရာစုပင်လုံညီလာခံကို ဇူလိုင် နောက်ဆုံးထားကျင်းပမည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့မှုတို့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာ အကြောင်းအရာများ ဖြစ်ခဲ့ပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

COVID-19 ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ကို အစိုးရက ဖိတ်ခေါ်ခဲ့သည် ဆိုသော မေ ၆ ရက်ထုတ် 7 Day Daily သတင်းစာ၏ သတင်းမှာ ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာ သတင်းတပုဒ် ဖြစ်ခဲ့ပါသည်။

နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းခဲ့သည့် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေး တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီအနေဖြင့် NCA မထိုးရသေးသည့် ရှစ်ဖွဲ့ထံ ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် အကြောင်းကြားခဲ့သည်ဟု ကော်မတီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း)က 7 Day Daily သတင်းစာသို့ ပြောကြားခဲ့ကြောင်း သိရပါသည်။

အစိုးရ၏ အကြောင်းကြားမှုကို “ဝ” အဖွဲ့ (UWSP/UWSA)၊ မိုင်းလားအဖွဲ့(NDAA)၊ KIO/KIA အဖွဲ့၊ SSPP/SSA အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ရန် ပြန်လည်အကြောင်းပြန်ထားကြောင်းလည်း အဆိုပါသတင်းတွင် ပါရှိခဲ့ပါသည်။

နောက်ထပ် စိတ်ဝင်စားစရာသတင်းတပုဒ်မှာ ကမ္ဘာ့ကပ်ရောဂါကို အတူရင်ဆိုင်မည်ဆိုပါက အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်း ခံထားရသည့် AA အဖွဲ့က ပြောကြားခဲ့မှုကို ဖော်ပြခဲ့သည့် မေ ၇ ရက်ထုတ် 7 Day Daily သတင်းစာ၏ သတင်းဖြစ်ပါသည်။

AA အပါအဝင် NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ထံ COVID-19 ရောဂါ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် စာပို့အကြောင်းကြားထားကြောင်း ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး (ငြိမ်း)၏ ပြောကြားမှုနှင့် ပတ်သက်၍ AA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ 7 Day Daily သတင်းတွင် ဖော်ပြထားပါသည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

ဧပြီ ၂၇ ရက်တွင် ဖွဲ့စည်းခဲ့သည့် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီအနေဖြင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မေ ပထမပတ်ကာလအတွင်း ဆွေးနွေးမှုများ စတင်ပြုလုပ်ခဲ့သည်ကို တွေ့မြင်ရပါသည်။

COVID-19 ကာကွယ်ရေးအတွက် အစိုးရကော်မတီနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်(၁၀)ဖွဲ့မှ ကိုယ်စားလှယ်များသည် မေ ၅ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရုံး၌ အလွတ်သဘောဆွေးနွေးခဲ့ကြကြောင်း VOA သတင်းဌာနက သတင်းဖော်ပြခဲ့သည်။

NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၁၀ ဖွဲ့၏ NCA အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး(ဒဿမအကြိမ်) ကို မေ ၄ ရက်နံနက်ပိုင်းက Online Video Conference ဖြင့် ဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ အစိုးရကော်မတီနှင့် အလွတ်သဘော တွေ့ဆုံခဲ့ခြင်း ဖြစ်ပါသည်။

အလွတ်သဘောဆွေးနွေးမှုတွင် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးနှင့် ပတ်သက်၍ ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ညှိနှိုင်းခဲ့ကြပြီး မေ ၈ ရက်တွင် Online မှ ဆွေးနွေးမည်ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့မှ တက်ရောက်ခဲ့သည့် ဦးမျိုးဝင်းက VOA သတင်းဌာနသို့ ပြောကြားခဲ့ကြောင်း သိရပါသည်။

COVID-19 ကာကွယ်ရေးနှင့် ပတ်သက်၍ တာဝန်ခွဲဝေဆောင်ရွက်ရန် ညှိနှိုင်းလိုကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး၏ ပြောကြားခဲ့မှုကို ဖော်ပြခဲ့သော မေ ၇ ရက်ထုတ် 7 Day Daily သတင်းစာ၏ သတင်းမှာလည်း အစိုးရနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် (၁၀)ဖွဲ့အကြား ပူးပေါင်းဆောင်ရွက်မှုတွင် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာ ဖြစ်ခဲ့ပါသည်။

ဆက်လက်ပြီး ပဒိုစောတာဒိုမူးက အစိုးရ၏ COVID-19 ကာကွယ်ထိန်းချုပ် ကုသရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီအနေဖြင့် NCA ကို အခြေခံသည့် မူဝါဒမျိုး ချမှတ်ရန် မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်ဟု အဆိုပါ 7 Day Daily သတင်းတွင် ဖော်ပြခဲ့ပါသည်။

COVID-19 ကပ်ရောဂါကြောင့် သတ်မှတ်ချိန်အတွင်း မကျင်းပနိုင်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို နိုဝင်ဘာအတွင်း ရွေးကောက်ပွဲ ကျင်းပရန်ရှိ၍ ဇူလိုင်နောက်ဆုံးထား ကျင်းပရန် ဆွေးနွေးထားကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့ကြောင်း 7 Day Daily သတင်းစာက မေ ၂ ရက်တွင် သတင်းဖော်ပြခဲ့မှုမှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။

မေ ၁ရက်က အွန်လိုင်းမှ ပြုလုပ်သည့် သမ္မတရုံး သတင်းစာရှင်းလင်းပွဲ၌ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်မည့်အခြေအနေအပေါ် သတင်းထောက်တဦး၏ မေးမြန်းမှုကို ဦးဇော်ဌေးက ဖြေကြားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ 7 Day Daily သတင်းတွင် ပါရှိခဲ့ပါသည်။

COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအပေါ် သက်ရောက်မှုများစွာ ရှိခဲ့ပြီး မတ်လကုန်တွင် ကျင်းပရန် လျာထားသည့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနှင့် ဧပြီထက် နောက်မကျဘဲ ကျင်းပရန် စီစဉ်ထားသည့် ၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထအစည်းအဝေးတို့ကို ရွှေ့ဆိုင်းခဲ့ရပါသည်။

၂၀၂၀ ပြည့်နှစ် မေ ပထမပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။