ထုတ်ပြန်ကြေညာချက်များ(ဖေဖော်ဝါရီ တတိယပတ်)

Post By Pan Su Wai, On February 18, 2020

ထုတ်ပြန်ကြေညာချက်များ(ဖေဖော်ဝါရီ တတိယပတ်)

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၁ ရက်မှ ဖေဖော်ဝါရီ ၁၇ ရက်အထိ (ဖေဖော်ဝါရီ တတိယပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီ၊ ကျောင်းသားသမဂ္ဂများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၉ ခု ထက်မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ငါးခုအထိ ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများမှ သုံးခု၊ အရပ်ဘက်အဖွဲ့အစည်းများမှ ခုနစ်ခုနှင့် အစိုးရအဖွဲ့၊ AA အဖွဲ့၊ ကျောင်းသားသမဂ္ဂများ၊ NLD ပါတီတို့မှ တခုစီထုတ်ပြန်ခဲ့ကြပါသည်။

ဖေဖော်ဝါရီတတိယပတ်အတွင်း ထုတ်ပြန်ချက်များအနက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဖေဖော်ဝါရီ ၁၃ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်မှာ သတိပြုစရာဖြစ်ခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် “ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းအား AA အဖွဲ့က ပစ် ခတ်တိုက်ခိုက်သဖြင့် တပ်မတော်မှ ပြန်လည်တိုက်ခိုက်ခဲ့ရာ AAအဖွဲ့က ခမီးချောင်းကျေးရွာ၏ တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း” ဦးစွာဖော်ပြခဲ့သည်။

ယင်းနောက် “ဆုတ်ခွာထွက်ပြေးသွားသော AA အဖွဲ့အား တပ်မတော်စစ်ကြောင်းက တိုက်ခိုက်ခဲ့ရာ AA အဖွဲ့က ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လက် နက်ကြီးကျည်သည် ခမီးချောင်းကျေးရွာ မူလတန်းကျောင်းသို့ ကျရောက်ပေါက်ကွဲခဲ့၍ စာသင်ကျောင်းရှေ့တွင် ဆော့ကစားနေသည့် ကျောင်းသား ၁၄ ဦးနှင့် ကျောင်းသူ ၆ ဦး၊ စုစုပေါင်း ၂၀ ဦးတို့ လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း” ဖော်ပြခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ အဆိုပါ သတင်းထုတ်ပြန်ချက်ကို AA အဖွဲ့က ငြင်းဆန်ခဲ့ပြီး ပြန်လည်စွပ်စွဲဝေဖန်သည့် ကြေညာချက်တခုကို ဖေ ဖော်ဝါရီ ၁၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ AA အဖွဲ့၏ ထုတ်ပြန်ချက်တွင် “ရခိုင်ပြည်နယ်ရှိ ရပ်ရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းအား တပ်မတော်မှ ကျူးလွန်နေခြင်းဖြစ်ကြောင်း၊ ရခိုင်နှင့် ပလက်ဝဒေသအတွင်းရှိ တိုက်ပွဲဖြစ်ပွားနေသော မြို့နယ်ငါးခုအတွင်း ဆက်သွယ်ရေး အင်တာနက်လိုင်းများကို NLD အစိုးရမှ ဒုတိယအကြိမ်ဖြတ်တောက်လိုက်ပြီးနောက် တပ်မတော်အနေဖြင့် ကျူးလွန်မှုများ ပိုမိုလုပ်လာဆောင်လာကြောင်း” ဖော်ပြထားပါသည်။

ခမီးချောင်းကျေးရွာမူလတန်းကျောင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပဋိပက္ခအတွင်း ကလေးသူငယ်များ ထိခိုက်မှု မရှိအောင် ကာကွယ်ပေးရန်နှင့် ကျူးလွန်သူများကို ဖော်ထုတ်အရေးယူပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်နှင့် အရပ်ဘက်အဖွဲ့အစည်း (၁၁၁)ဖွဲ့တို့က ဖေဖော်ဝါရီ ၁၅ ရက်စွဲဖြင့် ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံရုံး၊ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံရုံးနှင့် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံသံရုံးတို့ကလည်း ခမီးချောင်းကျေးရွာမူလတန်းကျောင်းဖြစ်စဉ်မှ ထိခိုက်ခဲ့သည့်ကလေးငယ်များအတွက် စိတ်မကောင်းဖြစ်မိကြောင်း ကြေညာ ချက်များ ထုတ်ပြန်ခဲ့ပါသည်။

ဖေဖော်ဝါရီ ၁၅ ရက်စွဲဖြင့် ထွက်ရှိလာသည့် “ရခိုင်ပြည်နယ်အတွင်း လတ်တလောကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ရခိုင်ပြည်ကျောင်းသားသမဂ္ဂနှင့် ရက္ခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်)တို့၏ ပူးတွဲသဘောထားထုတ်ပြန်ချက်” မှာလည်း အာရုံစိုက်စရာဖြစ်ခဲ့ပါသည်။

ယင်းထုတ်ပြန်ချက်တွင် “ ၂၀၁၉ခုနှစ် မတ်လမှစတင်၍ ရခိုင်ပြည်နယ်တွင်း တိုက်ပွဲများ ပြင်းပြင်းထန်ထန်ပြန်လည်ဖြစ်ပွားခဲ့ကြောင်း၊ ပြည်တွင်းစစ်နှင့် ပတ်သက်၍ စစ်ပွဲထက် နိုင်ငံရေးအရ အဖြေရှာရန် ပိုမိုလိုလားသော်လည်း NCA ကဲ့သို့ အယောင်ပြမဟုတ်ဘဲ စစ်မှန်သော နည်းလမ်းအရသာ ချဉ်းကပ်ရန် လိုအပ်ကြောင်း” ဦးစွာဖော်ပြခဲ့သည်။

ဆက်လက်ပြီး “လက်ရှိအချိန်တွင် ပြည်တွင်းစစ်၏နောက်ဆက်တွဲရလဒ်များအနေဖြင့် အရပ်သားပြည်သူများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ မတရားဖမ်းဆီးနှိပ်စက်ခံရခြင်း၊ စီးပွားရေးလုပ်ငန်းများ ထိခိုက်ခြင်း၊ ရှေးဟောင်းအမွေနှစ်များ ထိခိုက်ပျက်စီးခြင်း စသည်တို့အပြင် အင်တာနက်ဖြတ်တောက်ကာ သတင်းအမှောင်ချခြင်း၊ ပိုမိုဆိုးရွားသည်မှာ စာသင်ကျောင်းပေါ် လက်နက်ကြီးကျည်ကျ၍ ကျောင်းသား၊ ကျောင်းသူများ ထိခိုက်ဒဏ်ရာရခြင်းစသည့် မဖြစ်သင့်သည့် ကိစ္စရပ်များဖြစ်ပွားလျှက်ရှိကြောင်း” ဖော်ပြခဲ့သည်။

ထုတ်ပြန်ကြေညာချက်အဆုံးတွင် ကျောင်းသားသမဂ္ဂသုံးဖွဲ့က “ ရခိုင်ပြည်နှင့် ပလက်ဝဒေသတို့တွင် အင်တာနက်ဖြတ်တောက်ထားမှုများကို ချက်ချင်း ရပ် ဆိုင်းရန်၊ ခမွေချောင်းကျေးရွာ မူလွန်ကျောင်းပေါ် လက်နက်ကြီးကျည်ကျ ရောက်ပြီး ကျောင်းသား၊ ကျောင်းသူ (၂၁)ဦးထိခိုက်ဒဏ်ရာရသည့်အပေါ် ကျူး လွန်သူများမှ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဖြေရှင်းရန်၊ အလားတူအငြင်းပွားစရာဖြစ်ရပ်များတွင် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ပြည်တွင်း၊ ပြည်ပမီဒီယာများအား လွတ်လပ်စွာ သတင်းယူနိုင်ခွင့်ပြုရန်နှင့် လွတ်လပ်သော နိုင်ငံတကာစုံစမ်းစစ်ဆေးရေးကော်မရှင်များဖြင့် ဖွဲ့စည်းစစ်ဆေးရန်” အချက် သုံးချက်ကို တောင်းဆိုခဲ့ပါသည်။

ရခိုင်နှင့် ချင်းပြည်နယ်ရှိ မြို့နယ် ကိုးခုတွင် အင်တာနက်လိုင်းဖြတ်တောက်မှုနှင့် ပတ်သက်၍ ယင်းဒေသများတွင် စစ်ဘေးဒုက္ခသည်အရေး လုပ်ဆောင်နေကြသည့် ဒေသခံအဖွဲ့အစည်းများကလည်း ဖေဖော်ဝါရီ ၁၆ရက်စွဲဖြင့် သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ပြီး အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးရန် တောင်းဆိုခဲ့ကြသည်။

နောက်ထပ်သတိပြုစရာ ကောင်းသည့်ထုတ်ပြန်ချက်တခုမှာ ဖေဖော်ဝါရီ ၁၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ရှမ်းနီ နွယ်ဖွားလူငယ်များအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ချက်ဖြစ်ပါသည်။ ယင်းသဘောထားထုတ်ပြန်ချက်တွင် “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခရီးစဉ် လူထုတွေ့ဆုံပွဲ၌ လေရှီးမြို့ခံတဦးက ခန္တီးမြို့နှင့်ဟုမ္မလင်းမြို့အား နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ပြန်လည်ထည့်သွင်းပေးရေး တောင်းဆိုမှုနှင့် ပတ်သက်၍ များစွာ စိတ်မကောင်းဖြစ်မိကြောင်း” ဦးစွာဖော်ပြခဲ့သည်။

ယင်းနောက် “ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့သည် ရှေးနှစ်ပေါင်းများစွာကတည်းက ရှမ်းနီဧကရာဇ်စော်ဘွားများ အစဉ်အဆက်အုပ်ချုပ်ခဲ့ပြီး ဒေသအတွင်း ချင်းလူမျိုး၊ နာဂလူမျိုးနှင့် အခြားလူမျိုးတို့အား ညီနောင်မိတ်ဆွေရင်းချာကဲ့သို့ ဆက်ဆံပြီး လူမျိုးရေးပြဿနာများ တစုံတရာဖြစ်ပွားခဲ့ခြင်း မရှိကြောင်း၊ ယခုကဲ့သို့ နာဂလူမျိုးတို့၏ ပိုင်ဆိုင်လိုမှုအပေါ် တင်ပြတောင်းဆိုလာခြင်းသည် မလိုလားအပ်သော ဒေသတွင်းပဋိပက္ခကို ဖြစ်စေနိုင်ပြီး နာဂလူမျိုးတို့ပိုင်မဟုတ်သော သမိုင်းကြောင်းအရ ပတ်သက်မှုမရှိသော မတရားတောင်းဆိုတင်ပြမှုအား ပြင်းထန်စွာရှုတ်ချပြီး လုံးဝကန့်ကွက်ကြောင်း” ရှမ်းနီ နွယ်ဖွားလူငယ်များအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အလားတူ ကူကီး(ခေါင်ဆိုင်)စာပေနှင့် ယဉ်ကျေးမှုအသင်း(ဗဟို)ကလည်း ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့အား နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ပြန်လည် ထည့်သွင်းပေးရေးတောင်းဆိုမှု နှင့် ပတ်သက်၍ ကူကီးတိုင်းရင်းသားများအနေဖြင့် သဘောမတူကြောင်း ဖေဖော်ဝါရီ ၁၇ ရက်စွဲဖြင့် သဘောထားထုတ်ပြန်ခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့အား နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ထည့်သွင်းမည့်ကိစ္စမှာ မှားယွင်းကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြေရှင်းချက်ထုတ်ပြန်ခဲ့ပါသည်။

ကချင်အမျိုးသားအစည်းအရုံး(KNO)ကလည်း “ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့ရှိ Jaw Bum ဆုတောင်းတောင်တွင် ဝတ်ပြုဆုတောင်းပွဲပြုလုပ်ခဲ့သည့်အတွက် တပ်မတော်၏ ဖမ်းဆီးခြင်းခံထားရသည့် သိက္ခာတော်ရဆရာ Rev.Bima Dau Lum နှင့် ကချင်နှစ်ခြင်းခရစ်ယာန် လူငယ်တာဝန်ခံ ဆရာတူးထန်တို့ အမြန်ဆုံးလွတ်ပေးရန်”အတွက် အချက် ခြောက်ချက်ပါ သဘောထားထုတ်ပြန်ချက်ကို ဖေဖော်ဝါရီ ၁၅ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

 

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ တတိယပတ်တွင် ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။