တိုက်ပွဲဖြစ်ပွားမှုများ(ဖေဖော်ဝါရီ နောက်ဆုံးပတ်)

Post By Nyein Ko Ko Soe, On February 26, 2020

တိုက်ပွဲဖြစ်ပွားမှုများ(ဖေဖော်ဝါရီ နောက်ဆုံးပတ်)

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၉ ရက်မှ ဖေဖော်ဝါရီ ၂၅ ရက်အထိ (ဖေဖော်ဝါရီ နောက်ဆုံးပတ်) ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) မင်းပြား၊ ရသေ့တောင်၊ ကျောက်တော်၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ကရင်ပြည်နယ် ဖာပွန်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၂ ကြိမ်ထက် မနည်းရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး တပ်မတော်နှင့် ARSA တို့ အကြား ဖြစ်ပွားမှု၊ NCA လက်မှတ်ထိုးထားသည့် KNU နှင့် တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့မှုတို့လည်း ရှိခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ဖေဖော်ဝါရီနောက်ဆုံးပတ်အတွင်း ဖြစ်ခဲ့သည့် တိုက်ပွဲဖြစ်စဉ်များအနက် ဖေဖော်ဝါရီ ၁၉ ရက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ စီးနင်းလိုက်ပါလာသည့် တပ်မတော်ရဟတ်ယာဉ် စစ်တွေမြို့နှင့် ဘူးသီးတောင်အကြားတွင် AA အဖွဲ့၏ ပစ်ခတ်မှုခံခဲ့ရမှုမှာ သတိပြုစရာဖြစ်ခဲ့သည်။

ယင်းဖြစ်စဉ်အတွင်း ရဟတ်ယာဉ်ကို ကျည်ထိမှန်ခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ဘဲ AA အဖွဲ့က “ အရပ်သားများအနေဖြင့် တိုက်ပွဲများဖြစ်ပွားနေသောနေရာများတွင် တပ်မတော်၏ စစ်ဖက်ဆိုင်ရာယာဉ်များပေါ်သို့ လိုက်ပါ၍ ခရီးသွားလာခြင်းအား ရှောင်ကြဉ်ကြပါရန်” အသိပေးချက် ထုတ်ပြန်ခဲ့သည်။

အရပ်သားထိခိုက်ခဲ့သည့်ဖြစ်စဉ်များမှာ ကျောက်တော်မြို့နယ် လောင်းရှည်ကျေးရွာနှင့် ကျောက်တော်မြို့ပေါ်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှု များ ဖြစ်ပွားခဲ့ပြီး အရပ်သားလေးဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါသည်။

ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းက ကျောက်တော်မြို့နယ် ကုလားတန်မြစ် အရှေ့ဘက်ခြမ်း တင်းမရွာအနီး ငန်းတောင်တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြစ်အနောက်ဘက်ခြမ်းရှိ လောင်းရှည်ကျေးရွာမှ အမျိုးသမီးတဦး လက်နက်ငယ်ကျည်ဆံ ထိမှန်ခဲ့သည်။

ကျောက်တော်မြို့နယ် ကုလားတန်မြစ် အရှေ့ဘက်ခြမ်း တင်းမရွာအနီး တောင်တန်းများတွင် ဖေဖော်ဝါရီပထမပတ်မှ စ၍ တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများ နေ့စဉ်လိုလို ဖြစ်ပွားနေပြီး အနီးရှိ ကျေးရွာများမှ ဒေသခံ ရာနှင့်ချီ၍ နေရပ်စွန့်ခွာတိမ်းရှောင်နေရပါသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၂ ရက် ညပိုင်းကလည်း ကျောက်တော်မြို့ပေါ် ပိုက်သည်ရပ်ကွက်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ အမျိုးသမီး နှစ်ဦးနှင့် လူငယ်တဦး ထိခိုက်ဒဏ်ရာရခဲ့ပါသည်။ ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ်ပိုင်းက ကျောက်တော်မြို့ပေါ်တွင် တပ်မတော်အရာရှိတဦး သတ်ဖြတ်ခံရပြီးနောက် မြို့နေရာအနှံ့အပြားတွင် တပ်မတော်မှ လုံခြုံရေး ယူထားခဲ့ပြီး လက်နက်ကြီး ကျရောက်ခဲ့သည့်နေ့က တိုက်ပွဲဖြစ်ပွားမှုမရှိကြောင်း ဒေသခံများက ပြောကြားခဲ့သည်။

မင်းပြားမြို့နယ်အတွင်း တပ်မတော်နှင့် AA အဖွဲ့အကြား ဖေဖော်ဝါရီ ၂၂ ရက်က ဖားပြိုကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုနှင့် ဖေဖော်ဝါရီ ၂၅ ရက်က ရာမောင်တံတားအနီးတွင် ဖြစ်ပွားမှုတို့မှာ ပြင်းထန်ခဲ့ပြီး တပ်မတော်မှ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

ထူးခြားတိုက်ပွဲဖြစ်စဉ်အဖြစ် ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက မောင်တောမြို့နယ် မီးတိုက်ကျေးရွာအနီးတွင် နယ်ခြားစောင့်တပ်နှင့် ARSA အဖွဲ့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ တပ်မတော်နှင့် ARSA အဖွဲ့တို့မှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က မောင်တောမြို့နယ် ခမောင်းဆိပ်ရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများ ရက်ဆက်ပြင်းထန်ခဲ့ပြီး ကားလမ်း၊ ရေလမ်းခရီးများ ပြတ်တောက်သွား၍ ပလက်ဝမြို့အတွင်း စားနပ်ရိက္ခာ ရှားပါးနေပါသည်။

ပလက်ဝမြို့နယ် မီးချောင်းတံတားအနီးရှိ တပ်မတော်၏ ဗျူဟာစခန်းကုန်းကို AA အဖွဲ့က ဖေဖော်ဝါရီလဆန်းမှစ၍ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် တိုက်ပွဲများ ရက်ဆက်ပြင်းထန်ခဲ့သည်။ ယင်းတိုက်ပွဲများမှာ ဖေဖော်ဝါရီ နောက်ဆုံးပတ်အထိ ဆက်လက်ဖြစ်ပွားနေပြီး တပ်မတော်မှ ရဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ရကြောင်း သိရပါသည်။

ထို့ပြင် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်လာ၍ သွားလာမှုပိတ်ထားသည့်အတွက် တိုက်ပွဲဧရိယာနှင့် နီးကပ်စွာရှိနေသည့် နေရာများမှ စာသင် ကျောင်းအချို့ကို ပိတ်ထားရပါသည်။

တပ်မတော်နှင့် KNU တို့ တိုက်ပွဲဖြစ်ပွားမှု

ဖေဖော်ဝါရီ နောက်ဆုံးပတ်ကာလအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများအနက် သတိပြုစရာတိုက်ပွဲဖြစ်ပွားမှုမှာ ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင် တပ်မတော်နှင့် KNU တပ်မဟာ(၅)အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။

လမ်းဖောက်လုပ်ရေးကိစ္စနှင့် ပတ်သက်၍ တင်းမာမှုများ ရှိနေသည့် တပ်မတော်နှင့် KNU အဖွဲ့အကြား ဖေဖော်ဝါရီ ၁၉ ရက်က နေပြည်တော်တွင် တပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၂ ရက်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း နှစ်ဖက်တာဝန်ရှိသူများက အတည်ပြုခဲ့ကြပါသည်။ တပ်မတော်နှင့် KNU အဖွဲ့ အကြား ဇန်နဝါရီအစပိုင်းက ထိတွေ့တိုက်ပွဲအချို့ ဖြစ်ပေါ်ခဲ့သလို ဇန်နဝါရီ ၂၇ ရက်ကလည်း ဖာပွန်မြို့နယ်အတွင်း မိုင်းပေါက်ကွဲမှုကြောင့် တပ်မတော်မှ တပ်ရင်းမှူးတဦး ကျဆုံးခဲ့သည်။

 

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။