တိုက်ပွဲဖြစ်ပွားမှုများ (စက်တင်ဘာ တတိယပတ်)

Post By Nyein Ko Ko Soe, On September 23, 2020

တိုက်ပွဲဖြစ်ပွားမှုများ (စက်တင်ဘာ တတိယပတ်)

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ (စက်တင်ဘာ တတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် တိုက်ပွဲ သုံးကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး ချင်းပြည်နယ် ပလက်၀မြို့နယ်နှင့် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တို့တွင် မိုင်းပေါက်ကွဲမှု၊ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတို့ကြောင့် အရပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခံထားရသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့အကြား ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်များမှ ဒေသခံရာနှင့် ချီ၍ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသည်။ ချင်းပြည်နယ် ပလက်၀မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့သော်လည်း အမျိုးသမီးတဦး မိုင်းနင်းမိ၍ သေဆုံးခဲ့ရသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ယခုရက်သတ္တပတ်အတွင်း တပ်မတော်နှင့် ULA/AA အဖွဲ့အကြား ရခိုင်ပြည်နယ် (မြောက်ပိုင်း)တွင် တိုက်ပွဲ ဖြစ်ပွားမှုများ ဖြစ်ပေါ်ခဲ့ပြီး ရသေ့တောင်မြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့၍ အရပ်သား ထိခိုက်ဒဏ်ရာရသည့် ဖြစ်စဉ်လည်း ရှိခဲ့ပါသည်။

အရပ်သားထိခိုက်သေဆုံးခဲ့သည့်ဖြစ်စဉ်မှာ စက်တင်ဘာ ၁၇ ရက်နံနက်ပိုင်းက ရသေ့တောင်မြို့နယ် ရွှေလောင်းတင်ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့၍ ရွာသား တဦး သေဆုံး၊ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုဖြစ်ကြောင်း ဧရာ၀တီသတင်းဌာန၏ ဖော်ပြမှုအရ သိရပါသည်။ ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ချိန်၌ တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ဘဲ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ရွှေလောင်းတင်ကျေးရွာမှာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားမှုကို ဧရာ၀တီသတင်းတွင် ဖော်ပြထားပါသည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် မေယုမြစ်အတွင်း တပ်မတော်စစ်ရေယာဉ်များကို AA အဖွဲ့က ရွှေလောင်းတင်ကျေးရွာအနီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တပ်မတော်က စက်တင်ဘာ ၁၈ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်ဟု 7 Day Daily သတင်းစာက သတင်းဖော်ပြခဲ့သည်။

တပ်မတော်၏ ထုတ်ပြန်မှုတွင် အရပ်သား ထိခိုက်သေဆုံးမှု မပါဝင်ခဲ့သော်လည်း AA အဖွဲ့အနေဖြင့် တပ်မတော်စစ်ရေယာဉ်များကို ကျေးရွာများ အကာအကွယ်ပြု၍ မကြာခဏ နှောင့်ယှက်ပစ်ခတ်လေ့ရှိပြီး သုံးလကျော်ကာလအတွင်း မေယုမြစ်အတွင်း နှောင့် ယှက်ပစ်ခတ်မှု ၁၄ ကြိမ်ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားကြောင်း အဆိုပါ 7 Day သတင်းတွင် ပါရှိခဲ့ပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုမြင့်မားနေခြင်းကြောင့် ရခိုင်ပြည်နယ်တခုလုံးကို Stay at Home ကြေညာထားသော်လည်း တိုက်ပွဲများကြောင့် ဒေသခံရာနှင့်ချီ၍ ထွက်ပြေးတိမ်းရှောင်မှုများ ဆက်လက်ဖြစ်ပေါ်နေပါသည်။

ထိုကဲ့သို့ တပ်မတော်နှင့် AA အဖွဲ့အကြား စစ်ရေးတင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ရသေ့တောင်နှင့် ကျောက်တော်မြို့နယ်တို့ရှိ ကျေးရွာအချို့မှ ဒေသခံရွာသား ရာနှင့်ချီ  နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ပြောကြားမှုကို ကိုးကား၍ BBC သတင်းဌာနက စက်တင်ဘာ ၂၀ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ရသေ့တောင်မြို့နယ်မှ ကျေးရွာသုံးရွာနှင့် ကျောက်တော်မြို့နယ်မှ ကျေးရွာ လေးရွာတို့မှ ဒေသခံများမှာ စက်တင်ဘာ တတိယအပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ခိုက်ပစ်ခတ်မှုများကြောင့် နေရပ်ရွာများကို စွန့်ခွာထွက်ပြေးလာခဲ့ကြကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက BBC ကို ပြောကြားခဲ့ကြောင်း သိရပါသည်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ပလက်၀ဒေသတွင်လည်း ယခုရက်သတ္တပတ်အတွင်း တိုက်ပွဲ ဖြစ်ပွားမှု မရှိခဲ့သော်လည်း မိုင်းနင်းမိ၍ အရပ်သား သေဆုံးမှု ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပါသည်။

စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းက ပလက်ဝမြို့ပေါ်မှ အမျိုးသမီးသုံးဦးမှာ ပလက်ဝမြို့အရှေ့ဘက် ကုလားတန်မြစ်တဖက်ကမ်းရှိ တောင်တန်းကို မျှစ်သွားခူးရာ မြေမြှုပ်မိုင်းနင်းမိခဲ့၍ တဦး သေဆုံးခဲ့ကြောင်း BBC သတင်းဌာန၏ ဖော်ပြချက်အရ သိရပါသည်။ မိုင်းပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာမှာ အသွား အလာ ကန့်သတ်ထားမှု မရှိဘဲ ယခင်က တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ဖူးကြောင်း ဒေသခံများက ပြောကြားသည်ဟု အဆိုပါသတင်းတွင် ပါရှိခဲ့ပါသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်က သတင်းထုတ်ပြန်ရာတွင် သွားလာမှုကန့်သတ်ထားသည့် တားမြစ်နယ်မြေတွင် မျှစ်သွားရှာသည့် အမျိုးသမီးတဦး မိုင်းနင်းမိကြောင်း ဖော်ပြထားပါသည်။

 

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ တတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။