ထုတ်ပြန်ကြေညာချက်များ(ဖေဖော်ဝါရီ ဒုတိယပတ်)

Post By Pan Su Wai, On February 11, 2020

ထုတ်ပြန်ကြေညာချက်များ(ဖေဖော်ဝါရီ ဒုတိယပတ်)

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၄ ရက်မှ ဖေဖော်ဝါရီ ၁၀ ရက်အထိ (ဖေဖော်ဝါရီ ဒုတိယပတ်)ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၂ ခု ထက်မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ခြောက်ခုထိ ထွက်ရှိခဲ့ပြီး အစိုးရအဖွဲ့မှ သုံးခု၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရခိုင်အမျိုးသားအဆင့်မူဝါဒရေးရာ ညှိနှိုင်းရေးဆွဲရေးအဖွဲ့နှင့် ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့တို့မှ တခုစီထုတ်ပြန်ခဲ့ကြပါသည်။

ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း ထုတ်ပြန်ချက်များအနက် ကရင်အမျိုးသားအစည်းအရုံး(KNU) ဆောထိမြို့နယ်/ တပ်ရင်း(၇)က ဖေဖော်ဝါရီ ၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် “NCA ဆွေးနွေးပွဲပြုလုပ်ခြင်းကို တပ်မတော်ဘက်မှ မတရားကန့်ကွက်သည့်အပေါ် သဘောထားထုတ်ပြန်ချက်”မှာ သတိပြုစရာဖြစ်ခဲ့သည်။ယင်းထုတ်ပြန်ချက်၌ “KNU ဆောထိမြို့နယ်/ တပ်ရင်း(၇)သည် ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိ ငြိမ်းချမ်းရေးဆိုင်ရာအခြေအနေအပေါ် ဒေသခံပြည်သူများ သိရှိနားလည်စေရန် NCA ဆိုင်ရာကိစ္စရပ်များကို ကျေးရွာ၊ ဒိုင်နယ်အတွင်း ကွင်းဆင်း၍ ရှင်းလင်းချပြလျက်ရှိရာ ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းတွင် ခမရ (၁၂၄) တပ်ရင်းမှ ဗိုလ်မှူးဖြစ်သူဦးဆောင်သည့် အင်အားငါးဦးမှ လက်နက်အပြည့်စုံဖြင့် လာရောက်တားမြစ်ပိတ်ပင်ခဲ့ကြောင်း” ဦးစွာဖော်ပြခဲ့သည်။

ယင်းနောက် “တပ်မတော်မှ ငြိမ်းချမ်းရေးကို မလိုလားသည့် ပုံသဏ္ဍာန်ဖြင့် NCA ဆိုင်ရာဆွေးနွေးပွဲအား တားမြစ်နေခြင်းသည် နှစ်ဖက်ခေါင်းဆောင်များမှ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁၀ရက်က ပဲခူးမြို့၊ ရွှေဝါထွန်းဟိုတယ်တွင် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲမှ ရရှိလာသည့် သဘောတူညီချက်များနှင့် NCA စာချုပ်ပါ အချက်များအပေါ် လိုက်နာဆောင်ရွက်မှုမရှိသည့်အပြင် ငြိမ်းချမ်းရေးကို မလိုလားသည့်သဏ္ဍာန်ဆောင်နေကြောင်း” ဆက်လက်ဖော်ပြခဲ့သည်။

သဘောထားထုတ်ပြန်ချက်နောက်ဆုံးတွင် “ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် နောက်နောင်တွင်လည်း ငြိမ်းချမ်းရေးကို မလိုလားအပ်သည့်သဏ္ဍာန်ဖြင့် ပြည်သူလူထုကို ချပြသည့် NCA ဆိုင်ရာဆွေးနွေးပွဲများအား တားမြစ်ပိတ်ပင်ခြင်းလုပ်ငန်းများ မလုပ် ဆောင်ရန်၊ ယခုကဲ့သို့ KNU အဖွဲ့အစည်းမှ NCA ဆွေးနွေးပွဲလုပ်ဆောင်ခြင်းအပေါ် တပ်မတော်မှ ကန့်ကွက်ခြင်းအား ရှုတ်ချကြောင်း” ဖော်ပြထားပါသည်။

နောက်ထပ်အာရုံစိုက်စရာဖြစ်ခဲ့သည့် သတင်းထုတ်ပြန်ချက်မှာ ရခိုင်အမျိုးသားအဆင့်မူဝါဒရေးရာ ညှိနှိုင်းရေးဆွဲရေးအဖွဲ့ (ANPCC)၏ ဖေဖော်ဝါရီ ၄ ရက်စွဲဖြင့် ထုတ်ပြန်ချက်ဖြစ်ပါသည်။ အချက် လေးချက်ပါဝင်သည့် ANPCC ၏ ထုတ်ပြန်ချက်တွင် “ ဖေဖော်ဝါရီလ (၁)ရက်မှ (၄)ရက်အထိ ထိုင်း-မြန်မာ နယ်စပ်တွင် ပြုလုပ်ခဲ့သည့် ရခိုင်အမျိုးသားအဆင့်မူဝါဒရေးရာ ပြန်လည်သုံးသပ်ရေးနှင့် ညှိနှိုင်းပေါင်းစပ်ရေးအလုပ်ရုံဆွေးနွေးပွဲမှ ရခိုင်တော်လှန်ရေးပါတီ၊ နိုင်ငံရေး ပါတီနှင့် အဖွဲ့အစည်းများကြား ညှိနှိုင်းရေးဆွဲထားသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖွဲ့စည်းပုံတွင် ပါဝင်သည့် အခြေခံမူများ၊ လူမှုရေး၊ စီးပွားရေး၊ မြေယာနှင့် သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ အခြေခံမူများ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ အခြေခံမူများကို ဒီမိုကရေစီနည်းလမ်းကျ ပြင်ဆင်မွမ်းမံအတည်ပြုခဲ့ကြောင်း” ဦးစွာ ဖော်ပြခဲ့သည်။

ယင်းနောက် “၂၀၁၈ နှစ်ကုန်ပိုင်းမှ စတင်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် လူမှုစီးပွားဘဝများ ပျက်စီးကာ အထွေထွေအကြပ်အတည်းတရပ်သို့ ဦးတည်နေသည့်အတွက် စစ်၏အနိဋ္ဌာရုံများ လျော့ပါးပျောက်ကွယ်သွားရန်နှင့် ဒေသတည်ငြိမ်အေးချမ်းစေရန် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် လက်တွေ့ကျကျ အမြန်ဆုံးအဖြေရှာကြပါရန် သက်ဆိုင်ရာအင်အားစုအားလုံးကို အလေးအနက်တိုက်တွန်းပါကြောင်း”နှင့် “တိုင်းရင်းသားများ၏ အမျိုး သားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အား အာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မှသာ နှစ်ပေါင်း(၇၀) ကြာရှည်ခဲ့ပြီးဖြစ်သော ပြည်တွင်းစစ်ကို ချုပ်ငြိမ်းစေနိုင်မည်ဟု ယုံကြည်သည့်အတွက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖွဲ့စည်းပုံနှင့် ပြည်ထောင်ဖွဲ့စည်းပုံ အခြေခံဥပဒေများအား ရေးဆွဲခြင်းဖြစ်စဉ်ကို အမြန်ဆုံးစတင်ရန် လိုအပ်နေပြီဖြစ်ကြောင်း” ANPCC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုများနှင့် ပတ်သက်၍လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဖေဖော်ဝါရီ ၁၀ ရက်က သတင်းထုတ်ပြန်ချက် သုံးခုအထိ ထုတ်ပြန်ခဲ့ပါသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် “တပ်မတော်စစ်ကြောင်းများ သည် ဘူးသီးတောင်မြို့နယ် သိန်းတန်ကျေးရွာပြည်သူများအား ဖမ်းဆီးခေါ်ဆောင်သွားသော AA တပ်ဖွဲ့ဝင်များနှင့် မေယုမြစ်အရှေ့ဘက်ကမ်းရှိ အောင်ဇေယျ ကျေးရွာအနီးတွင် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အလောင်း၊ လက်နက်အချို့ သိမ်းဆည်းရမိခဲ့ကြောင်း” ဦးစွာဖော်ပြခဲ့သည်။

ယင်းနောက် “တပ်မတော်စစ်ကြောင်းများသည် ဆုတ်ခွာသွားသည့် AA တပ်ဖွဲ့ဝင်များနှင့် စိုင်ဒင်ချောင်း၏ အရှေ့ဘက်ကွမ်းတောင်ကျေးရွာနှင့် စပါးထားကျေးရွာကြားတွင် ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းမှ စတင်၍ နေရာ ၃ နေရာ၌ ထိတွေ့မှုများ ထပ်မံဖြစ်ပွားခဲ့ရာ AA အဖွဲ့ထံမှ အလောင်း၊ လက်နက်အချို့ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်းနှင့် ကွမ်းတောင်ရွာ၏ မြောက်ဘက်ဥယျာဉ်တာကျေးရွာအနီးတောင်ကုန်းများသို့ AA တပ်ဖွဲ့ဝင်များ ထပ်မံရောက်ရှိလာသဖြင့် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ထိရောက်စွာ ဟန်ချက်ညီ ပစ်ခတ်ချေမှုန်းလျက် ရှိကြောင်း” တပ်မတော်၏ သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ထို့ပြင် “ ရသေ့တောင်မြို့နယ်၊ ရက်ခုံတိုင်ကျေးရွာအတွင်းရှိ နေအိမ်များအား AA အဖွဲ့များက မီးရှို့ဖျက်ဆီး”ဟု ခေါင်းစဉ်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံး၏ သတင်းထုတ်ပြန်မှုတွင်လည်း “ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းသည် ဖေဖော်ဝါရီ ၉ ရက်တွင် ရက်ခုံတိုင်ကျေးရွာ(ဒေသအခေါ် တံခွန်တိုင်)သို့ ရောက်ရှိစဉ် လူနေထိုင်ခြင်းမရှိသည့် နေအိမ် ၈၀ လုံးနှင့် ၎င်းတို့အနက်မှ မီးရှို့ခံထားရသည့် နေအိမ် ၁၀ လုံးအား တွေ့ရှိရပြီး ဦးခေါင်းလက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေသော AA အလောင်း ၁ လောင်းအား စစ်ဆေးတွေ့ရှိကြောင်း” ဖော်ပြခဲ့သည်။

ယင်းနောက် “AA အဖွဲ့များအနေဖြင့် တပ်မတော်စစ်ကြောင်းများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားစဉ် ထွက်ပြေးရာ လမ်းတစ်လျှောက် ကျေးရွာများရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးကာ တပ်မတော်မှ ပြုလုပ်သည့်သဘော ထင်ယောင်ထင်မှားဖြစ်စေရန်ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း” တပ်မတော်၏ သတင်းထုတ်ပြန်မှု တွင် ဖော်ပြခဲ့သည်။

နိုင်ငံတော်သမ္မတရုံးမှ ဖေဖော်ဝါရီ ၄ ရက်စွဲဖြင့် “ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေအား မူလစစ်ဘက်တာဝန်ဝတ္တရားများ ပြန်လည်ထမ်းဆောင်စေခြင်း” ထုတ်ပြန်ချက်၊ “ နိုင်ငံတော်အတိုင်ပင်ခံရုံးနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနများတွင် ဒုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း” ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ပြီး “ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်အား ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်း” ထုတ်ပြန်ချက်ကိုလည်း ဖော်ဖော်ဝါရီ ၁၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ဒုတိယပတ်တွင် ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။