ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (အောက်တိုဘာ နောက်ဆုံးပတ်)

Post By Nyein Ko Ko Soe, On October 30, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (အောက်တိုဘာ နောက်ဆုံးပတ်)

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၃ ရက်မှ ၂၉ ရက်အထိ (အောက်တိုဘာ နောက်ဆုံးပတ်) ကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့မှာ NCA စာချုပ်ပါ ပြဋ္ဌာန်းချက်များအား ဖောက်ဖျက်ကြောင်း တပ်မတော်က စွပ်စွဲပြောကြားခဲ့သည့်သတင်းများက ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လွှမ်းမိုးနေပါသည်။

ထို့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ ရပ်ဆိုင်းနေသော်လည်း အလွတ်သဘောညှိနှိုင်းမှုများ ရှိကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ခြင်း၊ KIO/KIA အဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း နှစ် (၆၀) ပြည့် အခမ်းအနားကို လိုင်ဇာ၌ ကျင်းပခဲ့ခြင်းစသည့်သတင်းများလည်း ရှိခဲ့ပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

တောင်ကုတ်မြို့နယ် NLD ပါတီ ကိုယ်စားလှယ်လောင်း သုံးဦးကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရသော ULA/AA အဖွဲ့က ဖမ်းဆီးသွားခဲ့ခြင်းနှင့် ပတ်သက်၍ အစိုးရနှင့် တပ်မတော်တို့၏ ပြောကြားခဲ့မှုများကို 7 Day Daily သတင်းစာက သတင်းဖော်ပြခဲ့ပါသည်။

အောက်တိုဘာ ၂၄ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြမှုအရ ဒီမိုကရေစီစနစ်သို့ တဆင့်ချင်းစီ သွားရောက်နေချိန်တွင် ရွေးကောက်ပွဲလမ်းကြောင်းပျက်ပြားအောင် AA အဖွဲ့အနေဖြင့် မလုပ်ဆောင်သင့်ဟု ယူဆကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အောက်တိုဘာ ၂၃ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု သိရပါသည်။

ထို့အပြင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း AA အဖွဲ့အနေဖြင့် ပြည်ထောင်စုပြိုခွဲခြင်းနှင့် တိုင်းရင်းသားစည်လုံးညီညွတ်မှု ပြိုကွဲစေမည့်လုပ်ရပ်များ ရှောင်ရှားရန်နှင့် ၎င်းတို့၏မူဝါဒများကို ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း အောက်တိုဘာ ၂၄ ရက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု 7 Day Daily သတင်းစာကပင် သတင်းဖော်ပြခဲ့ပါသည်။

အခြားသတင်းတပုဒ်မှာ KIO/KIA အဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း နှစ် (၆၀) ပြည့် အခမ်းအနားကို အောက်တိုဘာ ၂၅ ရက်က ဌာနချုပ်လိုင်ဇာ၌ ကျင်းပခဲ့ရာ အဖွဲ့၏တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း 7 Day Daily သတင်းစာက အောက်တိုဘာ ၂၇ ရက်တွင် ဖော်ပြခဲ့သော သတင်း ဖြစ်ပါသည်။

KIO ဖွဲ့စည်းတည်ထောင်ခြင်း နှစ် (၆၀) ပြည့် အခမ်းအနားကို ယခင်နှစ်များက ပြည်သူများပါ ပါဝင်သည့် အခမ်းအနားပုံစံ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ကာလဖြစ်၍ လူဦးရေ ကန့်သတ်လုပ်ဆောင်ခဲ့ကြောင်းနှင့် အခမ်းအနားတွင် အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ မိန့်ခွန်းကို ဖတ်ကြားခဲ့ကြောင်း KIO သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက 7 Day ကို ပြောကြားခဲ့သည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

ယခုရက်သတ္တပတ်အတွင်း NCA လက်မှတ်ထိုးထားသည့်အဖွဲ့များနှင့် ပတ်သက်သော သတင်းများတွင် ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့မှာ NCA စာချုပ်ပါ ပြဋ္ဌာန်းချက်များအား ဖောက်ဖျက်ကြောင်း တပ်မတော်က စွပ်စွဲခဲ့သည့် သတင်းများမှာ အများဆုံး ဖြစ်ခဲ့ပါသည်။

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်တွင် တပ်မတော်အရာရှိနှစ်ဦးကို RCSS/SSA အဖွဲ့က ဖမ်းဆီးနှိပ်စက်ခဲ့ခြင်း နှင့် နယ်မြေကျော်လွန်၍ လက်နက်ကိုင်လှုပ်ရှားဆောင်ရွက်ခြင်းများမှာ NCA စာချုပ်ပါ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကို ချိုးဖောက်ကြောင်း တွေ့ရှိရ၍ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီသို့ အကြောင်းကြား ကန့်ကွက်သွားမည်ဟု တပ်မတော်၏ ထုတ်ပြန်မှုကို မြန်မာတိုင်းမ်သတင်းဌာနက အောက်တိုဘာ ၂၄ ရက် တွင် သတင်းဖော်ပြခဲ့ပါသည်။

တပ်မတော်၏ ထုတ်ပြန်မှုနှင့် ပတ်သက်၍ RCSS/SSA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ငြင်းဆန်ခဲ့ပြီး နှစ်ပတ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့သော တပ်မတော်အရာရှိနှစ်ဦးကို နှိပ်စက်ညှဉ်းပန်းခဲ့ခြင်းမရှိဟု မြန်မာတိုင်းမ်သို့ ပြောကြားခဲ့ကြောင်း သိရပါသည်။

အလားတူ 7 Day Daily သတင်းစာကလည်း KNU က ကရင်ပြည်နယ် ဖာပွန်မြို့နယ် မထောကျေးရွာရှိ မူလတန်းကျောင်း ကျောင်းအုပ်တဦးအား ဖမ်းဆီးခဲ့ပြီး KNU ၌ စစ်သားပြုလုပ်ရန် သားဖြစ်သူနှင့် လဲလှယ်ရေး ဆောင်ရွက်ခဲ့သည့် လုပ်ရပ်မှာ NCA စာချုပ်ပါ ပြဋ္ဌာန်းချက်များအား ဖောက်ဖျက်ခြင်းဖြစ်ကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)သို့ အကြောင်းကြားထားကြောင်း တပ်မတော်က အောက်တိုဘာ ၂၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်ဟု ဖော်ပြခဲ့ပါသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ KNU အဖွဲ့အတွင်း တပ်သားအင်အားလိုအပ်မှုကြောင့် မူလတန်းကျောင်းအုပ်ကို ဖမ်းဆီးရခြင်းဖြစ်ကြောင်း KNU ၏ ဖာပွန်ခရိုင်အတွင်းရေးမှူး ပဒိုစောရော်ဘင်မူးက မြန်မာတိုင်းမ်ကို အတည်ပြုခဲ့ပါသည်။

နောက်ထပ်သတင်းတပုဒ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ ရပ်ဆိုင်းနေသော်လည်း NCA လက်မှတ် ထိုးအဖွဲ့များ၊ NCA မထိုးရသေးသည့် အဖွဲ့များနှင့် အလွတ်သဘော ညှိနှိုင်းမှုများရှိကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့မှုကို 7 Day Daily သတင်းစာ က အောက်တိုဘာ ၂၅ ရက်တွင် သတင်းဖော်ပြခဲ့ခြင်းဖြစ်ပါသည်။

နေပြည်တော်၌ အောက်တိုဘာ ၂၃ ရက်က ကျင်းပခဲ့သည့် သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံရလဒ်နှင့် ၂၀၂၀ အလွန်တွင် ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ အစိုးရ အဆက်ဆက်လက်ထက် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဆောင်ရွက်မှု အကျဉ်းချုပ်တို့ကို ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါသတင်းတွင် ပါရှိခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ နောက်ဆုံးပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။