ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (နိုဝင်ဘာ နောက်ဆုံးပတ်)

Post By Nyein Ko Ko Soe, On December 4, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (နိုဝင်ဘာ နောက်ဆုံးပတ်)

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ (နိုဝင်ဘာ နောက်ဆုံးပတ်) ကာလအတွင်း တပ်မတော်နှင့် ULA/AA အဖွဲ့တို့ အွန်လိုင်းမှ တဆင့် ဆွေးနွေးခဲ့မှုနှင့် ဆက်စပ်သည့်သတင်းများက ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လွှမ်းမိုးနေပါသည်။

ထို့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်ရေးအတွက် အစိုးရနှင့် တပ်မတော်ကိုယ်စားလှယ်များ တွေ့ဆုံညှိနှိုင်းခဲ့ခြင်း၊ ဖာပွန်ဒေသရှိ တပ်မတော်စခန်းများကို ယခုနှစ်အကုန်တွင် အပြီးရုပ်သိမ်းပေးရန် KNU ၏ လက်အောက်ခံလက်နက်ကိုင်တပ်ဖွဲ့ KNLA က တောင်းဆိုခဲ့ခြင်းစသည့်သတင်းများလည်း ရှိခဲ့ပါသည်။

 

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

ယခုရက်သတ္တပတ်အတွင်း တပ်မတော်နှင့် ULA/AA အဖွဲ့တို့ အွန်လိုင်းမှတဆင့် ဆွေးနွေးခဲ့မှုနှင့်ဆက်စပ်သည့်သတင်းများကို 7 Day Daily ၊ မြန်မာတိုင်းမ်နှင့် RFA သတင်းဌာနများက ဖော်ပြခဲ့ကြသည်။

တပ်မတော်နှင့် ULA/AA အဖွဲ့တို့၏ နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်များ နိုဝင်ဘာ ၂၅ ရက်တွင် အွန်လိုင်းက တဆင့် အချိန်နာရီဝက်ကြာ ဆွေးနွေးခဲ့ကြောင်း AA အဖွဲ့က ဒီဇင်ဘာ ၂ ရက် ညနေပိုင်းက သတင်းထုတ်ပြန်ခဲ့သည်ဟု RFA သတင်းဌာနက သတင်းဖော်ပြခဲ့ပါသည်။

တပ်မတော်က ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးဆွေးနွေးမည့် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ၎င်းတို့အဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်များ စကားပြောခဲ့ကြပြီး အချက် သုံးချက် ဆွေးနွေးခဲ့ကြောင်း AA အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက RFA ကို ပြောကြားခဲ့သည်။

ထို့အပြင် နိုဝင်ဘာ ၂၉ ရက်ထုတ် 7 Day Daily သတင်းစာ၏ ဖော်ပြမှုအရ TNLA အဖွဲ့ကလည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှု တွေ့ဆုံဆွေးနွေးပွဲများ မလုပ်နိုင်သေးမီ တိုက်ပွဲများ မဖြစ်ရေးနှင့် စစ်ရေးတည်ငြိမ်မှုဆက်ရှိရေး အပြန်အလှန် ဆက်သွယ်ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။

လတ်တလောတိုက်ပွဲမဖြစ်ခြင်းသည် မြေပြင်၌ စိတ်ချရသည့်အခြေအနေ မဟုတ်ကြောင်း၊ ဆွေးနွေးပွဲများ ပြုလုပ်ပြီး အပစ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးနိုင်မှ ပိုမိုခိုင်မာမည်ဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောကြားခဲ့ကြောင်း 7 Day သတင်းတွင် ပါရှိပါသည်။

နောက်ထပ်သတင်းတပုဒ်မှာ KIA အဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဌာနချုပ်ကို တိုက်ခိုက်မည် မဟုတ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အသိပေးခဲ့ကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆန်ဆွန်၏ ပြောကြားခဲ့မှုကို ဒီဇင်ဘာ ၂ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြခဲ့သော သတင်းဖြစ်ပါသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါက်တာခလမ်ဆန်ဆွန်တို့သည် ဒီဇင်ဘာ ၁ ရက်တွင် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌ တွေ့ဆုံ၍ ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြကြောင်း 7 Day သတင်းတွင် ဖော်ပြထားပါသည်။

 

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

မြန်မာတိုင်းမ်သတင်းဌာန၏ ဒီဇင်ဘာ ၃ ရက်တွင် ဖော်ပြမှုအရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးအတွက် အစိုးရနှင့် တပ်မတော်ကိုယ်စားလှယ်များသည် နေပြည်တော် NRPC ၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

ထိုအစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းမည့် အစီအစဉ်များ၊ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရှေ့ဆက်ရေး အစီအစဉ်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း မြန်မာတိုင်းမ်သတင်းတွင် ဖော်ပြထားပါသည်။

ရွေးကောက်ပွဲနောက်ပိုင်းတွင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပိုပြီးမြန်လာမည့်အနေအထားရှိကြောင်း ထိုဆွေးနွေးပွဲတွင် ပါဝင်ခဲ့သော ငြိမ်းချမ်းရေးကော်မရှင်အကြံပေး ဦးလှမောင်ရွှေက မြန်မာတိုင်းမ်ကို ပြောကြားခဲ့သည်။

အခြားသတင်းတပုဒ်မှာ ဖာပွန်ဒေသရှိ တပ်မတော်စခန်းများကို ယခုနှစ်အကုန်တွင် အပြီးအပိုင် ရုပ်သိမ်း ပေးရန် တောင်းဆိုကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၏ လက်အောက်ခံလက်နက်ကိုင်တပ်ဖွဲ့ KNLA က ဒီဇင်ဘာ ၁ ရက်တွင် သဘောထားထုတ်ပြန်ခဲ့ခြင်းကို ဖော်ပြခဲ့သော 7 Day Daily သတင်းစာ၏ သတင်းဖြစ်ပါသည်။

KNLA အနေဖြင့် KNU ၏ ဦးဆောင်မှုဖြင့် စစ်မှန်သည့်ပြည်ထောင်စုပေါ်ထွန်းရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအစိုးရနှင့် အသစ်ဖွဲ့စည်းမည့် အစိုးရတို့အနေဖြင့် KNLA က တောင်းဆိုသည့်တပ်မတော်စခန်းများ ရုပ်သိမ်းပေးရန် အပါအဝင် တောင်းဆိုချက်များကို အမြန်ဆုံးစဉ်းစားဆောင်ရွက်ရန် တိုက်တွန်းထားကြောင်းလည်း 7 Day သတင်းတွင် ဖော်ပြထားပါသည်။

KNU စစ်ဘက် KNLA ၏ ယခုသဘောထားထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ KNU အုပ်ချုပ်ရေးပိုင်းသို့ အသိပေးအကြောင်းကြားထားသည်ဟု KNLA တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ် မန်းရှာထုဝေါင်းက 7 Day ကို ပြောကြားခဲ့သည်။

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ နောက်ဆုံးပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။