ထုတ်ပြန်ကြေညာချက်များ (ဖေဖော်ဝါရီ နောက်ဆုံးပတ်)

Post By Pan Su Wai, On March 3, 2020

ထုတ်ပြန်ကြေညာချက်များ (ဖေဖော်ဝါရီ နောက်ဆုံးပတ်)

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၂ ရက်အထိ (ဖေဖော်ဝါရီ နောက်ဆုံးပတ်)ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၁ ခု ထက်မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ခြောက်ခုအထိ ထုတ်ပြန်ခဲ့ပြီး အစိုးရ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ရခိုင်ပြည်အမျိုးသားကောင်စီ(ANC)၊ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC)တို့မှ တခုစီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သော ကိုးကန့်အဖွဲ့ (MNTJP/ MNDAA)၊ တအာင်းအဖွဲ့ (PSLF/TNLA)၊ ရခိုင်အဖွဲ့ (ULA/AA) တို့ကလည်း ပူးတွဲကြေညာချက်တခု ထုတ်ပြန်ခဲ့ပါသည်။

ဖေဖော်ဝါရီနောက်ဆုံးပတ်အတွင်း ထုတ်ပြန်ချက်များအနက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ မတ် ၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် “တပ်မတော်နေ့စစ်ရေးပြအခမ်းအနားအား ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်း” အသိပေးထုတ်ပြန်ချက်မှာ စိတ်ဝင်စားစရာကောင်းခဲ့သည်။

အဆိုပါ အသိပေးထုတ်ပြန်မှုတွင် “ COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် လူစုလူဝေးများပြားရာ နေရာများကို အတတ်နိုင်ဆုံး ရှောင် ကြဉ်ရန်၊ မဖြစ်မနေကျင်းပရမည့် လူစုလူဝေးနှင့် ပွဲလမ်းသဘင်များကိုသာ ပြုလုပ်ရန်နှင့် အကယ်၍ ပွဲလမ်းသဘင်များ မလွှဲမရှောင်သာ ကျင်းပရပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး၊ ကျန်းမာရေး အသိပညာပေးနှိုးဆော်ချက်များအား တိကျစွာ လိုက်နာရန် အသိပေး နှိုးဆော်လျက်ရှိပြီး COVID-19 ရောဂါအား ကူးစက်မြန်ရောဂါ (သို့မဟုတ်) တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် သတ်မှတ်ထားသည့် အမိန့်ကို ထုတ်ပြန်ခဲ့ကြောင်း” ဖော်ပြခဲ့သည်။

ယင်းနောက် “တပ်မတော်အနေဖြင့် မတ်လ ၂၇ ရက်တွင် ကျင်းပမည့် စိန်ရတုတပ်မတော်နေ့ စစ်ရေးပြအခမ်းအနားနှင့် ပတ်သက်၍ ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်းနှင့် WHO နှင့် နိုင်ငံတကာမှ COVID-19 ကူးစက်မြန်ရောဂါထိန်းချုပ်နိုင်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာထုတ်ပြန်မှသာ စိန်ရတုတပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ကျင်းပနိုင်ရေး ဆက်လက်စီမံဆောင်ရွက်ရန် လျာထားကြောင်း” တပ်မတော်၏ အသိပေးထုတ်ပြန်မှုတွင် ဖော်ပြထားပါသည်။

ထို့ပြင်  “ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်၊ ဟိုခဲကျေးရွာ အရှေ့တောင်ဘက်၌ ဖေဖော်ဝါရီ ၂၇ ရက်တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်း နှင့် RCSS/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း” တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ မတ် ၁ ရက်စွဲဖြင့် ထုတ်ပြန်ချက်မှာလည်း သတိပြုစရာ ဖြစ်ခဲ့သည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ တပ်မတော်၏ သတင်းထုတ်ပြန်မှုတွင် “တပ်မတော်အနေဖြင့် မိုင်းကိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါး သတင်းရရှိခြင်းကြောင့် နယ်မြေလုံခြုံရေးဆောင်ရွက်မည်ဖြစ်၍ ယင်းနယ်မြေအတွင်း RCSS/SSA အဖွဲ့အား နယ်မြေကျော်လွန်နေမှုမှ အချိန်မီထွက်ခွာနိုင်ရန် အသိပေးအကြောင်းကြားခဲ့ကြောင်းနှင့် အကြောင်းကြားချက်အပေါ် အချိန်မီလိုက်နာဆောင်ရွက်နိုင်ရေးအတွက် ငါးရက်ခန့် အချိန်ပေးခဲ့ကြောင်း” ဦးစွာဖော်ပြခဲ့သည်။

ယင်းနောက် “တပ်မတော်မှ အသိပေးဆောင်ရွက်ခဲ့သော်လည်း စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် RCSS/SSA အဖွဲ့၏ ဆောင်ရွက်ချက်များသည် ငြိမ်းချမ်းရေးဆောင်ရွက်မှုလုပ်ငန်းစဉ်များအပေါ် ထိခိုက်စေသည့် အပြုအမူများဖြစ်ကြောင်းနှင့် RCSS/SSAအဖွဲ့အနေဖြင့် သဘောတူညီချက်ပါ သတ်မှတ်သည့်နေရာများတွင်သာ နေထိုင်ရန် လိုအပ်ကြောင်း” တပ်မတော်က ထုတ်ပြန်ခဲ့သည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)မှလည်း မိုင်းကိုင်တိုက်ပွဲနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်ကို ဖေဖော်ဝါရီ ၂၈ ရက်စွဲဖြင့် ထုတ် ပြန်ခဲ့သည်။ အချက် ၇ ချက်ပါသည့် အဆိုပါ ထုတ်ပြန်ချက်တွင် “ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် RCSS မှ နည်းလမ်းပေါင်းစုံဖြင့် အစိုးရ၊ တပ်မတော်၊ EAO များနှင့် လက်တွဲပူးပေါင်းဆောင်ရွက်နေသည့်အချိန်တွင် တပ်မတော်မှ ကြိုတင်ညှိနှိုင်းခြင်းမရှိဘဲ မိုင်းကိုင်မြို့အတွင်းရှိ RCSS တပ်စခန်းအား ရည် ရွယ်ချက်ရှိရှိ ချီတက်တိုက်ခိုက်ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်တကွ (၈)ကြိမ်မြောက် JICM သဘောတူညီချက်များနှင့် ပတ်သက်သည့် တပ်မတော်၏ ရပ်တည်ချက်များအပေါ် သံသယပွားစေခဲ့ကြောင်း”ဦးစွာဖော်ပြခဲ့သည်။

ယင်းနောက် “တိုက်ပွဲများရပ်တန့်ရေးနှင့် တိုက်ပွဲများမဖြစ်ပွားစေရေးအတွက် နှစ်ဦးနှစ်ဖက်အမြန်ဆုံး တွေ့ဆုံဆွေးနွေးညှိနှိုင်းရန် လိုအပ်ကြောင်း၊ တိုက်ပွဲဖြစ်စဉ်ကြောင့် RCSS၏ (၂၀)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးထုတ်ပြန်ချက်တွင်ပါရှိသည့် UPDJC နှင့် JMC အစည်းဝေးဆိုင်ရာ ဆုံးဖြတ်ချက်များအား ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း” RCSS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်အဖွဲ့(MNTJP/MNDAA)၊ တအာင်းအဖွဲ့ (PSLF/TNLA)၊ ရခိုင်အဖွဲ့(ULA/AA) တို့မှလည်း “တဖက်သတ်အပစ်အခတ်ရပ်ဆိုင်းသည့် သက်တမ်း စတုတ္ထအကြိမ် ထပ်မံတိုးမြှင့်ကြောင်း” ပူးတွဲကြေညာချက်တခုကို မတ် ၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် “ ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ငြိမ်းချမ်းသောပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ပြီး၊ ပြည် တွင်းစစ်ချုပ်ငြိမ်းစေရန်၊ အပစ်အခတ်ရပ်ဆိုင်းရေးဆိုင်ရာ စာချုပ် သဘောတူ လက်မှတ်ရေးထိုးနိုင်မည့် တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းများကို လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရန်နှင့် လက်ရှိရင်ဆိုင်နေရသော ကိုရိုနာဗိုင်းရပ်စ်ရောဂါအား စုပေါင်းရင်ဆိုင်ကျော်ဖြတ်ရာတွင် အထောက်အကူဖြစ်နိုင်စေရန် တဖက်သတ်အပစ်အခတ်ရပ်ဆိုင်းခြင်းအား ၂၀၂၀ပြည့်နှစ်၊ မတ်လ ၁ရက် မှ မတ်လ ၂၅ရက်အထိ (၂၅)ရက် ထပ်မံသက်တမ်း တိုးမြှင့်လိုက်ကြောင်း” ဖော်ပြခဲ့သည်။

တပ်မတော်နှင့် AA အဖွဲ့တို့၏ တိုက်ပွဲများကြောင့် ဆက်သွယ်ရေးများ ပြတ်တောက်ပြီး စားနပ်ရိက္ခာအပါအဝင် အထွေထွေအခက်အခဲများ ကြုံတွေ့နေရသည့် ပလက်ဝမြို့နယ်အတွင်းရှိ ပြည်သူများအတွက်လည်း ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC)မှ ဖေဖော်ဝါရီ ၂၉ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာချက်တခု ထွက်ရှိခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် “ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အတွင်း ရှိ ကျေးရွာအများစုမှာ တပ်မတော်နှင့် AA အဖွဲ့တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဆက်သွယ်သွားလာရေးပြတ်တောက်နေပြီး စားနပ်ရိက္ခာတင်ပို့ထောက်ပံ့ရေးအပါအဝင် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ဘာသာရေးနှင့် လုံခြုံစွာသွားလာနိုင်ရေး အာမခံချက် ယိုယွင်းပျက်စီးနေသည်မှာ တလနီးပါးရှိလာပြီဖြစ်ကြောင်း” ဦးစွာဖော်ပြခဲ့သည်။

ယင်းနောက် “တပ်မတော်နှင့် AA အဖွဲ့တို့အနေဖြင့် ပလက်ဝ-ကျောက်တော်အကြား အရပ်ဘက်လိုင်းစက်လှေများ ပလက်ဝမြို့အတွင်း ဒေသခံပြည်သူများ ၏ စားနပ်ရိက္ခာသယ်ယူခြင်း၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ဘာသာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးအတွက် သွားလာခြင်းများကို လူသားခြင်းစာနာထောက်ထားမှုများနှင့်အညီ ကာကွယ်စောင့်ရှောက် ကူညီဆောင်ရွက်ပေးနိုင်ရန် အလေးအနက် မေတ္တာရပ်ခံကြောင်း” ဖော်ပြခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။