ထုတ်ပြန်ကြေညာချက်များ (ဖေဖော်ဝါရီ စတုတ္ထပတ်)

Post By Pan Su Wai, On February 25, 2020

ထုတ်ပြန်ကြေညာချက်များ (ဖေဖော်ဝါရီ စတုတ္ထပတ်)

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ  ၁၈ ရက်မှ ဖေဖော်ဝါရီ ၂၄ ရက်အထိ (ဖေဖော်ဝါရီ စတုတ္ထပတ်) ကာလအတွင်း တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ကျောင်းသားသမဂ္ဂများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၅ ခုထက်မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ငါးခုအထိ ထုတ်ပြန်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခြောက်ခု၊ အရပ်ဘက်အဖွဲ့အစည်းများမှ သုံးခုနှင့် ကျောင်းသားသမဂ္ဂ သုံးခုမှ ပူးတွဲကြေညာချက်တခု ထုတ်ပြန်ခဲ့ကြပါသည်။

ဖေဖော်ဝါရီစတုတ္ထပတ်အတွင်း ထုတ်ပြန်ချက်များအနက် ၂၀၁၆- ၂၀၁၇ ခုနှစ်တွင် တပ်မတော်နှင့် ARSA အဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့်တိုက်ခိုက်မှုဖြစ်စဉ် များအတွင်း ရခိုင်ပြည်နယ်၌ လူ့အခွင့်အရေးချိုးဖောက်မှုများရှိကြောင်း စွပ်စွဲချက်များအပေါ် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်(ICOE)၏ အပြီး သတ်အစီရင်ခံစာနှင့် စပ်လျဉ်း၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဖေဖော်ဝါရီ ၂၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်မှာ သတိပြုစရာဖြစ်ခဲ့သည်။

အဆိုပါသတင်းထုတ်ပြန်ချက်တွင် “အစီရင်ခံစာပါ ဖြစ်စဉ်များအနက် အင်းဒင်ကျေးရွာဖြစ်စဉ်မှာ အရေးယူဆောင်ရွက်ခဲ့ပြီး ဂူတာပြင်ရွာဖြစ်စဉ်အား အရေး ယူဆောင်ရွက်ဆဲဖြစ်ကြောင်း၊  ဂူတာပြင်ရွာဖြစ်စဉ်နှင့် စပ်လျဉ်းသည့် စစ်တရားရုံးစစ်ဆေးဆောင်ရွက်မှုအခြေအနေအား မကြာမီသတင်းထုတ်ပြန်မည်ဖြစ် ကြောင်း” ဦးစွာ  ဖော်ပြခဲ့သည်။

ယင်းနောက် “အစီရင်ခံစာပါ ကျန်ဖြစ်စဉ်များတွင် မောင်နုရွာနှင့် ချွတ်ပြင်ရွာဖြစ်စဉ်တို့အား  လေ့လာသုံးသပ် စိစစ်ခဲ့ကြောင်း ယင်းဖြစ်စဉ်များအပေါ်  စုံစမ်းစစ်ဆေးရေးခုံရုံးဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး စစ်ဘက်တရားစီရင်ရေးလုပ်ငန်းစဉ်များအတိုင်း စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ခြင်းကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း” သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် တပ်မတော်သည်  “ရခိုင်ပြည်နယ်အတွင်း AA အဖွဲ့က အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေသည့် အခြေအနေများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ စည်းကမ်းဖောက်ဖျက်မှုများ၊ ငြိမ်းချမ်းရေးဆိုင်ရာဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ  သတင်းမီဒီယာများဖိတ်ခေါ်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့မှု”ကိုလည်း ဖေဖော်ဝါရီ ၂၂ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါတပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲမှ ပြောကြားမှုများနှင့် ပတ်သက်၍ AA အဖွဲ့ မှ ဖေဖော်ဝါရီ ၂၃ ရက်စွဲဖြင့် ကြေညာ ချက်တခု ထုတ်ပြန်ကာ တုံ့ပြန်ခဲ့သည်။ ယင်းကြေညာချက်တွင် “တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲမှာ ၎င်းတို့ ကျူးလွန်ထားသော ပြစ်မှုများကို ဖုံးကွယ်ရန် ကြိုးစားပြီး မိမိတို့အဖွဲ့အစည်းအပေါ် အပြစ်ပုံချကာ အမှားကို အမှန်ဖြစ်အောင် ကြိုးစားအားထုတ်သောလုပ်ရပ်သာ ဖြစ် ကြောင်း” ဖော်ပြခဲ့သည်။

ယင်းနောက် “လူဦးရေ တသန်းကျော် နေထိုင်သော မြို့နယ် (၉)ခုအတွင်း၌ အင်တာနက်လိုင်းများကို တပ်မတော်နှင့် အစိုးရတို့ ပူးပေါင်း၍ ဖြတ်တောက်ထားပြီးနောက် ကျူးလွန်မှုများ ပြုလုပ်နေကြောင်း” နှင့် “တပ်မတော်အနေဖြင့် ရခိုင်စစ်မြေပြင်၌ စစ်ရေးအရ ရှုံးနိမ့်နေမှုများကို လက်ရှိအစိုးရအပေါ် အပြစ်ပုံချရန် ကြိုးစားနေခြင်းဖြစ်ကြောင်း”လည်း AA အဖွဲ့၏ ထုတ်ပြန်မှုတွင် ဖော်ပြခဲ့ပါသည်။

ထို့ပြင် AA အဖွဲ့သည် “ အရပ်သားများအနေဖြင့် တိုက်ပွဲများဖြစ်ပွားနေသောနေရာများတွင် တပ်မတော်၏ စစ်ဖက်ဆိုင်ရာယာဉ်များပေါ်သို့ လိုက်ပါ၍ ခရီး သွားလာခြင်းအား ရှောင်ကြဉ်ကြပါရန်  လေးလေးနက်နက်အသိပေးကြောင်း”  အသိပေးကြေညာချက်တခုလည်း ဖေဖော်ဝါရီ ၂၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။  ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး စီးနင်းလိုက်ပါလာသည့် တပ်မတော်ရဟတ်ယာဉ်ကို စစ်တွေမြို့နှင့် ဘူးသီးတောင်အကြားတွင် AA အဖွဲ့က ပစ်ခတ်ခဲ့ပြီးနောက် အဆိုပါအသိပေးကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲကြောင့် ကုန်စည်းစီးဆင်းမှုပြတ်တောက်နေသည့် ပလက်ဝဒေသနေ ပြည်သူများအတွက် ဆေးဝါး၊ ရိက္ခာ၊ အခြေခံလူသုံးကုန်ပစ္စည်းများ သယ်ယူပို့ ဆောင်နိုင်ရေးနှင့် ပတ်သက်၍ AA အဖွဲ့နှင့် ခူမီးချင်း မျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) တို့မှ ဖေဖော်ဝါရီ ၁၉ ရက်စွဲဖြင့် ထုတ်ပြန်ချက်တခုစီ ထုတ်ပြန်ခဲ့ပါသည်။

AA အဖွဲ့၏ အသိပေးထုတ်ပြန်ချက်တွင် “ပလက်ဝဒေသနေ ပြည်သူများ ကြုံတွေ့နေရသည့်အခက်အခဲများကို AA အဖွဲ့အနေဖြင့် တတ်နိုင်သမျှ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို လုပ်ဆောင်နေကြသူများအနေဖြင့်  ကျေးရွာအုပ်ချုပ်ရေးမှူး များ၏ ထောက်ခံချက်များပါရှိပါက တစုံတရာအနှောင့်အယှက်မပေးဘဲ  ကူညီပေးမည်ဖြစ်ကြောင်း၊ စစ်ရေးကာလဖြစ်သောကြောင့် တဖက်ရန်သူ၏ စားနပ်ရိက္ခာ၊ စစ်ဖက်ဆိုင်ရာ အသုံး အဆောင်ပစ္စည်းများဖြစ်ပါက AA အဖွဲ့အနေဖြင့် ကန့်သတ်ထိန်းချုပ်သွား မည်ဖြစ်ကြောင်း” ဖော်ပြခဲ့သည်။

ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC)၏ ထုတ်ပြန်ချက်တွင်လည်း “တပ်မတော်နှင့် AA အဖွဲ့တို့အနေဖြင့် ထောက်ပံ့ရေးလုပ်ငန်းစဉ်များနှင့် ပိတ်မိအရပ်သားများ နေရပ်ပြန်နိုင်ရေးတို့အတွက် လူသားချင်းစာနာထောက်ထားမှုရပ်တည်ချက်ဖြင့် လိုအပ်သလို ဝိုင်းဝန်းကူညီပေးနိုင်ကြပါရန် အလေးအနက် မေတ္တာရပ်ခံကြောင်း” ဖော်ပြခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်း၌ ဆက်လက်ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများနှင့် ပတ်သက်၍ ဗမာနိုင်ငံလုံးဆိုင်ရာ  ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ရက္ခိုင်ကျောင်းသားများသမဂ္ဂ( တက္ကသိုလ်များ- ရန်ကုန်)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ) တို့မှ ပူးတွဲကြေညာချက်တခုကို ဖေဖော်ဝါရီ ၂၃ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။ ယင်းထုတ်ပြန်ချက်တွင်   “ရခိုင်နှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့တွင် အင်တာနက်လိုင်းဖြတ်တောက်ထားမှုများကို ချက်ချင်းရပ်ဆိုင်းပေးရန်၊ ဘူးသီးတောင်မြို့နယ်၊ ခမွီးချောင်း  ကျေးရွာ မူလွန်ကျောင်းပေါ် လက်နက်ကြီးကျရောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် သက်ဆိုင်ရာ ကျူးလွန်သူများမှ အပြည့်အဝတာဝန်ခံဖြေရှင်းရန်နှင့် အငြင်းပွားဖွယ်ရာကိစ္စများတွင် ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက် ပြည်တွင်း၊ ပြည်ပမီဒီယာများကို လွတ်လပ်စွာသတင်းယူနိုင်ရန်၊ လွတ်လပ်သောနိုင်ငံတကာ စုံစမ်းစစ်ဆေးရေးကော်မရှင်များဖြင့် ဖွဲ့စည်းစစ်ဆေးရန်” အချက်သုံးချက်ကို တောင်းဆိုခဲ့ပါသည်။

ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်း တပ်မတော်နှင့် KNU အကြား စစ်ရေးတင်းမာမှု ရှိနေခြင်းနှင့် ပတ်သက်၍ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)မှ ဖေဖော်ဝါရီ ၂၁ ရက်စွဲဖြင့် သဘောထားထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ရာ “လူသောမြို့နယ်၊ မူတြော်(ဖာပွန်)ခရိုင်အတွင်း လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများအပေါ်  လုံးဝရှုတ်ချကြောင်း၊ တပ်မတော်နှင့် KNU နှစ်ဖွဲ့လုံးက ပြည်သူများ၏လုံခြုံရေးကို အလေးထားရန်၊ ရွာသားများ၏ အသံကို နားထောင်ရန်နှင့် အခွင့်အရေးကိုလေးစားရန် လိုအပ်ကြောင်း” ဖော်ပြခဲ့ပါသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) ဗဟိုကော်မတီ၏  ဖေဖော်ဝါရီ ၁၈ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ၂၀၁၉ ခုနှစ် မျက်နှာစုံညီ နှစ်ချုပ်အစည်းအဝေးထုတ်ပြန်ချက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါသည်။ ယင်းထုတ်ပြန်ချက်တွင် “ SSPP သည် နိုင်ငံရေးပြဿနာများကိုဖြေရှင်းနိုင်ရန် လက်တွေ့ကျသောနည်းလမ်းသည် လက်နက်ကိုင်တိုက်ခိုက်ရေး နည်းလမ်းမဟုတ်သော နိုင်ငံရေးဆွေးနွေးပွဲ နည်းလမ်းသာဖြစ်သည်ဟု ယုံကြည်ချက်ကြောင့် ဆွေးနွေးပွဲတိုင်းတွင် ရှမ်းပြည်တိုးတက်ရေးပါတီအနေဖြင့် အစဉ်တစိုက်ပူးပေါင်းပါဝင်ခဲ့ကြောင်း” ဦးစွာ ဖော်ပြခဲ့သည်။

ယင်းနောက် “SSPP အနေဖြင့် FPNCC အဖွဲ့ဝင်အားလုံးနှင့်အတူ NCA ဖြစ်စဉ်နှင့် နိုင်ငံရေးဖြစ်စဉ်များတွင် ပူးပေါင်းနိုင်ရေးအတွက် အစိုးရ၊ တပ်မတော်တို့နှင့် ဆွေးနွေးညှိနှိုင်းပြီး ဘဝတူတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများတို့နှင့် ကျယ်ကျယ်ပြန့်ပြန့်  ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း”လည်း ဖော်ပြခဲ့ပါသည်။

ထို့ပြင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)ကလည်း (၂၀) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး၏ ထုတ်ပြန်ချက်ကို ဖေဖော်ဝါရီ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး “RCSS အနေဖြင့် ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးအား သတ်မှတ်ထားသည့်အချိန်ကာလအတွင်းကျင်းပနိုင်ရေးနှင့် သျှမ်း လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း”  ဖော်ပြခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ စတုတ္ထပတ်တွင် ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။