ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (နိုဝင်ဘာ စတုတ္ထပတ်)

Post By Nyein Ko Ko Soe, On November 27, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (နိုဝင်ဘာ စတုတ္ထပတ်)

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၀ ရက်မှ ၂၆ ရက်အထိ (နိုဝင်ဘာ စတုတ္ထပတ်) ကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့၏ ပူးတွဲထုတ်ပြန်ချက်နှင့် ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီကို အပစ်ရပ် ၁၀ ဖွဲ့ ခေါင်းဆောင်များ၊ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)နှင့် ULA/AA အဖွဲ့တို့၏ ဂုဏ်ပြုမှုနှင့် ဆက်စပ်သည့် သတင်းများက လွှမ်းမိုးနေပါသည်။

ထို့အပြင် ULA/AA အဖွဲ့အနေဖြင့် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံထားရမှုမှ ပယ်ဖျက်နိုင်ရေး လက်တွေ့ လုပ်ဆောင်များ ပြသရန် လိုအပ်ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းခဲ့ခြင်း၊ အစိုးရသစ် မဖွဲ့မီကာလအတွင်း အလွတ်သဘောညှိနှိုင်းရန် ၁၀ ဦးပါ ညှိနှိုင်းရေးအဖွဲ့ကို အပစ်ရပ်အဖွဲ့များက ဖွဲ့စည်းခဲ့ခြင်း စသည့် သတင်းများလည်း ရှိခဲ့ပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

ယခုရက်သတ္တပတ်အတွင်း NCA လက်မှတ်မထိုးရသေးသော အဖွဲ့များ၏ သတင်းများအနက် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့၏ ထုတ်ပြန်ချက်နှင့် ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီကို  ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)၊ ULA/AA အဖွဲ့နှင့် မိုင်းလားအဖွဲ့(NDAA)တို့၏ ဂုဏ်ပြုမှုနှင့် ဆက်စပ်သည့်သတင်းများကို 7 Day Daily၊ မြန်မာတိုင်းမ်၊ ဧရာ၀တီနှင့် VOA သတင်းဌာနများက ဖော်ပြခဲ့ကြသည်။

နိုဝင်ဘာ ၂၂ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြမှုအရ အစိုးရ၊ တပ်မတော် တို့နှင့် တွေ့ဆုံဆွေးနွေးပြီး တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးမှ ငြိမ်းချမ်းရေးလုပ်ငန်းများကို အောင်မြင်စွာ ဖော်ဆောင်နိုင်ရန် အထူးမျှော်လင့်ကြောင်း မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်သုံးဖွဲ့ဖြစ်သော PSLF/TNLA၊ MNTJP/MNDAA၊ ULA/AA တို့က ပူးတွဲထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။

မြောက်ပိုင်းမဟာမိတ်သုံးအဖွဲ့အနေဖြင့် အစိုးရ၊ တပ်မတော်နှင့် ဆွေးနွေးရာတွင် FPNCC ၏ ဦးဆောင်မှုဖြင့် ဆွေးနွေးမည် ဖြစ်ကြောင်းနှင့် Bilateral အပစ်ရပ်စဲရေး ဆွေးနွေးမှုကို KIA အပါအဝင် လေးဖွဲ့ ပေါင်းပြီး ဆွေးနွေးရန် မူဝါဒချမှတ်ထားကြောင်း၊ အပစ်ရပ်စဲရေးလက်မှတ်ထိုးမှုကိုလည်း လေးဖွဲ့ အတူတကွ ရေးထိုးရန် မူချမှတ်ထားကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က 7 Day ကို ပြောကြားခဲ့သည်။

ထို့အပြင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အနိုင်ရရှိခဲ့မှုအပေါ် ချီးကျူးဂုဏ်ပြုကြောင်း ULA/AA အဖွဲ့က နိုဝင်ဘာ ၂၁ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်ဟု 7 Day Daily သတင်းစာက နိုဝင်ဘာ ၂၂ ရက်တွင်ပင် သတင်းဖော်ပြခဲ့ပါသည်။

ထိုထုတ်ပြန်မှုတွင် ULA/AA အဖွဲ့က ဖမ်းဆီးထားသည့် NLD ပါတီ ကိုယ်စားလှယ်လောင်းသုံးဦးကို ကောင်းမွန် စွာထိန်းသိမ်းထားပြီး နှစ်ဖက်ညှိနှိုင်းမှုအဆင်ပြေကာ အပြန်အလှန်နားလည်မှု ရှိသော အခြေအနေတွင် အမြန် ဆုံးပြန်လွှတ်ပေးမည်ဟု ဖော်ပြထားပြီး အချက်လေးချက်ကို ပြန်လှန်တောင်းဆိုထားကြောင်း 7 Day သတင်း တွင် ပါရှိပါသည်။

အလားတူ တိုင်းရင်းသား လက်နက်ကိုင် ခုနစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC) က  ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် NLD ပါတီ၏ အောင်မြင်မှုကို ဂုဏ်ပြုကြောင်း သဝဏ်လွှာတစောင်ကို ပေးပို့ခဲ့ကြောင်း ဧရာ၀တီသတင်းဌာနက နိုဝင်ဘာ ၂၀ ရက်တွင် သတင်းဖော်ပြခဲ့သည်။

FPNCC ၏ ဂုဏ်ပြုသဝဏ်လွှာတွင် အစိုးရက ကတိပြုထားသည့် တိုင်းရင်းသား လူမျိုးစုတို့၏ ဒေသများရှိ စီးပွားရေး၊ ပညာရေး၊ ဆေးကုသရေးနှင့် ကျန်းမာရေးများ တိုးတက်အောင် ဖော်ဆောင်ရေး၊ လူနေမှု အဆင့်အတန်း မြှင့်တင်ရေးလုပ်ငန်းများတွင် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒပြုပါမည်ဟု ရေးသားထားကြောင်း ဧရာ၀တီသတင်းတွင် ဖော်ပြမှုအရ သိရပါသည်။

ထို့အပြင် မိုင်းလားအဖွဲ့(NDAA)ကလည်း NLD ပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်မှုအတွက် ဂုဏ်ပြုခဲ့ပြီး လာမည့်ငါးနှစ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တွန်းအားပေးဆောင်ရွက်ရန် တိုက်တွန်းကြောင်း နိုဝင်ဘာ ၁၈ ရက်စွဲဖြင့် ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်ဟု မြန်မာတိုင်းမ်သတင်းဌာနက သတင်းဖော်ပြခဲ့ပါသည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

နိုဝင်ဘာ ၂၇ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြမှုအရ အစိုးရသစ် တရားဝင် မဖွဲ့စည်းနိုင်မီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ အလွတ်သဘော တွေ့ဆုံ ညှိနှိုင်းနိုင်ရေးအတွက် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့မှ အဖွဲ့ဝင် တဦးစီပါဝင်သော ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

အွန်လိုင်းမှ နှစ်ရက်ကြာ ပြုလုပ်ခဲ့သည့် NCA လက်မှတ်ထိုး ၁၀ ဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ PPST အစည်း အဝေးတွင် ထိုညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းခြင်း အပြင် အပစ်ရပ် ၁၀ ဖွဲ့၏ “တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့”နှင့် “အပစ်အခတ် ရပ်စဲမှု ခိုင်မာရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့”တို့ကိုလည်း ဖျက်သိမ်းလိုက်ကြောင်း PNLO/PNLA အဖွဲ့ ဦးဆောင် နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက 7 Day ကို ပြောကြားခဲ့ပါသည်။

ထို့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)သည် ရွေးကောက်ပွဲတွင် NLD ပါတီ တောင်ပြို ကမ်းပြိုအနိုင်ရရှိသည့်အပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း နိုဝင်ဘာ ၂၆ ရက်တွင် သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း လည်း 7 Day Daily သတင်းစာကပင် သတင်းဖော်ပြခဲ့ပါသည်။

နောက်ထပ်သတင်းတပုဒ်မှာ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံထားရခြင်းမှ ပယ်ဖျက်နိုင်ရေး လက်တွေ့ လုပ်ဆောင်မှုများ ပြသရန် လိုအပ်ကြောင်း ULA/ AA အဖွဲ့အား တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက တိုက်တွန်းခဲ့သည်ဟု RFA သတင်းဌာနက နိုဝင်ဘာ ၂၅ ရက်တွင် ဖော်ပြခဲ့သော သတင်း ဖြစ်ပါသည်။

ULA/ AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားခြင်းမှ ပယ်ဖျက်ရေး ကိစ္စပါအဝင် အပြုသဘော လုပ်ဆောင်ချက်အားလုံးကို ကြိုဆိုကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ပြီး အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံထားရခြင်းမှ ပယ်ဖျက်နိုင်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ စားပွဲဝိုင်းပေါ်တွင် ဆွေးနွေးနိုင်ရန် လက်တွေ့လုပ်ဆောင်မှုများ ပြသရန် လိုကြောင်း တိုက်တွန်းခဲ့သည်ဟု RFA သတင်းတွင် ဖော်ပြထားပါသည်။

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ စတုတ္ထပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။