တိုက်ပွဲဖြစ်ပွားမှုများ (ဒီဇင်ဘာ ဒုတိယပတ်)

Post By Nyein Ko Ko Soe, On December 16, 2020

တိုက်ပွဲဖြစ်ပွားမှုများ (ဒီဇင်ဘာ ဒုတိယပတ်)

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၀ ရက်မှ ၁၅ ရက်အထိ (ဒီဇင်ဘာ ဒုတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်၀ဒေသတို့တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှု မရှိသည်မှာ နှစ်လခန့် ရှိလာခဲ့ပြီဖြစ်သော်လည်း မြေမြှုပ်မိုင်းနှင့် လုံခြုံရေးကို စိုးရိမ်၍ ဒေသခံအများစုမှာ နေရပ်မပြန်ရဲသေးကြောင်း သိရသည်။ သို့ရာတွင် ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင် တပ်မတော်နှင့် KNU တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်(မြောက်ပိုင်း) နမ္မတူမြို့နယ်တွင်လည်း RCSS နှင့် SSPP ၊ TNLA အဖွဲ့များ အကြား စစ်ရေးတင်းမာမှု ရှိနေပါသည်။

 

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ယခုရက်သတ္တပတ်အတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ်တွင် NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)နှင့် NCA မထိုးထားသည့် အဖွဲ့နှစ်ဖွဲ့ဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ တအာင်းအဖွဲ့(PSLF/TNLA)အဖွဲ့တို့အကြား စစ်ရေးတင်းမာမှု ရှိနေပါသည်။

ဒီဇင်ဘာ ၁၀ ရက်က တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ နမ့်ပိုင်ကျေးရွာအုပ်စုအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ကိုယ်ဝန်ဆောင်တဦးအပါအဝင် အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဧရာ၀တီသတင်းဌာနက သတင်းဖော်ပြခဲ့သည်။

နယ်မြေအငြင်းပွားမှုကြောင့် ဖြစ်ပွားနေသည့် ထိုတိုက်ပွဲများအတွင်း RCSS ဘက်မှ တပ်မတော်က ဝင်ရောက် တိုက်ခိုက်ပေးနေကြောင်း TNLA ဘက်က စွပ်စွဲပြောကြားခဲ့ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက TNLA ၏ ပြောဆိုချက်မှာ မမှန်ကန်ကြောင်း၊ RCSS နှင့် ပူးတွဲ၍ တိုက်ခိုက်ရန် မရှိကြောင်း ငြင်းဆိုထားသည်ဟု ဧရာ၀တီသတင်းတွင် ပါရှိပါသည်။

ထို့အပြင် ဒီဇင်ဘာ ၁၅ ရက်ထုတ် 7 Day Daily သတင်းစာ၏ဖော်ပြမှုအရ နမ္မတူဒေသတွင် RCSS နှင့် TNLA တို့ စစ်ရေးတင်းမာနေသော်လည်း သီးနှံရိတ်သိမ်းချိန်ဖြစ်နေ၍ စစ်ဘေးရှောင်အရပ်သားများမှာ နေ့ဘက်တွင် ရွာပြန်ပြီး တောင်ယာလုပ်ငန်းခွင်ဝင်ကာ ညဘက်တွင် ယာယီစစ်ဘေးရှောင်စခန်းသို့ ပြန်လာသည့်စနစ်ဖြင့် နေထိုင်ကြရသည်ဟု သိရပါသည်။

နမ္မတူမြို့နယ် နားကျဲနှင့် နားကျိုင်းကျေး ရွာအပါအဝင် ကျေးရွာခြောက်ရွာဝန်းကျင်တွင် ဒီဇင်ဘာ ၇ ရက်မှ စ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် အရပ်သားနှစ်ရာကျော်သည် မန်စံကျေးရွာဘုန်းတော်ကြီးကျောင်းတွင် လာရောက်ခိုလှုံနေရခြင်းဖြစ်ကြောင်း 7 Day သတင်းတွင် ဖော်ပြထားပါသည်။

 

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

အောက်တိုဘာ နောက်ဆုံးပတ်မှစ၍ လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA အဖွဲ့တို့ တိုက်ပွဲ မဖြစ်ပွားတော့ခြင်းကြောင့် စစ်ရှောင် ခုနစ်သောင်းခန့် နေရပ်ပြန်သွားခဲ့ကြပြီဖြစ်သော်လည်း အများစုမှာမူ မြေမြှုပ်မိုင်းနှင့် လုံခြုံရေးကို စိုးရိမ်၍ နေရပ်မပြန်သေးနိုင်သေးကြောင်း သိရပါသည်။

ဒီဇင်ဘာ ၁၃ ရက်ထုတ် 7 Day Daily သတင်းစာတွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ရပ်တန့်နေသဖြင့် စစ်ဘေးရှောင် ခုနစ်သောင်းခန့် နေရပ်ပြန်သွားသော်လည်း ကျန်စစ်ဘေးရှောင်များမှာ ပစ်ခတ်မှုများ ပြန်ဖြစ်လာမည်နှင့် စားသောက်ရေး အခက်အခဲကြုံရမည်တို့ကို စိုးရိမ်နေသောကြောင့် နေရပ်မပြန်ရဲကြ ကြောင်း ဖော်ပြထားပါသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AAအဖွဲ့တို့ကြား စစ်ရေးပဋိပက္ခများနှင့် ဆက်စပ်၍ နေရပ်စွန့်ခွာကာ စစ်ဘေးရှောင်စခန်း၊ ဘုန်းတော်ကြီးကျောင်းနှင့် နီးစပ်ရာဆွေမျိုးနေအိမ်များတွင် ခိုလှုံနေကြသူပေါင်း နှစ်သိန်းခွဲဝန်းကျင်ရှိရာ ခုနစ်သောင်းခန့်မှာ နေရပ်သို့ ယာယီ ပြန်သွားကြကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး(REC)က ဖော်ပြထားသည်ဟုလည်း အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။

ထို့အပြင် မြေမြှုပ်မိုင်း ပေါက်ကွဲမှုများ ရှိနေခြင်းကြောင့် ထိုအန္တရာယ်ကိုလည်း ဒေသခံများ စိုးရိမ်နေကြကြောင်း VOA သတင်းဌာနက ဒီဇင်ဘာ ၁၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။ ယခုလအတွင်း အမ်းမြို့နယ်တွင် မိုင်းပေါက်ကွဲမှု သုံးကြိမ် ရှိခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်နံနက်ပိုင်းကလည်း ကဇုကိုင်းကျေးရွားအနီး မိုင်းပေါက်ကွဲမှု တခုဖြစ်ခဲ့ရာ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း VOA သတင်းတွင် ပါရှိပါသည်။

တပ်မတော်နှင့် AA အဖွဲ့တို့အကြား နှစ်နှစ်တာ စစ်ရေးတင်းမာမှု ကာလအတွင်း မြေမြှုပ်မိုင်းနှင့် စစ်လက်ကျန်ဗုံးများ ပေါက်ကွဲမှုကြောင့် အရပ်သား ၃၃ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC)၏ စစ်တမ်းများအရ သိရပါသည်။

 

ချင်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများ ရပ်တန့်နေ‌၍ ရခိုင်ပြည်နယ်တွင် စစ်ရှောင်အချို့ နေရပ်ပြန်နိုင်ခဲ့သော်လည်း ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည်များမှာမူ စိတ်ချရသည့်အခြေအနေ မရှိသေးခြင်းကြောင့် မပြန်နိုင်ကြသေးကြကြောင်း RFA သတင်းဌာန၏ ဒီဇင်ဘာ ၁၄ ရက်တွင် သတင်းဖော်ပြမှုအရ သိရပါသည်။

တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း နှစ်ဖက်တပ်များက ရွာအနီးဝန်းကျင်မှာ ရှိနေခြင်း၊ တပ်အင်အားလျော့မှု မရှိသေးခြင်းကြောင့် တိုက်ပွဲပြန်ဖြစ်လာမည်ကို စိုးရိမ်ပြီး လုံခြုံသော အနေအထားမရှိသည့်အတွက် မပြန်ရဲကြခြင်းဖြစ်သည်ဟု ချင်းနေရပ် စွန့်ခွာသူများ ကူညီထောက်ပံ့ရေးကော်မတီ အတွင်းရေးမှူး ဦးကျော်အောင်က RFA ကို ပြောကြားခဲ့သည်။

ပလက်ဝမြို့နယ်အတွင်း ကျေးရွာများတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွေကြောင့် ပလက်ဝနှင့် ဆမီးမြို့ စိမ့်စင်းကျေးရွာ၊ မီးဇာကျေးရွာများကို ထွက်ပြေးခိုလှုံနေကြသည့် စစ်ဘေးဒုက္ခသည် တစ်သောင်းကျော် ရှိနေကြောင်း သိရပါသည်။

 

ကရင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ဖာပွန်မြို့နယ် မဲဝိုင်အနီးတွင် တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)တို့ ဒီဇင်ဘာ ၁၅ ရက်က တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်ဟု 7 Day Daily သတင်းစာက ဖော်ပြခဲ့ပါသည်။

မဲဝိုင်အနီးတွင် အုပ်ချုပ်မှုကိစ္စဆောင်ရွက်လျက်ရှိသည့် တပ်မတော်သားများအား KNU တပ်မဟာ(၅)က မိုင်းဆွဲတိုက်ခိုက်သဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ KNU အဖွဲ့များ ဆုတ်ခွာထွက်ပြေးသွားခဲ့ ကြောင်းနှင့် ဖြစ်စဉ်အတွင်း တပ်မတော်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

တပ်မတော်နှင့် KNU တပ်မဟာ ၅ တို့သည် ယခုလအစကတည်းက စစ်ရေးတင်းမာမှုများ ရှိနေခြင်းဖြစ်ပြီး ယင်းဒေသသည် တိုက်ပွဲများ ပဋိပက္ခများ ဖြစ်ပွားမှုအများဆုံး ဖြစ်ကြောင်း 7 Day သတင်းတွင် ဖော်ပြထားပါသည်။

 

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ဒုတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။