ထုတ်ပြန်ကြေညာချက်များ (ဒီဇင်ဘာ တတိယပတ်)

Post By Nyein Ko Ko Soe, Pan Su Wai, On December 24, 2019

ထုတ်ပြန်ကြေညာချက်များ (ဒီဇင်ဘာ တတိယပတ်)

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ (ဒီဇင်ဘာ တတိယပတ်) ကာလအတွင်း  တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ရှစ်ခုထက် မနည်းသော ထုတ်ပြန် ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်၏ ထုတ်ပြန်ချက်မှာ  ခြောက်ခုအထိ ရှိခဲ့ပြီး AA အဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းများက တခုစီ ထုတ်ပြန်ခဲ့ကြပါသည်။

ဒီဇင်ဘာ တတိယပတ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်များအနက် မင်းပြားမြို့နယ် စိတ္တရကျေးရွာတွင် AA အဖွဲ့က တပ်မတော်စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်တွင်  မသင်္ကာဖွယ် အမျိုးသားနှစ်ဦး သေဆုံးခဲ့ရာ  သေဆုံးသူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်အေးမောင်မှာ AA အဖွဲ့ဝင်တဦးဖြစ်ကြောင်း ဒီဇင်ဘာ ၁၈ ရက်က ထုတ်ပြန်ခဲ့မှုမှာ ထင်ရှားခဲ့သည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသည်  ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊  နမ့်ဆန်မြို့နယ်၊ လွယ်ပြတ်ကျေးရွာအနီးတွင် တပ်မတော်နှင့် TNLA အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် လွယ်ပြတ်ကျေးရွာရှိ နေအိမ် တလုံးကို TNLA အဖွဲ့က မီးရှို့ထွက်ပြေးသွားခဲ့ကြောင်း ဒီဇင်ဘာ ၁၈ ရက် ထုတ်ပြန်ချက်၊ အမ်းမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့၌ မိုင်းနှင့် ဆက်စပ်ပစ္စည်းများ  စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဒီဇင်ဘာ ၂၁ ရက် ထုတ်ပြန်ချက်နှင့် မောင်တောမြို့နယ်အတွင်း မသင်္ကာဖွယ် ဘင်္ဂါလီတဦးကို ဒီဇင်ဘာ ၂၂ ရက်က လက်လုပ်မိုင်းများနှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်များကိုလည်း ထုတ်ပြန်ခဲ့ပါသည်။

ခြောက်လကြာမြင့်လာခဲ့ပြီဖြစ်သည့် ရခိုင်ပြည်နယ်အတွင်း အင်တာနက်ဖြတ်တောက်မှု အပေါ် ရှုံ့ချကြောင်း အရပ်ဘက်အဖွဲ့အစည်းများနှင့် အင်တာနက်အရေးလှုပ်ရှားသူများ စုပေါင်း၍ ဒီဇင်ဘာ ၂၁ ရက်စွဲဖြင့် ပူးတွဲသဘောထား ကြေညာချက်ထုတ်ပြန်ခဲ့မှုမှာလည်း သတိပြုစရာဖြစ်ခဲ့ပါသည်။ ယင်း ထုတ်ပြန်မှု၌ “ပဋိပက္ခများဖြစ်ပွားလျက်ရှိသော ရခိုင်နှင့် ချင်းပြည်နယ်များရှိ မြို့နယ် (၉)မြို့နယ်တွင် ၂၀၁၉ ခုနှစ် ဇွန် ၂၁ ရက်က စ၍ မိုဘိုင်းအင်တာနက်ဆက်သွယ်မှုများကို ဖြတ်တောက်ခဲ့ကြောင်း၊ ခြောက်လအကြာ ဒီဇင်ဘာ ၂၁ ရက်အထိလည်း ရခိုင်ပြည်နယ်ရှိ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်းမြို့နယ်များတွင် အင်တာ နက်ဖြတ်တောက်ခံနေရဆဲဖြစ်ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ထို့ပြင် “အစိုးရက အင်တာနက်ဖြတ်တောက်မှုကို နိုင်ငံတော်လုံခြုံရေးအတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသော်လည်း ယင်းကဲ့သို့ ကြောင်းကျိုးညီမျှမှု မရှိသည့် ဆုံးဖြတ်ချက်ဖြစ်ပြီး အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် အဆိုပါဒေသတွင် ပဋိပက္ခဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ပဋိပက္ခဖြစ်ပွားမှုကို လျော့ချရာတွင် အထောက်အကူပြုသည်ဆိုသည့် အထောက်အထား မတွေ့ရှိရပေ။ ဒေသခံများနှင့် အင်တာနက်ပြန်လည်ရရှိရေး တိုက်တွန်းသူများအားလုံးက အင်တာနက်ဖြတ်တောက်ခံရမှုကြောင့် ဒေသခံများအပါအဝင် အားလုံးကြုံတွေ့နေရ သည့် စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးရေး၊ နိုင်ငံရေးအပါအဝင် အများပြည်သူနှင့် ဆိုင်သည့်ကိစ္စရပ်များအပေါ် ဆိုးရွားစွာ သက်ရောက်နေမှုများကို ထောက်ပြပြောကြားလျက်ရှိသည်”ဟု ဖော်ပြခဲ့ပါသည်။

ထို့နောက် “ယခုကဲ့သို့ အင်တာနက် ဖြတ်တောက်ခံရမှုကြောင့် ဒေသခံများအနေဖြင့် အများပြည်သူနှင့် ဆိုင်သည့် ကိစ္စရပ်များအပေါ် ဆိုးရွားစွာသက်ရောက်နေပြီး ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးမှုနိမ့်ကျနေသည့် အခြေအနေများနှင့် ပဋိပက္ခများကို ပိုမိုဆိုးရွားလာစေနိုင်သည်မှာ အငြင်းပွားဖွယ်ရာမရှိပေ”ဟု ဖော်ပြခဲ့ပြီး ရခိုင် ပြည်နယ်ရှိ  အဆိုပါ မြို့နယ် လေးမြို့နယ်နှင့် ဆက်စပ်နေရာများတွင် အင်တာနက်နှင့် တယ်လီဖုန်း ဆက်သွယ်မှု များ အပြည့်အဝရရှိရေး လုပ်ဆောင်ရန် အပါအဝင် အချက်သုံးချက်ကို အစိုးရအား  တောင်းဆိုကြောင်း ယင်းပူးတွဲသဘောထားကြေညာချက်တွင် ဖော်ပြခဲ့ပါသည်။

နောက်ထပ်အာရုံစိုက်သင့်သည့် ထုတ်ပြန်ချက်တခုမှာ ရခိုင်ဒေသအတွင်း မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ကုန်းနေသတ္တဝါများကို သတ်ဖြတ်ရောင်းဝယ်ခြင်း မပြုလုပ်ရန် တားမြစ်သတိပေးချက်ကို ULA/AA အဖွဲ့က ဒီဇင်ဘာ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ ထုတ်ပြန်မှုတွင် ရခိုင်ဒေသအတွင်း မျိုးသုဉ်း ပျောက်ကွယ်လုနီးပါး ကုန်းနေသတ္တဝါများဖြစ်သည့် ဆင်၊ ကျားအစရှိသော သားရဲတိရစ္ဆာန်များအား ဖမ်းဆီး၊ သတ်ဖြတ်၊ ရောင်းဝယ်ဖောက်ကားခြင်းများကို လုံးဝမပြုလုပ်ရန် သတိပေးထားပြီး လိုက်နာခြင်း မရှိဘဲ ကျူးလွန်ပါက အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း ULA/AA အဖွဲ့၏ထုတ်ပြန်မှုတွင်  ဖော်ပြခဲ့ပါသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ တတိယပတ်အတွက် ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။