တိုက်ပွဲဖြစ်ပွားမှုများ(ဇန်နဝါရီ တတိယပတ်)

Post By Nyein Ko Ko Soe, On January 24, 2020

တိုက်ပွဲဖြစ်ပွားမှုများ(ဇန်နဝါရီ တတိယပတ်)

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၅ ရက်မှ ဇန်နဝါရီ ၂၃ ရက်အထိ(ဇန်နဝါရီတတိယပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)ကျောက်တော်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်မြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ့်ဆန်၊ နမ့်ခမ်းနှင့် ကျောက်မဲမြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားမှု ခုနစ်ကြိမ်ထက် မနည်းရှိခဲ့ပြီး အရပ်သားသေဆုံးမှု ငါးဦးရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

ဇန်နဝါရီ တတိယပတ်ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲဖြစ်ပွားမှုလျော့ကျသွားခဲ့သော်လည်း မိုင်းပေါက်ကွဲမှုများကြောင့် အရပ်သားထိခိုက်ဒဏ်ရာရမှု များပြားခဲ့ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်လည်း တပ်မတော်နှင့် TNLA အဖွဲ့အကြား တိုက်ပွဲများသုံးရက်ဆက်ဖြစ်ပွားခဲ့ပါသည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်းနှင့် ကျောက်မဲမြို့နယ်များ၌ ဇန်နဝါရီ ၁၉ ရက်မှစ၍ တိုက်ပွဲများ သုံးရက်ဆက်ဖြစ်ပွားခဲ့ပြီး မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသည်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး အရပ်သားထိခိုက်ခဲ့သည့်ဖြစ်စဉ်များမှာ ဇန်နဝါရီ ၂၀ ရက်က နမ့်ဆန်မြို့နယ်အတွင်း ပန်နှိမ်းကျေးရွာသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တဖက်လုံး ကြေမွသွားခဲ့သကဲ့သို့ ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းကလည်း ကျောက်မဲမြို့နယ် တော့ဆန်အုပ်စု တောင်ပို့လို့ကျေးရွာတွင် အမျိုးသမီးတဦး မိုင်းနင်းမိခြင်းကြောင့် ကျောက်မဲဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရပါသည်။

တိုက်ပွဲဖြစ်ပွားမှုအနေဖြင့် နမ့်ဆန်မြို့နယ်အတွင်း ဇန်နဝါရီ ၁၉ ရက်နှင့် ၂၁ ရက်များတွင် တပ်မတော်နှင့် TNLA အဖွဲ့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီ ၂၀ ရက်တွင် ကျောက်မဲမြို့နယ် တော်ဖယ်ရွာအနီးနှင့် နမ့်ခမ်းမြို့နယ် နမ့်စိမ့်ကျေးရွာအနီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ဇန်နဝါရီ ၁၇ ရက်က လာရောက်ခဲ့သည့် တရုတ်သမ္မတ၏မြန်မာနိုင်ငံခရီးစဉ်ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့သော်လည်း ယင်းကာလနောက်ပိုင်း၌ တိုက်ပွဲဖြစ်ပွားမှု၊ မိုင်းပေါက်ကွဲမှုများကြောင့် အရပ်သားငါးဦး သေဆုံးခဲ့ပြီး အရပ်သား ၁၂ ဦးအထိ ထိခိုက်ဒဏ်ရာရခဲ့ပါသည်။

အရပ်သားသေဆုံးမှု ရှိခဲ့သည့် ဖြစ်စဉ်များမှာ ဇန်နဝါရီ ၁၁ ရက်က မင်းပြားမြို့နယ် မေလွမ်းရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ပျောက်ဆုံးခဲ့သည့် အရပ် သားလေးဦး၏ အလောင်းများကို ဇန်နဝါရီ ၁၆ ရက်က ပြန်လည်တွေ့ရှိခဲ့မှုနှင့် ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက မြောက်ဦးမြို့ အခြေစိုက် ခလရ ၅၄၀ ရှေ့တွင် စစ်ဆေးရေးဂိတ်မှ တားသည်ကို မရပ်ခဲ့သည့် အရပ်သားတဦး ပစ်ခတ်ခံရပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့မှုတို့ ဖြစ်ပါသည်။

အလားတူ ဇန်နဝါရီ ၁၉ ရက်က မင်းပြားမြို့နယ် ရွှေကျန်ကျေးရွာအနီးနှင့် ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါကျေးရွာအနီးတို့တွင် မိုင်းပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ထင်းရှာသည့် ကလေးသုံးဦးအပါအဝင် အရပ်သားကိုးဦး ထိခိုက်ဒဏ်ရာခဲ့ပါသည်။ ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ တပ်မတော်နှင့် AA အဖွဲ့အကြား အပြန် အလှန်စွပ်စွဲဝေဖန်ခဲ့ကြပါသည်။

ထို့အပြင် ဇန်နဝါရီ ၁၆ ရက်က ရသေ့တောင်မြို့နယ် အောက်ကျောင်းတောင်ကျေးရွာအနီး မေယူမြစ်အတွင်း တပ်မတော်စစ်ရေယာဉ်တစီးနှင့် AA အဖွဲ့အကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သကဲ့သို့ ဇန်နဝါရီ ၂၁ ရက်တွင်လည်း ကျောက်တော်မြို့နယ် ကုလားတန်မြစ်အတွင်း တပ်မတော်စစ်ရေယာဉ်အုပ်စုနှင့် AA အဖွဲ့အကြား အပြန်အလှန်ပစ်ခတ်မှုကြောင့် အနီးရှိ အခစားကျေးရွာမှ ရွာသားတဦး လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရပါသည်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

တရုတ်သမ္မတ၏ ဇန်နဝါရီ ၁၇၊ ၁၈ ရက် မြန်မာနိုင်ငံခရီးစဉ်ကာလအတွင်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲ မဖြစ်ပွားခဲ့သော်လည်း ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲတကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

ပလက်ဝရှိ တပ်မတော်စစ်ကြောင်းကို ဇန်နဝါရီ ၁၇ ရက်နံနက်ပိုင်းက AA အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော်သားတဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ တတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။