ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဇန်နဝါရီ ဒုတိယပတ်)

Post By Nyein Ko Ko Soe, On January 10, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဇန်နဝါရီ ဒုတိယပတ်)

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃ ရက်မှ ဇန်နဝါရီ ၉ ရက်အထိ ( ဇန်နဝါရီ ဒုတိယပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် ၂၁ ရာစု ပင်လုံညီလာခံကို ဧပြီထက် နောက်မကျဘဲ ကျင်းပရန် အပါအဝင် အချက်ရှစ်ချက်ကို (၈)ကြိမ်မြောက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး( JICM )တွင် သဘောတူညီခဲ့မှု၊  မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် အစိုးရနှင့် တဖွဲ့ချင်း သီးခြားဆွေးနွေးရန် အစီအစဉ်မရှိသေးကြောင်း AA အဖွဲ့ ပြောခွင့်ရသူ ခိုင်သုခက ပြောကြားခဲ့မှုတို့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာ ဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။

ထို့အပြင် လက်နက်ကိုင်ပြီး အားသာချက်ယူခြင်းဖြင့် နိုင်ငံ့ပြဿနာဖြေရှင်း၍ မရကြောင်း JIMC  အစည်း အဝေးအဖွင့်မိန့်ခွန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့မှုနှင့် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် RCSS/SSA အဖွဲ့ဝင်နှစ်ဦးကို တပ်မတော်က ဖမ်းဆီးခဲ့မှုတို့မှာလည်း ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာကိစ္စများ ဖြစ်ခဲ့ပါသည်။

 

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

ULA/AA, PSLF/TNLA, MNTJP/ MNDAA မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် အစိုးရနှင့် တဖွဲ့ချင်း သီးခြားဆွေးနွေးရန် အစီအစဉ်မရှိသေးကြောင်း AA အဖွဲ့ ပြောခွင့်ရသူ ခိုင်သုခက VOA သတင်းဌာနသို့ ပြောကြားခဲ့မှုမှာ ယခု ရက်သတ္တပတ်အတွင်း စိတ်ဝင်စားစရာအကြောင်းအရာတခု ဖြစ်ခဲ့သည်။

ဇန်နဝါရီ(၈)ရက်က ကျင်းပခဲ့သည့် JICM အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NCA မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို လိုအပ်ရင် တဖွဲ့ချင်း သီးခြားဆွေးနွေးနိုင်ရန် အစိုးရအနေဖြင့် တံခါးဖွင့်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့မှုအပေါ် AA အဖွဲ့က တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။  AA အဖွဲ့နည်းတူ TNLA အဖွဲ့မှာလည်း တပ်ပေါင်းစုအနေဖြင့်သာ  ဆွေးနွေးရန် သဘောထားရှိကြောင်း TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးတာအိုက်ကျော်က ပြောကြား ခဲ့ပါသည်။

နောက်ထပ် ထူးခြားသည့်သတင်းတပုဒ်မှာ လက်နက်ကိုင်ပြီး အားသားချက်ရယူခြင်းဖြင့် နိုင်ငံ့ပြဿနာကို ဖြေရှင်း၍ မရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က JICM အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သော သတင်းဖြစ်ပါသည်။ အပစ်မရပ်ထားသည့်အဖွဲ့များနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခ၏ဆိုးကျိုး များကြောင့် တိုင်းရင်းသားပြည်သူများ၊ အပြစ်မဲ့ကလေးငယ်များ ဒုက္ခသံသရာလည်ခဲ့ရကြောင်းလည်း ၎င်းက  ပြောကြားခဲ့ပါသည်။

 

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

ဇန်နဝါရီ ၈ ရက်က နေပြည်တော်တွင် ကျင်းပခဲ့သည့် (၈)ကြိမ်မြောက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး( JICM )တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံကို ဧပြီထက် နောက်မကျဘဲ ကျင်းပရန်အပါအဝင် အချက်ရှစ်ချက်ကို သဘောတူညီမှုရခဲ့ကြောင်း သိရပါသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီက ကျင်းပခဲ့သည့် (၇)ကြိမ်မြောက် JICM အစည်းအဝေးအပြီး ၂ နှစ်ခန့်အကြာမှ ပြန်လည်ကျင်းပနိုင်ခဲ့သည့် ယခုအစည်းအဝေးကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ PPST ယာယီအဖွဲ့ခေါင်းဆောင် RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)အဖွဲ့ကလည်း JICM အစည်းအဝေးမတိုင်မီ ဇန်နဝါရီ ၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး တရားဝင်ငြိမ်းချမ်းရေးအစည်းအဝေးများသို့ ပြန်လည်ပါဝင်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါသည်။  ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍  ငြိမ်းချမ်းရေးဆိုင်ရာ အစည်းအဝေးများတွင် ပါဝင်မှု ရပ်ဆိုင်းခဲ့သည့် KNU အနေဖြင့် တနှစ်ကျော်အကြာတွင် ပြန်လည်ပါဝင်လာခဲ့ခြင်းဖြစ်သည်။

နောက်ထပ်အာရုံစိုက်စရာသတင်းတပုဒ်မှာ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် နားပွဲကျေးရွာတွင်  ပြုလုပ်သည့်လူထုအစည်းအဝေးပွဲသို့ အရပ်ဝတ်ဖြင့် တက်ရောက်ခဲ့သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)  မှ အဖွဲ့ဝင်နှစ်ဦးကို တပ်မတော်က ဇန်နဝါရီ ၆ ရက်နေ့တွင် ဖမ်းဆီးသွားသည်ဆိုသော သတင်းဖြစ်ပါသည်။ လက်နက်မပါဘဲ အရပ်ဝတ်ဖြင့် လူထုအစည်းအဝေးပွဲတက်သည့် ၎င်းတို့ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးခြင်းသည် မသင့်လျော်ဘဲ ပြန်လွှတ်ပေးရန် တပ်မတော်ဘက်သို့ စာပေးပို့တောင်းဆိုသွားမည်ဟု RCSS အဖွဲ့ဘက်က ပြောကြားခဲ့ပြီး တပ်မတော်ကမူ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အတည်မပြုနိုင်သေးကြောင်း ပြောကြားခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ဒုတိယပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။