ထုတ်ပြန်ကြေညာချက်များ (ဒီဇင်ဘာ တတိယပတ်)

Post By Pan Su Wai, On December 22, 2020

ထုတ်ပြန်ကြေညာချက်များ (ဒီဇင်ဘာ တတိယပတ်)

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၅ ရက်မှ ၂၁ ရက်အထိ (ဒီဇင်ဘာ တတိယပတ်) ကာလအတွင်း တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၀ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ‘၀’အဖွဲ့ (UWSP/UWSA) နှင့် မိုင်းလားအဖွဲ့(NDAA)တို့မှ ထုတ်ပြန်ချက် လေးခုအထိ ထုတ်ပြန်ခဲ့ပါသည်။ ထို့အပြင် တပ်မတော်မှ သုံးခုနှင့် ကရင် အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည် ညီညွတ်ရေးကော်မတီ (CSSU)၊ ခူးမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (KACC)တို့မှ တခုစီ အသီးသီး ထုတ်ပြန်ခဲ့ကြရာ သတိပြု အာရုံစိုက်ရမည့် ထုတ်ပြန်ချက်အချို့ကို ISP-Myanmar Peace Desk က အနှစ်ချုပ် ဖော်ပြထားပါသည်။

 

တပ်မတော်၏ ထုတ်ပြန်ချက်များ

ယခုရက်သတ္တပတ်အတွင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က “ မဲဝိုင် အနီးတွင် အုပ်ချုပ်မှုကိစ္စ ဆောင်ရွက်လျက်ရှိသည့် တပ်မတော်သားများအား KNLA တပ်မဟာ(၅)အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း” ထုတ်ပြန်ချက် အပါအဝင် ထုတ်ပြန်ချက်သုံးခု ထုတ်ပြန်ခဲ့ပါသည်။

တပ်မတော်၏ ဒီဇင်ဘာ ၁၅ရက်စွဲဖြင့် “မဲဝိုင်အနီးတွင် အုပ်ချုပ်မှုကိစ္စဆောင်ရွက်လျက်ရှိသည့် တပ်မတော်သားများအား KNLA တပ်မဟာ(၅)အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း” သတင်းထုတ်ပြန်ချက်တွင် “ တပ်မတော်သားများအား KNLA တပ်မဟာ(၅)မှ မိုင်းဆွဲတိုက်ခိုက်သဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ KNLA အဖွဲ့များ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး တပ်မတော်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း” ဦးစွာ ဖော်ပြခဲ့ပါသည်။

ယင်းနောက် “တပ်မတော်အနေဖြင့် KNLA တပ်မဟာ(၅)၏ NCA စာချုပ် ချိုးဖောက်မှုများနှင့် ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်ကာလအတွင်း ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (ပြည်နယ်အဆင့်)သို့ (၃၉) ကြိမ် ကန့်ကွက်ခဲ့ကြောင်း၊ နယ်မြေတည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း” တပ်မတော်၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

ဆက်လက်ပြီး တပ်မတော်က “ဝိုင်းမော်မြို့နယ်အတွင်း တပ်မတော်မှ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း” ဒီဇင်ဘာ ၂၁ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ကချင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားမှု အကောင် အထည်ဖော်ရေးဆိုင်ရာ ကနဦးပြန်လည် နေရာချထားရန် လျာထားသည့် ကျေးရွာများအနက်မှ ဝိုင်းမော်မြို့နယ် တဘက်ယန်ကျေးရွာကို ဒီဇင်ဘာ ၁၃ မှ ၁၆ ရက်အထိ တပ်မတော်မှ မိုင်းရှင်းလင်းရေးလုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့ပြီး တိုက်မိုင်းကိုယ်ထည် ၁၀ လုံး အား ဖော်ထုတ်ရှင်းလင်း သိမ်းဆည်းနိုင်ခဲ့ကြောင်း” ဖော်ပြခဲ့ပါသည်။

ထို့အပြင် “တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံမှ လူသားချင်း စာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေး သံတမန်ကြီးတစ်ဦးဖြစ်သည့် Sri Sri Ravi Shankar အား Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း” ဒီဇင်ဘာ ၁၇ရက်စွဲဖြင့် တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါသည်။

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်များ

ဒီဇင်ဘာ တတိယပတ်အတွင်း ကိုဗစ်- ၁၉ရောဂါ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ‘၀’အဖွဲ့ (UWSP/UWSA) နှင့် မိုင်းလားအဖွဲ့ (NDAA) တို့မှ ထုတ်ပြန်ချက်များ အသီးသီးထွက်ရှိခဲ့ပါသည်။

UWSP/ UWSA အဖွဲ့က ဒီဇင်ဘာ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် “ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ အရေးပေါ် ထုတ်ပြန်ကြေငြာချက်” တွင် “ ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၆ ရက်တွင် “ဝ”ပြည်နယ်မှ တရုတ်နိုင်ငံ မုံးလင်မြို့သို့ ခိုးဝင်သွားသော လူနှစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၇ ရက်တွင် မိုင်းပေါက်မြို့၌ ပိုးတွေ့လူနာနှစ်ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ဆက်လက်ပြီး ထိတွေ့နီးစပ်ခဲ့သူအားလုံးရှာဖွေခဲ့ရာ စုစုပေါင်း ၃၁၂ ဦး ရှိခဲ့၍ အားလုံးကို သီးခြားQuarantine ထားရှိကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအတွက် ဗဟိုအစိုးရ၏ စည်းမျဉ်းဥပဒေများကို ဆက်လက်အကောင်အထည်ဖော်ရမည်ဖြစ်ပြီး ပန်ခမ်းမြို့တွင် ကုတင်၃၀၀ဆန့်သော Quarantine center ကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်းနှင့် မိုင်းလားမြို့သို့ သွားလာခွင့်လက်မှတ်ကို နှစ်လကြာ (ဒီဇင်ဘာလ ၁၇ ရက်မှ ၂၀၂၁ခုနှစ် ​ဖေ​ဖော်ဝါရီ ၁၇ ရက်အထိ) ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း အပါအဝင် အရေးပေါ်သတိပေးချက် ၁၅ ချက်ကို ထုတ်ပြန်ခဲ့ကြောင်း” ‘၀’အဖွဲ့၏ အရေးပေါ်ထုတ်ပြန်မှုတွင် ဖော်ပြခဲ့ပါသည်။

NDAA အဖွဲ့က “တရုတ်နိုင်ငံယူနန်ပြည်မှ သတင်းထုတ်ပြန်လိုက်သည့် ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ(၄)၏ ခရီးသွားရာဇဝင်ရှိသော ကိုဗစ်-၁၉ အတည်ပြုလူနာ တဦးနှင့်ပတ်သက်၍ အသိပေးအကြောင်းကြားချက်” ကို ဒီဇင်ဘာ ၁၆ ရက်စွဲဖြင့် လည်းကောင်း၊ “အထူးဒေသ(၄)၏ ခရီးသွားရာဇဝင် ရှိသော ကိုဗစ်-၁၉ အတည်ပြုလူနာ တဦးနှင့် ပတ်သက်၍ ဒေသတွင်း သွားလာလှုပ်ရှားမှု စုံစမ်းစစ်ဆေးရေးအခြေနေအား အသိပေးအကြောင်းကြားခြင်း” ထုတ်ပြန်ချက်ကို ဒီဇင်ဘာ ၁၇ ရက်စွဲဖြင့်လည်းကောင်း ဆက်တိုက်ထုတ်ပြန်ခဲ့ပါသည်။

ဆက်လက်ပြီး NDAA အဖွဲ့က ဒီဇင်ဘာ ၁၈ ရက်စွဲဖြင့် “ ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ(၄) ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်း ဦးစီးအဖွဲ့၏ အသိပေး နှိုးဆော်ချက်” ကို ထပ်မံထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ အသိပေးနှိုးဆော်ချက်တွင် “ရောဂါကာကွယ်ထိန်းချုပ်ရေးသည် လူတိုင်းတွင် တာဝန်ရှိ၍ မိဘပြည်သူများအားလုံး အပြင်ထွက်ပါက နှာခေါင်းစည်းကို သေချာစွာ တပ်ဆင်ကြပါရန်၊ လူဦးရေထူထပ်သောနေရာများသို့ သွားရောက်ပါက ကိုယ်အပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်း တပ်ဆင်ခြင်းနှင့် ပိုးသတ်ဆေး ဖျန်းခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံကြောင်းနှင့် ထိုသတ်မှတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိသူများမှာ ဒဏ်ကြေးငွေ ယွမ် (၅၀၀) ပေးဆောင်ရမည်ဖြစ်ပြီး နောက်ဆက်တွဲ ပြင်းထန်သည့် ဆိုးကျိုးများ ဖြစ်ပေါ်လာစေပါက ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ဒီဇင်ဘာ ၁၅ရက်စွဲဖြင့် “ကေအဲန်ယူ-ဒူးပလာယာခရိုင် သစ်တောဌာနမှ အများပြည်သူများ လိုက်နာကျင့်သုံးရန်အတွက် ထုတ်ပြန်ကြေငြာချက်” တခု ထုတ်ပြန်ခဲ့ ပါသည်။

 

အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ

ဒီဇင်ဘာ တတိယပတ်ကာလအတွင်း ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU)နှင့် ခူးမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (KACC)တို့မှ ထုတ်ပြန်ချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြပါသည်။

CSSU အဖွဲ့ဝင်အဖွဲ့အစည်းအားလုံးမှ ခေါင်းဆောင်များ ကိုယ်စားလှယ်များ၊ မူဝါဒအကြံပေးများနှင့် နည်းပညာအကြံပေးများ စုစုပေါင်း ကိုယ်စားလှယ် ၆၅ ဦးတက်ရောက်ခဲ့ကြသည့် ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) အထူးအစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်ကို ဒီဇင်ဘာ ၁၉ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ကြေညာချက်တွင်  “CSSU အနေဖြင့် ရှေ့ဆက်ဆောင်ရွက်ရမည့် မပြီးပြတ်သေးသည့် တိုင်းရင်းသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အာမခံသည့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ခြင်းမှ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်  သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားကြမည့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြောင်း”ဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး “ဦးတည်ချက်၊ ရည်မှန်းချက်များ ရောက်ရှိအောင်မြင်နိုင်ရေးလုပ်ငန်းကိစ္စများ ဆောင်ရွက်ရာတွင် ရှမ်းအမျိုးသားအင်အားစုများအကြား စည်းလုံးညီညွတ်ရေး၊ ရှမ်းပြည်အတွင်းရှိ တိုင်းရင်းသားအင်အားစုများ အကြား စည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားများအကြား စည်းလုံးညီညွတ်ရေးတို့ကို အဓိကထား ဦးတည်ဆောင်ရွက်သွားကြရမည့်အပြင် စုပေါင်းအင်အား၊ စုပေါင်းဦးဆောင်မှုနှင့် စုပေါင်း အကောင်အထည်ဖော်ခြင်းတို့ဖြင့် ဆောင်ရွက်သွားရန် CSSU အဖွဲ့ဝင် အဖွဲ့အစည်းခေါင်းဆောင်များက လမ်းညွှန်မှုပေးခဲ့ကြောင်း” ထိုထုတ်ပြန်မှုတွင် ပါရှိပါသည်။

ခူးမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (KACC)၏ ဒီဇင်ဘာ ၁၅ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် “ AA အဖွဲ့ဝင်များက လေးလခွဲကြာ ဖမ်းဆီးထားခဲ့သည့် ချင်းလူငယ်တစ်ဦးဖြစ်သူ ဆလိုင်းအောင်စိုးသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ပြန်လည်လွတ်မြောက်လာ ဖြစ်ကြောင်း ” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AAအဖွဲ့ကြား ဖြစ်ပွားသည့် စစ်ရေးပဋိပက္ခကိုအကြောင်းပြု၍ အကြောင်းမဲ့ဖမ်းဆီးခံရသည့် အပြစ်မဲ့အရပ်သား ပြည်သူများအား မည်သူက ဖမ်းဆီးထားသည်ဖြစ်စေ အမြန်ဆုံးပြန်လွှတ်ပေးနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများအား အလေးအနက်တိုက်တွန်းကြောင်း” KACC ၏ ထုတ်ပြန်မှုတွင် ဖော်ပြထားပါသည်။

 

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ တတိယပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။