ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (စက်တင်ဘာ ပထမပတ်)

Post By Nyein Ko Ko Soe, On September 4, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (စက်တင်ဘာ ပထမပတ်)

၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၃ ရက်အထိ (စက်တင်ဘာ ပထမပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခံထားရသည့် ULA/AA အဖွဲ့ကို အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ၌ လက်ခံဆွေးနွေးခြင်း ပြု၊ မပြုမှာ NRPC အပေါ် မူတည်ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့ခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး တရုတ်နိုင်ငံက ဆက်လက်ကူညီပေးရန် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ထုတ်ပြန်ချက် ထုတ်၍ တောင်းဆိုခဲ့ခြင်းတို့မှာ သတိပြုစရာ ဖြစ်ခဲ့ပါသည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါအကြောင်းပြပြီး တပ်မတော်က စစ်အင်အားတိုးချဲ့နေကြောင်း AA အဖွဲ့က စွပ်စွဲခဲ့မှု၊ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မထိုးရသေးသည့်အဖွဲ့များ အတူတကွ လုပ်ဆောင်နိုင်မည့် အခင်းအကျင်းတစ်ခု ဖြစ်ပေါ်လာရေး ကြိုးစားနေသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU)က ပြောကြားခဲ့မှုတို့မှာလည်း အာရုံစိုက်စရာကိစ္စရပ်များ ဖြစ်ခဲ့ပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

စက်တင်ဘာ ပထမပတ်အတွင်း စိတ်ဝင်စားစရာသတင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး တရုတ်နိုင်ငံက ဆက်လက်ကူညီပေးရန် ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သော ULA/AA၊ PSLF/TNLA၊ MNTJP/MNDAA အဖွဲ့ တို့က ထုတ်ပြန်ချက်တစောင် ထုတ်ပြန်၍ တောင်းဆိုခဲ့ကြောင်း ဧရာ၀တီသတင်း ဌာနက စက်တင်ဘာ ၂ ရက်တွင် ဖော်ပြခဲ့သော သတင်းဖြစ်ပါသည်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုနှင့် နိုင်ငံခြားရေးရာ ဗဟိုကော်မရှင်ရုံး၏ ညွှန်ကြားရေးမှူးဖြစ်သူ မစ္စတာ ယန်ကျီချီ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ရက်ပေါင်း ၇၀ တဖက်သတ်အပစ်ရပ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ရာ ငြိမ်းချမ်းရေး ရှေ့ ဆက်နိုင်ရေး တရုတ်နိုင်ငံက ကူညီပေးရန်လည်း ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်ဟု ဧရာ၀တီသတင်းတွင် ပါရှိခဲ့သည်။

ညီနောင် မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများကြား နယ်နိမိတ်ထိစပ်နေသည့် နှစ်နိုင်ငံ၏ နယ်နိမိတ်တကြောတွင် တည်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဧရာ၀တီသို့ ပြောကြားခဲ့ပါသည်။

RFA သတင်းဌာနက စက်တင်ဘာ ၃ ရက်တွင် ဖော်ပြခဲ့သော ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ အကြောင်းပြပြီး တပ်မတော်က စစ်အင်အားတိုးချဲ့နေ ကြောင်း AA အဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် က စွပ်စွဲပြောကြားခဲ့သည့် သတင်းမှာလည်း သတိပြုစရာ ဖြစ်ခဲ့ပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်နှုန်း မြင့်တက်နေမှုကို အကြောင်းပြပြီး တပ်မတော်ဘက်မှ တပ်အင်အား တိုးချဲ့ခြင်း၊ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်နေသည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က စွပ်စွဲထားသော ဗီဒီယိုဖိုင်မှာ အွန်လိုင်းမှာ ပျံ့နှံ့နေကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။

အဆိုပါစွပ်စွဲချက်နှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရခိုင်ပြည်နယ်တွင် တန်ပြန်အကြမ်းဖက်မှုနှိမ်နင်းရေးစစ်ဆေးရေး လုပ်ဆောင်နေခြင်းဖြစ်၍ လိုအပ်သည့် အင်အား အသုံးပြုမှု ရှိမည်ဖြစ်ကြောင်း၊ တပ်မတော်မှ ရခိုင်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ထောက်ပံ့မှုများလည်း ဆောင်ရွက်နေကြောင်း RFA သတင်းဌာနသို့ ဖြေကြားခဲ့ပါသည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခံထားရသည့် ULA/AA အဖွဲ့ကို အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ၌ လက်ခံဆွေးနွေးခြင်း ပြု၊ မပြုမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)အပေါ် မူတည်ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်းကို စက်တင်ဘာ ၃ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြခဲ့သောသတင်းမှာ ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာ ဖြစ်ခဲ့ပါသည်။

မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ဖြစ်သော KIO/KIA အဖွဲ့၊ PSLF/TNLA အဖွဲ့၊ MNTJP/MNDAA အဖွဲ့၊ ULA/AA အဖွဲ့တို့က ၎င်းတို့နှင့် အစိုးရအကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးညှိနှိုင်းရန် အဆိုပြုချက်ကို အစိုးရထံ ပေးပို့ထားရာ အစိုးရနှင့် တပ်မတော် ညှိနှိုင်းတုံ့ပြန်သွားမည်ဟု အစိုးရ ပြောရေးဆိုခွင့်  ရှိသူ ဦးဇော်ဌေးက ပြောကြားထားကြောင်း အဆိုပါသတင်းတွင် ဖော်ပြခဲ့ပါသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ငြိမ်းချမ်းရေးကို NRPC က ဦးဆောင်လုပ်ဆောင်နေခြင်းဖြစ်၍ NRPC က ဆောင်ရွက်မှုအတိုင်း တပ်မတော်အနေဖြင့် ဆောင်ရွက်ရန်သာ ရှိကြောင်း 7 Day ကို ပြောကြားခဲ့သည်။

နောက်ထပ် စိတ်ဝင်စားစရာ သတင်းတပုဒ်မှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့ က ၎င်းတို့ လှုပ်ရှားအခြေစိုက်သည့် ရှမ်းပြည်နယ်အတွင်းရှိ နယ်မြေများတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းမည့် နိုင်ငံရေးပါတီများအနေဖြင့် ၎င်းတို့ထံ ကြိုတင် အကြောင်းကြားရန် ကြေညာချက်ထုတ်ပြန်ခဲ့မှုကို ဧရာ၀တီသတင်းဌာနက စက်တင်ဘာ ၁ ရက်တွင် ဖော်ပြခဲ့သော သတင်း ဖြစ်ပါသည်။

RCSS ၏ ဗဟိုအလုပ်မှုဆောင်ကော်မတီမှ စက်တင်ဘာ ၁ ရက်က ထုတ်ပြန်ခဲ့သည့် “၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်” တွင် ထိုကဲ့သို့ ထည့်သွင်းဖော်ပြထားခြင်း ဖြစ်ကြောင်း ဧရာ၀တီသတင်းတွင် ပါရှိခဲ့သည်။ ရှမ်းပြည်နယ်တဝန်းတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ၂၀၁၅ ရွေးကောက်ပွဲကာလကလည်း ယင်းကဲ့သို့ပင် SNLD ပါတီတွင်သာမက အခြားပါတီများမှာ RCSS အဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ရကြောင်း ဧရာ၀တီသို့ ပြောကြားခဲ့ပါသည်။

ရေရှည်ခိုင်မြဲသည့် ငြိမ်းချမ်းရေးအတွက် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မထိုးရသေးသည့်အဖွဲ့များ အတူတကွ လုပ်ဆောင်နိုင်မည့် အခင်းအကျင်းတစ်ခု ဖြစ်ပေါ်လာရေး ကြိုးစားနေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောကြားခဲ့ခြင်းကို ဩဂုတ် ၃၁ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြခဲ့သော သတင်းမှာလည်း အာရုံစိုက်စရာ ဖြစ်ခဲ့ပါသည်။

7 Day သတင်းတွင် ဖော်ပြမှုအရ စတုတ္ထအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ရာစု ပင်လုံ) ရလဒ် များနှင့် အနာဂတ် မြန်မာ့ငြိမ်းချမ်းရေးအလားအလာအမည်ဖြင့် သြဂုတ် ၂၆ ရက်က အွန်လိုင်းမှ ပြုလုပ်သော ဟောပြောပွဲတွင် ပဒိုစောတာဒိုမူးက နိုင်ငံ၏အပြောင်းအလဲအပေါ် NCA လက်မှတ် ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ဖြင့်သာ ဆောင်ရွက်၍မရ ကြောင်း၊ NCA လက်မှတ်မထိုးနိုင်သေးသည့် အဖွဲ့အစည်းများ ပါဝင်လာနိုင်မည့်အခင်းအကျင်း ဖော်ဆောင်နိုင်ရန် အစိုးရ၊ တပ်မတော်တို့နှင့် ဆွေးနွေးခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရပါသည်။

KNU အနေဖြင့် COVID-19 ကပ်ရောဂါ မတိုင်မီ KIO/KIA အဖွဲ့ ဌာနချုပ် လိုင်ဇာသို့ သွားရောက် ရှင်းပြမှုများ ရှိသကဲ့သို့ လက်ရှိကာလတွင်လည်း အွန်လိုင်းမှ ချပြဆွေးနွေးမှုများရှိကြောင်း 7 Day သတင်းတွင် ဖော်ပြထားပါသည်။

 

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ပထမပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။