ထုတ်ပြန်ကြေညာချက်များ (ဒီဇင်ဘာ ပထမပတ်)

Post By Nyein Ko Ko Soe, Pan Su Wai, On December 10, 2019

ထုတ်ပြန်ကြေညာချက်များ (ဒီဇင်ဘာ ပထမပတ်)

၂၀၁၉ ဒီဇင်ဘာ ၃ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ (ဒီဇင်ဘာ ပထမပတ် )ကာလအတွင်း တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၆ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။အဆိုပါ ထုတ်ပြန်ချက်များတွင် တပ်မတော်မှ ထုတ်ပြန်ချက် ငါးခုအထိ ထုတ်ပြန်ခဲ့ပြီး နိုင်ငံရေးပါတီများမှ နှစ်ခု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ သုံးခုနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ငါးခု ထုတ်ပြန်ခဲ့ကြပါသည်။

ဒီဇင်ဘာ ပထမပတ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်များအနက် ဒီဇင်ဘာ ၂ ရက် ညနေပိုင်းက ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ချင်းပျံတောရပ်ကွက်၌ သုံးဦးသေဆုံး၊ ခြောက်ဦး ဒဏ်ရာရရှိခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းမဟုတ်ဘဲ ဗုံးသီးဟောင်းတလုံးအား ကျောက်ခဲဖြင့် ထုနှက်ခဲ့၍ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၃ ရက် ထုတ်ပြန်ချက်၊ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နန်ဆန်ယန်ကျေးရွာ၏ အနောက်မြောက်ဘက် ၃မိုင်အကွာရှိ KIA စခန်း တခုကို KIA ထုတ် ၁၀၇ မမ ရှော့တိုက်ဒုံး ပစ်စင်တခု၊ အခြားလက်နက်ကြီး၊ လက်နက်ငယ်များ၊ KIA ယူနီဖောင်းဝတ် အလောင်းတလောင်းနှင့်အတူ သိမ်းပိုက်ရရှိမိကြောင်း ဒီဇင်ဘာ ၄ ရက်က ထုတ်ပြန်ခဲ့မှုတို့မှာ ထင်ရှားခဲ့ပါသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသည် ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ် ဂူတာပြင်ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဒီဇင်ဘာ ၆ ရက်က ထုတ်ပြန်ချက်တခု ထုတ်ပြန်ခဲ့ပြီး စစ်တရားရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စစ်တရားရုံး၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရုံးထိုင်စစ်ဆေးခြင်းအား နိုဝင်ဘာ ၂၆ ရက်တွင် ဘူးသီးတောင်မြို့၊ နယ်မြေခံတပ်၌ စတင်ဆောင်ရွက်ခဲ့ပြီး တပ်မတော်သားတရားလိုဘက် သက်သေ များကို စစ်မေးခြင်း၊ အရပ်သားတရားလိုဘက်သက်သေများကို စစ်မေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိ ကြောင်း ဖော်ပြထားပါသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဦးဆောင်အဖွဲ့(PPST)က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် သုံးရက်ကြာ ပြုလုပ်ခဲ့သည့် အစည်း အဝေးအပြီး ဒီဇင်ဘာ ၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်မှာလည်း စိတ်ဝင်စားစရာဖြစ်ခဲ့ပါသည်။ အချက်ငါးချက်ပါဝင်ခဲ့သည့် အဆိုပါထုတ်ပြန်ချက်တွင် “NCA-S EAO ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ ၏ ခရီးသွားလာခွင့်၊ လွတ်လပ်စွာ စည်းရုံးပြောဆိုခွင့်များအပေါ် ကန့်သတ်ချက်များသည် NCA စာချုပ်ပါ ပြဌာန်းချက်များနှင့် ကွဲလွဲနေခြင်းကို PPST မှ ကန့်ကွက်ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။ ယင်းနောက် “ICJ ၌ တရားစွဲဆိုခြင်းအား ရင်ဆိုင်ဖြေရှင်းခြင်းသည် အစိုးရ၏ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် အမှန်တရားကို ဖော်ထုတ်ခြင်း၊ နိုင်ငံတကာ စံချိန်စံညွှန်းများကို လိုက်နာဆောင်ရွက်ခြင်းနှင့် နိုင်ငံတကာ အသိုင်းအဝန်းတွင် တိုင်းပြည်၏ ပုံရိပ်မြင့်မားလာစေမည် ဖြစ်ပါကြောင်းနှင့် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကို အမြန်ဆုံးရပ်ဆိုင်နိုင်ရေးအတွက် နှစ်ဖက်စ လုံးမှ တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာရန် တိုက်တွန်းအပ်ပါကြောင်း” PPST ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

နောက်ထပ်စိတ်ဝင်စားစရာကောင်းသည့် ထုတ်ပြန်ချက်တခုမှာ တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် KNU ကိုယ်စားလှယ်အဖွဲ့တို့ တပ်ပိုင်းဆိုင်ရာညှိနှိုင်းဆွေးနွေးမှုနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဒီဇင်ဘာ ၉ ရက် ထုတ်ပြန်ချက်ဖြစ်ပါသည်။ အဆိုပါထုတ်ပြန်ချက်တွင် အချက် ၇ ချက်ပါဝင်ခဲ့ပြီး “KNU အနေဖြင့် ၂၀၁၂ ခုနှစ် ပဏာမအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်နှင့် ၂၀၁၅ ခုနှစ်တွင် NCA ကို လက်မှတ်ထိုးပြီးနောက် သာမန်ထိတွေ့မှု အနည်းငယ်မှ လွဲ၍ အပစ်ခတ်ရပ်စဲရေးကို ထိန်းသိမ်းနိုင်ခဲ့ပါကြောင်း၊ သို့ရာတွင် အချို့ဒေသများတွင် တပ်မတော်မှ တပ်အင်အားတိုးချဲ့ခြင်း၊ တပ်မဟာ (၃)နှင့် တပ်မဟာ (၅) ဒေသတို့အတွင်း ကားလမ်းတိုးချဲ့ဖောက်လုပ်ခြင်းတို့သည် NCA ပါ အချက်များနှင့် ကွဲလွဲ၍ စိန်ခေါ်ချက်ကြီး တရပ်အသွင် ရင်ဆိုင်နေရကြောင်း” တို့ကို ကနဦးအချက်များအဖြစ် ဖော်ပြခဲ့ပါသည်။ဆက်လက်ပြီး “ယခုအစည်းအဝေး၌ အောက်ခြေတွင် ဖြစ်ပေါ်နေသော တင်းမာမှုများကို ဖြေရှင်းနိုင်ရန် မျှော်လင့်သလို အစည်းအဝေးကို အောင်မြင်စွာကျင်းပခြင်းဖြင့် JICM ကျင်းပရေး၊ ၂၁ ရာစုပင်လုံ ညီလာခံ ဆက်လက်ကျင်းပရေးတို့အတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း”လည်း KNU ၏ ထုတ်ပြန်မှုတွင် ဖော်ပြခဲ့ပါသည်။

AA အဖွဲ့ကလည်း လက်နက်ကြီးကျည် ထိမှန်ပေါက်ကွဲမှုကြောင့် မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများ အတွင်းနှင့် မြောက်ဦးမြို့ပေါ်ရပ်ကွက်မှ အရပ်သားများ ပြင်းထန်စွာထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုအပေါ် ထုတ်ပြန်ကြေညာချက်တခုကို ဒီဇင်ဘာ ၃ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

မြန်မာနိုင်ငံအား ICJ တွင် တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီများဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့ကလည်း ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ပါသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဒီဇင်ဘာ ၅ ရက်ထုတ်ပြန်မှုတွင် ICJ တို့ သွားရောက်မည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် နိုင်ငံတကာ ဥပဒေပြဌာန်းချက်များနှင့် အညီ ထိရောက်သည့် ကာကွယ် စောင့်ရှောက်မှုများ ပြုလုပ်ပေးရန် တိုက်တွန်းကြောင်း ဖော်ပြခဲ့ပြီး ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ကလည်း ဂမ်ဘီယာနိုင်ငံက တရားစွဲခြင်းကို သွားရောက်ဖြေရှင်းမည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ အစီအစဉ်အား လေးနက်စွာ ကြိုဆိုထောက်ခံကြောင်း ၎င်းတို့၏ ဒီဇင်ဘာ ၆ ရက် ထုတ်ပြန်မှုတွင် ဖော်ပြထားပါသည်။

အရပ်ဘက်အဖွဲ့အစည်းများဖြစ်သော KNU Concerned Group ၊ လူထုအခြေပြု ကရင်အမျိုးသမီးများ ကွန်ရက်၊ ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ယက်တို့ကလည်း မြန်မာနိုင်ငံအပေါ် ICJ တွင် တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး တရားစွဲဆိုမှုအား ထောက်ခံကြောင်း ဒီဇင်ဘာ ပထမပတ်အတွင်း ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ပါသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ပထမပတ်အတွက် ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။