ထုတ်ပြန်ကြေညာချက်များ (ဩဂုတ် တတိယပတ်)

Post By Pan Su Wai, On August 25, 2020

ထုတ်ပြန်ကြေညာချက်များ (ဩဂုတ် တတိယပတ်)

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၁၈ ရက်မှ ၂၄ ရက်အထိ (ဩဂုတ် တတိယပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ရှစ်ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ သုံးခုအထိ ထွက်ရှိခဲ့ပြီး အရပ်ဘက်အဖွဲ့အစည်းများက နှစ်ခုနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ စစ်ဘက်အဖွဲ့အစည်း KNLA နှင့် ရခိုင်အမျိုးသားပါတီ(ANP) တို့မှ တခုစီ အသီးသီး ထုတ်ပြန်ခဲ့ပါသည်။

ပြည်ထောင်စုအစိုးရ၏ ထုတ်ပြန်ချက်များ

ဩဂုတ်လတတိယပတ်အတွင်း ဩဂုတ် ၂၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် “ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်”မှာ လူအများ အကြား လှုပ်ခတ်မှုဖြစ်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “၂၀၂၀ ဩဂုတ် ၁၆ ရက်မှ ဩဂုတ် ၂၀ ရက်အထိ ရခိုင်ပြည်နယ်အတွင်း ဓာတ်ခွဲအတည်ပြုလူနာ ခြောက်ဦးတွေ့ရှိသဖြင့် ကိုဗစ်- ၁၉ ရောဂါကူးစက်ပြန့်နှံမှုကို ပိုမိုထိရောက်စွာထိန်းချုပ်နိုင်ရန်အတွက် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင်ရေး( Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်းနှင့် လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ထုတ်ပြန်မှုတွင် ပါရှိခဲ့ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်များ  

ဩဂုတ် တတိယပတ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက “ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး အတွက် ထုတ်ပြန်ချက်”ကို ဩဂုတ် ၂၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့မှုမှာ COVID -19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အာရုံစိုက်စရာဖြစ်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “တပ်မတော်အနေဖြင့် COVID-19 ကပ်ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်းစဉ်များအား နိုင်ငံ့အရေး၊ အမျိုးသားအရေးအဖြစ် အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံအစည်းအဝေးတွင် သဘောတူလက်မှတ်ရေးထိုးခဲ့သည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်ပိုင်း(၃)ကို ဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်မှ နိုင်ငံတကာစံနှုန်းအတိုင်း နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ  တိုးမြှင့် ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း” တပ်မတော်၏ ထုတ်ပြန်မှုတွင် ဖော်ပြထားပါသည်။

ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်၍လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ “ကိုဗစ်- ၁၉ ရောဂါဓာတ်ခွဲအတည်ပြု လူနာတွေ့ရှိမှု ပိုမိုများပြားလာသည့် ရခိုင်ပြည်နယ်အတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အတွက် ဆေးအထောက်အကူ ပစ္စည်းများ ပေးပို့လှူဒါန်းခဲ့ကြောင်း ” ဩဂုတ် ၂၁ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်၊ “စစ်တွေမြို့၌ ကိုဗစ်- ၁၉ ရောဂါပိုးအတည်ပြု စမ်းသပ်စစ်ဆေးမှုများပြုလုပ်ရန် တပ်မတော်မှ Pockit Central Nucleic Acid Analyzer စက်ပို့ဆောင်ခဲ့ကြောင်း” ဩဂုတ် ၂၂ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်များ အသီးသီးထွက်ရှိခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်

ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ စစ်ဘက်အဖွဲ့အစည်းဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ၏ “ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးတည်ဆောက်ရေးအပေါ် သဘောထား ရပ်တည်ချက်”ကို ဩဂုတ် ၁၈ ရက်စွဲဖြင့် ထွက်ရှိခဲ့ပါသည်။

ယင်းထုတ်ပြန်ချက်တွင် “ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းသည် ရန်သူအား မိတ်ဖက်အဖြစ် ပြုပြင်ပြောင်းလဲသည့် လုပ်ငန်းစဉ်ဖြစ်ခြင်းကြောင့် KNLA မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြိုးပမ်းမှုများအားလုံးကို အစဉ်လက်ကမ်းကြိုဆိုကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး “ULA/ AA အဖွဲ့အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားခြင်းနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံ စတုတ္ထအစည်းအဝေးတက်ရောက်ရန် ငြင်းပယ်မှုပြုခြင်းတို့သည် ငြိမ်းချမ်းရေးတည်ဆောက်မှုလမ်းစဉ်နှင့် သွေဖီသောကြောင့် KNLA မှ ကန့်ကွက်ကြောင်းနှင့် ပြည်ထောင်စုသွေးချင်းများအကြား အကြမ်းဖက်အဖွဲ့ဟု အမည်နာမဆိုးများ ခေါ်ဝေါ်သမုတ်နေမည့်အစား အစိုးရ၊ တပ်မတော်နှင့် ULA/ AAအဖွဲ့တို့အကြား တွေ့ဆုံညှိနှိုင်းသည့် နည်းလမ်းဖြင့်ဖြေရှင်းခြင်းကို အမြန်ဆုံးပြုလုပ်ရန် တောင်းဆိုကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “နိုင်ငံရေးတန်းတူညီမျှမှု၊ ပြည်သူလူထူဘ၀ လုံခြုံရေးနှင့် ကောင်းမွန်သည့်အနာဂတ်ကို ဆောင်ကျဉ်းပေးလာမည့် နိုင်ငံရေးယဉ်ကျေးမှုအသစ်ကို အခြေပြုသည့် ညှိနှိုင်းဆွေးနွေးမှုလုပ်ငန်းစဉ်အတွင်းသို့ မြန်မာနိုင်ငံအရေးတွင် ပါဝင်ပတ်သက်သူများအားလုံးက သန္ဓိဋ္ဌာန်ပြုလျက် ဝိုင်းဝန်းဆောင်ရွက်ကြပါရန် တိုက်တွန်းကြောင်း” KNLA ၏ သဘောထားထုတ်ပြန်ချက်တွင် ပါရှိခဲ့ပါသည်။

ပါတီများ၏ ထုတ်ပြန်ချက်

ရခိုင်အမျိုးသားပါတီ(ANP) က “ရခိုင်ပြည်နယ်အတွင်း ကိုဗစ် – ၁၉ ဓာတ်ခွဲ အတည်ပြုလူနာ တွေ့ရှိခြင်း၊ ရောဂါလျင်မြန်စွာ ပြန့်နှံ့လာခြင်း”တို့နှင့် ပတ်သက်၍ ဩဂုတ် ၂၂ ရက်စွဲဖြင့် ထုတ်ပြန်ချက်တခု ထွက်ရှိခဲ့ပါသည်။

ANP ၏ ထုတ်ပြန်ချက်တွင်“ကိုဗစ်- ၁၉ရောဂါသည် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မယုံကြည်နိုင်စရာကောင်း လောက်သည့် မြန်နှုန်းဖြင့် ပြန့်ပွားဖြစ်ပေါ်လာသည်မှာ အလွန်အန္တရာယ်ကြီးမားနေပြီဟု မှတ်ယူ ခံစားရပြီး ရောဂါ ကူးစက်မှု၏ ဇစ်မြစ်ကို ရှာဖွေ မတွေ့ရှိသေးခြင်း၊ ရောဂါ ပြန့်ပွားမှု မထိန်းချုပ်နိုင်ခြင်းမှာ ပြည်သူများ၏ စည်းကမ်းမလိုက်နာမှုကြောင့် မဟုတ်ဘဲ အစိုးရ၏စီမံခန့်ခွဲမှုများ နှောင့်နှေးအားနည်းမှုကြောင့်ဟု ယူဆကြောင်း” ဦးစွာ ဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး “Quarantine watch သံသယပြည်သူများနှင့် Lock down ချခြင်း (သို့) ချမှတ်ရန် ရည်ရွယ်ထားသော နေရာများမှ ပြည်သူများ စားဝတ်နေရေးအတွက် အစိုးရက အလျင်အမြန် စီမံချက်ချမှတ်ပြီး ပွင့်လင်းမြင်သာစွာ ကူညီလုပ်ဆောင်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “ကိုဗစ် ၁၉ ကပ်ရောဂါကို အလျင်အမြန် တိုက်ဖျက်နိုင်စေရန် ပြည်သူများ အနေဖြင့် သတင်းအချက်အလက်များ မြန်ဆန်တိကျစွာ ရရှိနိုင်ရေးအတွက် ရခိုင်ဒေသတွင် ပိတ်ထားသည့် Internet (4G) အဆင့်ကို အမြန်ဆုံး ဖွင့်လှစ်ပေးရန် တောင်းဆိုကြောင်း” ANP ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်

မြောက်ဦးလူငယ်အစည်းအရုံး( MUYA)မှ ဩဂုတ် ၂၁ ရက်စွဲဖြင့် “ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အင်တာနက်ဖြတ်တောက်ထားရာမှ 2G (E) အဆင့်ပြန်လည်ဖွင့်ပေးခြင်းမှာ လုံးဝအသုံးပြု၍ မရရှိသည့်အတွက် 4G (LTE) အဆင့်သို့ ဖွင့်ပေးပါရန် အစိုးရအား တောင်းဆိုကြောင်း” သဘောထားထုတ်ပြန်ချက် တခုထွက်ရှိခဲ့ပါ သည်။

အဆိုပါထုတ်ပြန်ချက်တွင် “ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းဖွင့်ပေးထားသော အင်တာနက်မှာ လုံး၀ အသုံးပြု၍ မရသော 2G (E) ကို အသုံးပြု၍ရရှိသော 4G (LTE) အင်တာနက်အဖြစ်သို့ အမြန်ဆုံးအဆင့်မြှင့်တင် ဖွင့်ပေးပါရန် ပြည်ထောင်စုအစိုးရအား တောင်းဆိုကြောင်း”ဦးစွာဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး “ကျောင်းသူ/သားများ အင်တာနက်မှ ပညာသင်ကြားနိုင်ရန်၊ စီးပွားရေးလုပ်ငန်းရှင်များအတွက် အထောက်အကူဖြစ်စေရန် ကျန်းမာရေး အချက်အလက်များ အချိန်နှင့်တပြေးညီ သိရှိနိုင်စေရန်စသည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ရှေးရှုသည့်အနေဖြင့် ပြည်ထောင်စု အစိုးရမှ ပြည်သူလူထု၏အခွင့်အရေးကို လေးစားလိုက်နာ ဆောင်ရွက်သင့်ကြောင်း” မြောက်ဦးလူငယ်အစည်းအရုံး ( MUYA) ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဩဂုတ်တတိယပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။