ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဇန်နဝါရီတတိယပတ်)

Post By Nyein Ko Ko Soe, On January 17, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဇန်နဝါရီတတိယပတ်)

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၀ ရက်မှ ဇန်နဝါရီ ၁၆ ရက်အထိ( ဇန်နဝါရီ တတိယပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် တရုတ်သမ္မတ ၏ မြန်မာနိုင်ငံခရီးစဉ်မတိုင်မီ မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များနှင့် လိုင်ဇာ၌ တွေ့ဆုံမှုတွင် တရုတ်အထူးကိုယ်စားလှယ်က တိုက်ပွဲများ လျှော့ချရပ်တန့်ရန် တိုက်တွန်းခဲ့မှု၊ တပ်မတော်နှင့် KNU ဆွေးနွေးပွဲတွင် ပဋိပက္ခဖြစ်ခဲ့သည့်လမ်းဖောက်လုပ်ရေးကိစ္စပြေလည်ခဲ့မှုတို့မှာ ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာကိစ္စများ ဖြစ်ခဲ့ပါသည်။

ထို့အပြင် တရုတ်နှစ်သစ်ကူးရှိ၍ အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့ဆွေးနွေးပွဲကို ဖေဖော်ဝါရီသို့ ရွှေ့ဆိုင်းခဲ့မှု၊ ဧပြီထက် နောက်မကျဘဲ ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံတွင် ပြည်ထောင်စုသဘောတူစာချုပ်ကို အပိုင်းသုံးပိုင်းဖြင့် ချုပ်ဆိုရန် စီစဉ်ထားမှုတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာ ဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်းက KIA၊ AA အဖွဲ့ များနှင့် တွေ့ဆုံရာတွင် တိုက်ပွဲများ လျှော့ချရပ်တန့်ရန် အဓိကတိုက်တွန်းခဲ့ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက 7 Day Daily သတင်းစာသို့ ပြောကြားခဲ့မှုမှာ ဇန်နဝါရီတတိယပတ်အတွင်း စိတ်ဝင်စားစရာ အကြောင်းအရာတခု ဖြစ်ခဲ့သည်။

တရုတ်အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်းသည် တရုတ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်မတိုင်မီ ဇန်နဝါရီ ၁၀ ရက်က ကချင်ပြည်နယ် လိုင်ဇာဒေသသို့ သွားရောက်၍ KIA၊ AA အဖွဲ့များနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကလည်း တရုတ်အထူးကိုယ်စားလှယ်မှ အစိုး ရနှင့် တွေ့ဆုံဆွေးနွေးမှု တိုးမြှင့်ရန်နှင့် တိုက်ပွဲလျှော့ချရန် တိုက်တွန်းခဲ့ကြောင်း အတည်ပြုပြောကြားခဲ့ပါသည်။

နောက်ထပ်ထူးခြားသည့်သတင်းတပုဒ်မှာ တရုတ်နှစ်သစ်ကူးရှိ၍ အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့ဆွေးနွေးပွဲကို ဖေဖော်ဝါရီသို့ ရွှေ့ဆိုင်းခဲ့သည်ဆိုသော သတင်း ဖြစ်ပါသည်။ အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့ ဖြစ်သော KIO/KIA, ULA/AA, PSLF/TNLA, MNTJP/ MNDAA တို့သည် ယခုလကုန်ပိုင်းတွင် တွေ့ဆုံဆွေးနွေးရန် ၂၀၁၉ ဒီဇင်ဘာက ကူမင်းမြို့တွေ့ဆုံမှု၌ သဘောတူထားသော်လည်း တရုတ်နှစ်သစ်ကူးရှိနေ၍ ဖေဖော်ဝါရီလသို့ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

TNLA အဖွဲ့ကလည်း ယခုနှစ်အတွင်း တပ်မတော်နှင့် အပစ်ရပ်စဲပြီး တိုက်ပွဲများအဆုံးသတ်နိုင်ရန် အထူးမျှော်လင့်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၂ ရက်တွင် ကျရောက်သည့် ၅၇ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့နှင့် ပတ်သက်၍ ထုတ်ပြန်ခဲ့သော TNLA အဖွဲ့၏ သဘောထားထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတရပ်ကို နေပြည်တော်၌ ဇန်နဝါရီ ၁၄၊ ၁၅ ရက်များက နှစ်ရက်တာ ကျင်းပခဲ့ပြီး အစိုးရကိုယ်စားလှယ်များမှ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ချုပ်များ၊ ပြည်နယ် အစိုးရအတွင်းရေးမှူးများအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာများကို ရှင်းပြခဲ့ကြောင်း သိရပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၌ NRPC အတွင်းရေးမှူးဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်က လာမည့်ဧပြီထက် နောက်မကျဘဲ ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံစတုတ္ထအစည်းအဝေးတွင် ပြည်ထောင်စုသဘောတူစာချုပ်ကို အပိုင်းသုံးပိုင်းဖြင့် ချုပ်ဆိုမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

နောက်ထပ်အာရုံစိုက်စရာသတင်းတပုဒ်မှာ  တပ်မတော်တပ်စခန်းများသို့ ရိက္ခာပို့ဆောင်နိုင်ရေး တပ်မတော်က လမ်းဖောက်လုပ်ရာတွင် တစ်ကြောင်းထိုးလမ်းများကို တစ်ရာသီစာပြုပြင်အသုံးပြုရန် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်ခဲ့သော သတင်းဖြစ်ပါသည်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဦးဆောင်သည့်အဖွဲ့နှင့် KNU ဗဟိုမှ ဗိုလ်မှူးချုပ်စောတာမလာသော  ဦးဆောင်သည့် အဖွဲ့တို့သည် ဇန်နဝါရီ ၁၀ ရက်က ကျောက်ကြီး KNU ဆက်ဆံရေးရုံး၌ ပြုလုပ်ခဲ့သည့်  ဆွေးနွေးပွဲနှင့် ပတ်သက်၍ ထုတ်ပြန်မှုတွင် ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။ တပ်မတော်က လမ်းဖောက်လုပ် သည့်ဖြစ်စဉ်ကြောင့် တပ်မတော်နှင့် KNU တပ်မဟာ (၅) အကြား တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ရခြင်း ဖြစ်ပါသည်။

ယင်းကဲ့သို့ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင် ကျောက်ကြီးဒေသခံများက တပ်မတော်နယ်မြေခံတပ်နှင့် KNU ဆက်ဆံရေးရုံးရှေ့တွင် NCA မချိုးဖောက်ရန် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး NCA အပေါ် တာဝန်ခံမှုပြသရန် အပါအဝင် အချက် ခြောက်ချက်တောင်းဆိုခဲ့ကြပါသည်။

 

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ တတိယပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။