တိုက်ပွဲဖြစ်ပွားမှုများ (အောက်တိုဘာ စတုတ္ထပတ်)

Post By Nyein Ko Ko Soe, On October 28, 2020

တိုက်ပွဲဖြစ်ပွားမှုများ (အောက်တိုဘာ စတုတ္ထပတ်)

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်အထိ (အောက်တိုဘာ စတုတ္ထပတ်) ကာလအတွင်း မြန်မာနိုင်ငံတဝန်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်နှံ့မှု ရှိနေသော်လည်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်တို့တွင် တိုက်ပွဲ ၁၄ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး ကလေးငယ် တဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

တပ်မတော်နှင့် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရသည့် ULA/AA အဖွဲ့တို့ ရခိုင်ပြည်နယ် (မြောက်ပိုင်း) ကျောက်ဖြူ၊ အမ်း၊ မောင်တော၊ ရသေ့တောင်၊ မင်းပြားမြို့နယ်များတွင် တိုက်ပွဲ ပြင်းထန်နေသကဲ့သို့ ချင်းပြည်နယ် ပလက်၀ဒေသတွင်လည်း တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ပါသည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ယခုရက်သတ္တပတ်အတွင်း ရှမ်းပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း လင်းခေးခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများမှာ မိုင်းပန်မြို့နယ်သို့ မဲလက်မှတ်နှင့် မဲရုံသုံးပစ္စည်းများ သွားရောက် ပို့ဆောင်ပြီး အပြန် ခရီးလမ်း၌ ပစ်ခတ်ခံရ၍ ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးအပါအဝင် နှစ်ဦး ကျည်မှန် ဒဏ်ရာရရှိခဲ့ကြောင်း 7 Day Daily သတင်းစာက အောက်တိုဘာ ၂၈ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

တပ်မတော်သားများ လုံခြုံရေးလိုက်ပါလာသည့် အဆိုပါယာဉ်တန်းမှာ မိုင်းပန်မြို့နှင့် ၁၀ မိုင် ခန့်အကွာရှိ နောင်လေရွာအနီးအရောက် အောက်တိုဘာ ၂၇ ရက် နေ့လယ်ပိုင်းက ပစ်ခတ်ခံခဲ့ရသည်ဟု သတင်းတွင် ဖော်ပြထားပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှု မြင့်မားနေဆဲဖြစ်သည့် ရခိုင်ပြည်နယ် (မြောက်ပိုင်း)တွင် အောက်တိုဘာ စတုတ္ထပတ် အတွင်း တပ်မတော်နှင့် ULA/AA အဖွဲ့အကြား တိုက်ပွဲများ ပြင်းထန်နေကြောင်း သတင်းဌာနများ က ဖော်ပြခဲ့ကြပါသည်။

VOA သတင်းဌာန၏ ဖော်ပြမှုအရ အောက်တိုဘာ ၂၁ ရက်က ကျောက်ဖြူမြို့နယ် စနဲမြို့အပြင်ဘက် ရေနံသူ တံတားထိပ်တွင် တပ်မတော်ယာဉ်တစီး မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရပြီး တပ်မတော်သားအချို့ ထိခိုက်ကျဆုံးမှုရှိခဲ့ ကြောင်း သိရပါသည်။ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရခြင်းကို တပ်မတော်ဘက်ကလည်း အတည်ပြုခဲ့ပြီး အနီးဝန်းကျင်မှ မသင်္ကာဖွယ်ရာ လူနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အလားတူ မင်းပြားမြို့နယ် မေလွမ်းကျေးရွာနှင့် တိုင်းဗဟို(၉)အနီး၊ ရသေ့တောင်မြို့နယ် အမျက်တောင်ရွာ အရှေ့ ဘက်တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်းလည်း VOA သတင်းဌာနကပင် အောက်တိုဘာ ၂၃ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

ထို့အပြင် အောက်တိုဘာ ၂၅ ရက်က မင်းပြားမြို့နယ် စမ်းဘလေ မွတ်စလင်ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်၌ အိပ်နေသော အသက်(၁၁)နှစ်အရွယ် ကလေးတဦး ဒဏ်ရာရ သွားကြောင်း အောက်တိုဘာ ၂၇ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြမှုအရ သိရပါသည်။

မင်းပြားအခြေစိုက် တိုင်း ဗဟို(၉)ဘက်မှ လက်နက်ကြီးပစ်ခတ်မှုများ နေ့စဉ်ရှိနေပြီး ထိုလက်နက်ကြီးများမှာ မေလွန်း၊ ဖားပြို၊ ကျွဲကြို၊ စမ်းဘလေ စသည့် ကျေးရွာများအနီးသို့ ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားမှုကို ကိုးကား၍ 7 Day သတင်းတွင် ဖော်ပြထားပါသည်။

ဧရာ၀တီသတင်းဌာန၏ အောက်တိုဘာ ၂၇ ရက် သတင်းဖော်ပြမှုအရ ရသေ့တောင်နှင့် မောင်တောမြို့နယ်အစပ် မေယုတောင်ခြေအနီး ယာယီတပ်စွဲထားသည့် တပ်စခန်းနှင့် နယ်ခြားစောင့်ရဲတပ်စခန်းတို့ကို AA အဖွဲ့က အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းတွင် လာရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးမှု ရှိကြောင်း သိရပါသည်။

မောင်တောမြို့နယ် အင်းဒင်ကျေးရွာအနီး မေယုတောင်ခြေတွင် ယာယီစခန်း ချထားသည့် တပ်မတော် တပ်စခန်းနှင့် ရသေ့တောင်မြို့နယ် အထက်နန်းရာကျေးရွာအနီးရှိ နယ်ခြားစောင့်ရဲစခန်းတို့ကို AA အဖွဲ့က အာပီဂျီဖြင့် လာရောက်ပစ်ခတ်ခြင်း ဖြစ်ကြောင်း တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဧရာ၀တီကို ပြောကြားခဲ့ပြီး စစ်သည်အချို့ ထိခိုက်ကျဆုံးမှု ရှိခဲ့ကြောင်း အတည်ပြုခဲ့ပါသည်။

ထို့အပြင်နိရဥ္စရာသတင်းဌာနကလည်း အောက်တိုဘာ ၂၇ ရက်နံနက်ပိုင်းက မင်းပြားမြို့နယ် ရွှေဘုံသာမြစ် (ခ) ခေါင်းလောင်းချောင်းမြစ်အတွင်း ခုတ်မောင်းနေသည့် တပ်မတော်ရေယာဉ်များနှင့် AA အဖွဲ့အကြား ခေါင်းလောင်းချောင်းကျေးရွာအနီးတွင် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းဖော်ပြခဲ့ပါသည်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

တိုက်ပွဲဖြစ်ပွားမှု မရှိသလောက် နည်းပါးသွားခဲ့သည့် ချင်းပြည်နယ် ပလက်၀မြို့နယ်အတွင်း ယခုရက်သတ္တပတ်အတွင်း တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း VOA သတင်းဌာနက သတင်းဖော်ပြခဲ့ပါသည်။

VOA ၏ အောက်တိုဘာ ၂၇ ရက်တွင် သတင်းဖော်ပြမှုအရ ပလက်ဝမြို့နယ် နှုံးဘူးရွာအနီးနှင့် တင်းမချောင်း အနီးဝန်းကျင်တို့တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲ ဖြစ်ပွားမှု ရှိခဲ့ကြောင်း ဒေသခံများက ပြော ကြားခဲ့ပြီး AA ဘက်ကလည်း အတည်ပြုခဲ့ကြောင်း သိရပါသည်။ အဆိုပါတိုက်ပွဲဖြစ်စဉ်များကြောင့် အရပ်သားထိခိုက်သေဆုံးမှုမရှိခဲ့ဘဲ နေရပ်စွန့်ခွာတိမ်းရှောင်မှုလည်း မရှိခဲ့ ကြောင်း VOA သတင်းတွင် ပါရှိခဲ့သည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ စတုတ္ထပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။