တိုက်ပွဲဖြစ်ပွားမှုများ (အောက်တိုဘာ တတိယပတ်)

Post By Nyein Ko Ko Soe, On October 21, 2020

တိုက်ပွဲဖြစ်ပွားမှုများ (အောက်တိုဘာ တတိယပတ်)

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်အထိ (အောက်တိုဘာ တတိယပတ်) ကာလအတွင်း မြန်မာနိုင်ငံတဝန်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်တက်နေသော်လည်း ရခိုင်ပြည်နယ် (မြောက်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် တိုက်ပွဲ ရှစ်ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး ကလေးငယ်တဦးအပါအဝင် အရပ်သားလေးဦးသေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

ရခိုင်ပြည်နယ်(မြောက်ပိုင်း) ရသေ့တောင်၊ မင်းပြားမြို့နယ်များတွင် တပ်မတော်နှင့် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရသည့် ULA/AA အဖွဲ့အကြား တိုက်ပွဲများ ဖြစ်ပွားနေပါသည်။ အလားတူ ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ဆန်၊ ကွတ်ခိုင်နှင့် တာမိုးညဲမြို့နယ်တို့တွင် တပ်မတော်နှင့် KIO/KIA၊ PSLF/TNLA အဖွဲ့များ အကြား တိုက်ပွဲများ ဆက်ရှိနေပြီး မွန်ပြည်နယ် ရေးမြို့နယ်တွင် မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်သူ့စစ်တို့ ပစ်ခတ်မှုတကြိမ် ဖြစ်ပွားခဲ့ပါသည်။ ထို့အပြင် ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင် တပ်မတော်ရဟတ်ယာဉ်ကို KNU က သတိပေးပစ်ခတ်မှုလည်း ဖြစ်ပွားခဲ့ပါသည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

တပ်မတော်၏ အပစ်ရပ်ကြေညာမှုတွင် ပါဝင်သော်လည်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်၊ တာမိုးညဲနှင့် နမ့်ဆန်မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ပြီး ကျောက်မဲမြို့နယ်တွင် တိုက်ပွဲများ ရပ်တန့်သွားခြင်းကြောင့် စစ်ရှောင်ဒုက္ခသည်များ နေရပ်ပြန်သွားကြပြီဖြစ်ကြောင်း RFA၊ VOA နှင့် 7 Day သတင်းဌာနများ၏ သတင်းဖော်ပြမှုအရ သိရပါသည်။

ကွတ်ခိုင်နှင့် တာမိုးညဲမြို့နယ်တွင် တပ်မတော်နှင့် KIA အဖွဲ့တို့ အောက်တိုဘာ ၁၇ ရက်က တိုက်ပွဲ ဖြစ်ပွားနေကြောင်း 7 Day Daily သတင်းစာက အောက်တိုဘာ ၁၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။

တပ်မတော်နှင့် KIA အဖွဲ့တို့သည် ကွတ်ခိုင်မြို့ မန်ပြိန်းကျေးရွာအနီးနှင့် တာမိုးညဲမြို့ ပတ်ဝန်းကျင် ကျေးရွာအချို့တွင် အောက်တိုဘာ ၁၇ ရက် နံနက်ကစ၍ တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု ဒေသခံများက 7 Day ကို ပြော ကြားခဲ့ပြီး KIA ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီးနော်ဘူကလည်း အတည်ပြုခဲ့ပါသည်။

ထို့အပြင် VOA သတင်းဌာန၏ ဖော်ပြမှုအရ နမ့်ဆန်မြို့နယ်တွင်လည်း အောက်တိုဘာ ၁၉ ရက်က တပ်မတော်နှင့် TNLA အဖွဲ့အကြား ထိတွေ့မှုတကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။ အဆိုပါထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့မှုကို TNLA အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာ့အိုက်ကျော်က VOA ကို ပြောကြားခဲ့သော် လည်း တပ်မတော်ကမူ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ကျောက်မဲမြို့နယ်တွင်မူ တပ်မတော်နှင့် RCSS/SSA တို့ တိုက်ပွဲထပ်မံဖြစ်ပွားခြင်း မရှိတော့၍ စစ်ရှောင်ဒုက္ခသည်များမှာ နေရပ်သို့ ပြန်သွားကြပြီဖြစ်ကြောင်း RFA သတင်းဌာနက အောက်တိုဘာ ၁၉ ရက်တွင် သတင်း ဖော်ပြခဲ့ပါသည်။

ကျောက်မဲမြို့နယ်တွင် တပ်မတော်နှင့် RCSS တို့၏ တိုက်ပွဲများကြောင့် ရွာပေါင်း ၁၃ ရွာရှိ ဒုက္ခသည်စခန်း ၁၃ ခုတွင် လူဦးရေ ၃၅၀၀ ကျော် နေထိုင်ခဲ့ကြပြီး ယခုအခါ ရွေးကောက်ပွဲအတွက် ပါတီများ မဲဆွယ်ကာလဖြစ်၍ တိုက်ပွဲမဖြစ်ရန် ရှောင်ပေးမည်ဟု RCSS က ပြောဆိုပြီးနောက်ပိုင်း ဒုက္ခသည်စခန်း ရှစ်ခုမှ စစ်ဘေးဒုက္ခသည်များမှာ နေရပ်ပြန်သွားကြခြင်းဖြစ်ကြောင်း သတင်းတွင် ပါရှိခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ကိုဗစ်-၁၉ ကပ်ရောဂါ ပြန်နှံ့ဖြစ်ပွားမှု ဖြစ်ပွားနေဆဲဖြစ်သည့် ရခိုင်ပြည်နယ် (မြောက်ပိုင်း)တွင် အောက်တိုဘာ တတိယပတ်အတွင်း တပ်မတော်နှင့် ULA/AA အဖွဲ့အကြား တိုက်ပွဲများကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှု ရှိခဲ့ပါသည်။

တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲပြင်းထန်ခဲ့သည့် ရသေ့တောင်မြို့နယ် ပြာပင်ရင်းကျေးရွာအတွင်း အောက်တိုဘာ ၁၄ ရက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသားလေးဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း BBC သတင်းဌာနက သတင်းဖော်ပြခဲ့သည်။

ရသေ့တောင်မြို့အနီး မေယုမြစ်အရှေ့ဘက်ခြမ်းရှိ ကျောက်တန်း၊ အောင်သာစည်နှင့် ထီးစွဲကျေးရွာများတွင် အောက်တိုဘာ ၃ ရက်မှစ၍ တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲရက်ဆက် ဖြစ်ပွားခဲ့ခြင်းကြောင့် ကျေးရွာအချို့ မီးလောင်ပျက်စီးခဲ့သကဲ့သို့ မြစ်အနီးရှိ ကျေးရွာများကိုလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားပါသည်။

လက်နက်ကြီးကျည် အစထိမှန်ခဲ့သည့် ပြာပင်ရင်းရွာသားလေးဦးအနက် တဦးမှာ အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက စစ်တွေဆေးရုံတွင် ကုသရင်း သေဆုံးသွားခဲ့ကြောင်း RFA သတင်းဌာန၏ သတင်းဖော်ပြမှုအရ သိရပါသည်။

ထို့အပြင် မင်းပြားနှင့် ရသေ့တောင်မြို့နယ်များအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ရသေ့တောင် ကျောက်တန်းဒေသတိုက်ပွဲတွင် တပ်မတော်မှ ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း လည်း VOA သတင်းဌာနက အောက်တိုဘာ ၁၅ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

တိုက်ပွဲများ ဖြစ်ပွားနေသည့် မင်းပြားမြို့နယ်တွင် အောက်တိုဘာ ၁၇ ရက်နံနက်ပိုင်းက မြစ်နားကျေးရွာမှ ရွာသားတစ်ဦးမှာ ဥယျာဉ်ခြံသို့ အသွားတွင် မိုင်းနင်းမိပြီး ပေါက်ကွဲ၍ သေဆုံးခဲ့ကြောင်းလည်း 7 Day Daily သတင်းစာက သတင်းဖော်ပြခဲ့သည်။

ထို့အပြင် အောက်တိုဘာ ၂၀ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြမှုအရ မြောက်ဦးနှင့် ရသေ့တောင် မြို့နယ်တွင် လက်နက်ကြီးကျည် ကျပေါက်ကွဲသဖြင့် အသက် (၆) နှစ်အရွယ် ကလေးငယ်တဦးနှင့် ကျောင်း ဆရာတဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

အောက်တိုဘာ ၁၉ ရက်က ရသေ့တောင်မြို့နယ် ရွာသစ်ကေကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် အသက်(၁၉)နှစ်အရွယ် ကျောင်းဆရာတဦး သေဆုံးခဲ့သည့်အပြင် ယင်းနေ့ ညနေပိုင်းက မြောက်ဦးမြို့ ထမ္မရာဇ် ရပ်ကွက်ရှိ နေအိမ်တလုံးပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ခဲ့၍ ကလေးငယ် တဦးနှင့် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတွင် ပါရှိခဲ့သည်။

မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က အောက်တိုဘာ ၂၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့ရာတွင်မူ ကလေးငယ်က ဗုံးသီး ဟောင်းတလုံးကို ဆော့ကစားစဉ် ပေါက်ကွဲခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

ရသေ့တောင်မြို့နယ်အတွင်း လေကြောင်း၊ ရေကြောင်းမှ ပစ်ခတ်မှုများအပါအဝင် လက်နက်ကြီးကျည် ကျရောက်မှု၊ လက်နက်ထိမှန် သေဆုံးမှုများကြောင့် တပတ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးသူ တသောင်းခန့် ရှိပြီး စားနပ်ရိက္ခာအခက်အခဲများ ကြုံနေရကြောင်းလည်း 7 Day Daily သတင်းစာကပင် အောက်တိုဘာ ၂၁ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

မွန်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

အောက်တိုဘာ ၁၅ ရက်က မွန်ပြည်နယ်၊ ရေး-မော်လမြိုင်ကားလမ်း ခံသင်းတံတားအနီးတွင် မွန်ပြည်သစ်ပါတီ (NMSP/MNLA)နှင့် မွန်ပြည်သူ့စစ်အသွင်ရှိ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဝင်ဟောင်း ဗိုလ်မှူး နိုင်ရာဇာအဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး မွန်ပြည်သစ်ပါတီမှ တဦး သေဆုံးခဲ့ကြောင်း RFA သတင်းဌာနက အောက်တိုဘာ ၁၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။

သေဆုံးသူမှာ မွန်ပြည်သစ်ပါတီ သုတေသနဌာန၏ ဒုတိယ တာဝန်ခံဖြစ်သည့် ခရိုင်ကော်မတီဝင်အဆင့် တာဝန်ရှိသူ နိုင်ဇော်လတ် ဖြစ်ပြီး ရေးမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် အတွင်းရေးမှူး နိုင်ခင်အေးက RFA ကို ပြောကြားခဲ့သည်။

ကရင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ယခုရက်သတ္တပတ်အတွင်း ကရင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း အောက်တိုဘာ ၁၇ ရက်က ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) နယ်မြေသို့ ဝင်ရောက်လာသည့် တပ်မတော်ရဟတ်ယာဉ်ကို KNU အဖွဲ့က သတိပေးပစ်ခတ်မှု ရှိခဲ့ကြောင်း အောက်တိုဘာ ၂၂ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြမှုအရ သိရပါသည်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗျူဟာမှူးနှင့် အဖွဲ့သည် တောင်ငူ (တပခ စစ်ဌာနချုပ်)မှ ရှေ့တန်းနယ်စပ်တပ်စခန်း သို့ Helicopter ဖြင့် မဲပုံးလာရောက်ပို့ ဆောင်ခဲ့ရာ KNU တပ်စခန်းနှင့် အနီးဆုံးနေရာသို့ ရောက်ရှိခဲ့ခြင်း၊ အသိပေးအကြောင်းကြားခြင်းမရှိဘဲ ဖြတ်သန်းလာ ခြင်းနှင့် လူထုအထိတ်တလန့်ဖြစ် စေခြင်းတို့ကြောင့် လုံခြုံရေးတပ်ဖွဲ့မှ မိမိကိုယ်ကိုယ် ကာကွယ်သောအားဖြင့် လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု KNU စစ်ဘက် ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားကြောင်း 7 Day သတင်းတွင် ပါရှိခဲ့သည်။

KNU/KNLA တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ် မန်းရှာထု ဝေါင်းက KNU တပ်မဟာ (၅) နယ်မြေသို့ ကြိုတင်အကြောင်းကြားမှုမရှိဘဲ ဖြတ်သန်းမောင်းနှင်လာသည့် တပ်မတော် ရဟတ်ယာဉ်ကို သတိပေးပစ်ခတ်ခဲ့ ကြောင်း 7 Day ကို ပြောကြားခဲ့ပြီး ယခုဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်က ထုတ်ပြန်မှု တစုံတရာ မရှိခဲ့ပေ။

 

၂၀၂၀ ပြည့်နှစ် အောက်တိုဘာတတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။