ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (အောက်တိုဘာ ဒုတိယပတ်)

Post By Nyein Ko Ko Soe, On October 16, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (အောက်တိုဘာ ဒုတိယပတ်)

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၉ ရက်မှ ၁၅ ရက်အထိ (အောက်တိုဘာ ဒုတိယပတ်)ကာလအတွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်များအနက် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခမ်းအနား မလုပ်နိုင်ခဲ့သော NCA လက်မှတ်ရေးထိုးမှု ငါးနှစ်မြောက် နှစ်ပတ်လည်နေ့သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က သဝဏ်လွှာပေးပို့ခဲ့ပြီး NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၀)ဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့သည့်သတင်းများမှာ အများဆုံး ဖြစ်ခဲ့ပါသည်။

ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့ဝန်းကျင်တွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ တပ်မတော်နှင့် ညှိနှိုင်းလိုကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)က ပြောကြားခဲ့သည့်သတင်းလည်း ရှိခဲ့ပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

ယခုရက်သတ္တပတ်အအတွင်း NCA လက်မှတ်မထိုးရသေးသော အဖွဲ့များနှင့် ပတ်သက်၍ သတင်းများ နည်းပါးခဲ့ပြီး အောက်တိုဘာ ၁၆ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြခဲ့သော ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသည့် တပ်မတော်နှင့် ULA/AA အဖွဲ့အကြား ပဋိပက္ခများ လျော့ပါးစေရေး နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာကြရန် နှစ်ဖက်လုံးအား တိုက်တွန်းကြောင်း NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည့် သတင်းသာ ရှိခဲ့ပါသည်။

ပဋိပက္ခဘေးနှင့် ကိုဗစ်-၁၉ ကပ်ဘေး နှစ်ဖက်ညပ်ပြီး ခံစားနေရသော ရခိုင်ပြည်နယ်ရှိ ပြည်သူများ သက်သာ စေရေးအတွက် နှစ်ဖက်ဆွေးနွေးအဖြေရှာနိုင်မည့် နည်းလမ်းများကို ရှာဖွေနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့် NCA စာချုပ်တွင် အားလုံး ပါဝင်လက်မှတ်ရေးထိုးလာနိုင်ရေးအတွက် အစိုးရနှင့် NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားရန် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က တိုက်တွန်းခဲ့ကြောင်း 7 Day သတင်းတွင် ပါရှိခဲ့သည်။

အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်သည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးမှု ငါးနှစ်မြောက်နေ့၌ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက် နက်ကိုင် ၁၀ ဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့ရာ ရခိုင်ဒေသပဋိပက္ခ ဖြစ်ပွားမှုအခြေအနေအပေါ် သဘော ထားဖော်ပြခဲ့ခြင်းဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

NCA လက်မှတ်ရေးထိုးမှု ငါးနှစ်မြောက် နှစ်ပတ်လည်နေ့သို့ ပေးပို့ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး၊ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ၂၀၂၀ အလွန် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အောင် မြင်ရေးတို့အတွက် မမှိတ်မသုန် ဆက်လက်ကြိုးပမ်းမည်ဖြစ်ကြောင်း သန္နိဋ္ဌာန်ပြုသည်ဟု ဖော်ပြထားကြောင်း 7 Day Daily သတင်းစာက အောက်တိုဘာ ၁၆ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

ဩဂုတ်လက ကျင်းပခဲ့သည့် ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးတွင် ရရှိခဲ့သော ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း(၃)သည် ၂၀၂၀ အလွန် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိကျသော အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်၊ လက်တွေ့ကျသည့် လုပ်ငန်းစဉ်နှင့် အကောင်အထည် ဖော်မှုအဆင့်များ ပါဝင်သည့်အပြင် အနာဂတ်တွင်ဖြစ်ပေါ်လာမည့် ပြည်ထောင်စု၏ မျှော်မှန်းချက်များ စသည်တို့ ပါဝင်သဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အရေးကြီးလှသည့် ငြိမ်းချမ်းရေးမှတ်တိုင်တခုဟု ဆိုနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်ဟု သတင်းတွင် ပါရှိခဲ့ပါသည်။

အလားတူ NCA နှစ်ပတ်လည်နေ့သို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ခဲ့ရာ NCA တွင် ပါဝင်သည့် သဘောတူညီချက်များသည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုသည်ထက် ပိုမို ကျယ်ပြန့်ကြောင်းနှင့် NCA ၏ အခြေခံမူများ၌ လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ် နိုင်ရေး ဆွေးနွေးညှိနှိုင်း အဖြေရှာရေး၊ နိုင်ငံရေး ပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေး နည်းဖြင့် ဖြေရှင်းမည့် နိုင်ငံရေးယဉ်ကျေးမှုအသစ်တရပ် ထူထောင်ပြီး တန်းတူရည်တူ အခွင့်အရေးရရှိ၍ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး တည်ဆောက်ရန် သဘောတူထားခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။

အခြားသတင်းတပုဒ်အဖြစ် မြန်မာတိုင်းမ်သတင်းဌာနက အောက်တိုဘာ ၁၄ ရက်တွင် ဖော်ပြခဲ့သော ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ဝန်းကျင်တွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ တပ်မတော်နှင့် ညှိနှိုင်းလိုကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)က ပြောကြားခဲ့သည့်သတင်း ရှိခဲ့ပါသည်။

RCSS အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက ၎င်းတို့အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားသကဲ့သို့ ဆောင်ရွက်ရန် မူဝါဒလည်း ရှိသဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းသာ အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်း မြန်မာတိုင်းမ်ကို ပြောကြားခဲ့သည်။

စက်တင်ဘာလကုန်ပိုင်းမှစ၍ ကျောက်မဲဒေသတွင် ဖြစ်ပွားလာခဲ့သည့် တပ်မတော်နှင့် NCA လက်မှတ်ရေးထိုး ထားသည့် RCSS/SSA အဖွဲ့ အကြား တိုက်ပွဲများကြောင့် ဒေသခံ ရာနှင့် ချီ၍ တိမ်းရှောင်နေရကြောင်း သတင်းတွင် ပါရှိခဲ့သည်။

 

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ဒုတိယပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။