ထုတ်ပြန်ကြေညာချက်များ (ဩဂုတ် ပထမပတ်)

Post By Pan Su Wai, On August 11, 2020

ထုတ်ပြန်ကြေညာချက်များ (ဩဂုတ် ပထမပတ်)

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၄ ရက်မှ ၁၀ ရက်အထိ (ဩဂုတ် ပထမပတ်) ကာလအတွင်း တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ ပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၁ ခုထက် မနည်းသော ထုတ်ပြန် ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ရှစ်ခုထိ ထုတ်ပြန်ခဲ့ပြီး RCSS/ SSA အဖွဲ့၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီနှင့် ပလက်၀မြို့နယ် စားနပ်ရိက္ခာ ဖူလုံရေး အထောက်အကူပြုကော်မတီတို့က တခုစီ အသီးသီး ထုတ်ပြန်ခဲ့ကြပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်များ  

ဩဂုတ် ပထမပတ်အတွင်းထွက်ရှိခဲ့သော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်များအနက် သြဂုတ် ၈ ရက်စွဲဖြင့် “တပ်ပြင်နေ တပ်မတော်သားမိသားစုဝင်များ မဲဆန္ဒရှင်စာရင်း သွားရောက်ကြည့်ရှုစစ်ဆေးနိုင်ရေး နှိုးဆော်ခြင်း” ထုတ်ပြန်ချက်မှာ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါသည်။

ယင်းအချက်နှစ်ချက်ပါထုတ်ပြန်ချက်တွင် “ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒရှင်စာရင်းများကို ဩဂုတ် ၈ ရက်မှ ဩဂုတ် ၁၄ ရက်အထိ ၇ ရက် ထပ်မံတိုးမြှင့်ကပ်ထားကြေငြာသွားမည်ဖြစ်၍ တပ်မတော် ဌာနချုပ်၊ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးရှိ တပ်တွင်းနေ တပ်မိသားစုဝင်များ၏ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေငြာထားမှုကို တပ်မတော်သားများ၊ မိသားစုဝင်များက သွားရောက် ကြည့်ရှုစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် အလားတူ တပ်ပြင်နေ တပ်မတော်သားမိသားစုဝင်များ အနေဖြင့်လည်း မဲဆန္ဒရှင်စာရင်းသွားရောက် ကြည့်ရှုခြင်း၊ စစ်ဆေးခြင်းတို့ကို သက်ဆိုင်ရာနေရာအလိုက် ပြုလုပ်သွားနိုင်ရေး အသိပေးနှိုးဆော်ကြောင်း” ဖော်ပြခဲ့ပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်းခံထားရသည့် ULA/AA အဖွဲ့နှင့် ပတ်သက်၍လည်း ဩဂုတ်ပထမပတ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များအနက် “မောင်တောမြို့နယ်၊ မြင်းလွတ်ကျေးရွာ အနီးရှိ အငူမော်- မောင်တောသွား ကားလမ်းပေါ်၌ သွားလာသည့် မော်တော်ယာဉ် တစီးအား AA အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း” သြဂုတ် ၇ ရက်စွဲဖြင့် ထုတ်ပြန်ချက်မှာလည်း အာရုံစိုက်စရာ ဖြစ်ခဲ့ပါသည်။

ယင်းထုတ်ပြန်ချက်တွင် “မောင်တောမြို့နယ်၊ ခရေမြိုင်ကျေးရွာနေ အမျိုးသားနှစ်ဦးသည် သြဂုတ် ၆ ရက်တွင် မော်တော်ယာဉ်ဖြင့် အငူမော်-မောင်တော ကားလမ်းအတိုင်း မောင်းနှင်လာစဉ် မြင်းလွတ်ကျေးရွာအနီး၌ AA အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် အဆိုပါ အမျိုးသားနှစ်ဦးမှာ လက်နက်ငယ်ထိမှန်ဒဏ်ရာနှင့် ကားမှန်စ စိုက်ဝင်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြပြီး မော်တော်ယာဉ်တွင်လည်း လက်နက်ငယ်ကျည်များ ထိမှန်ပျက်စီးခဲ့ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “အဆိုပါ လက်နက်ငယ်ထိမှန်ဒဏ်ရာရရှိသူများအား မောင်တောမြို့ပြည်သူ့ ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူစေလျက်ရှိပြီး ၎င်းနေရာတဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း” တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်

ဩဂုတ် ၈ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA )၏ “ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁-ရာစုပင်လုံ စတုတ္ထ အစည်းအဝေး တက်ရောက်ခြင်းနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်” မှာ အာရုံစိုက်စရာဖြစ်ခဲ့ပါသည်။

အချက်သုံးချက်ပါ အဆိုပါထုတ်ပြန်ချက်တွင် RCSS/ SSA အဖွဲ့က “ JICM နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ စတုတ္ထအစည်းအဝေး တက်ရောက်ရန် RCSS ဥက္ကဋ္ဌဖြစ်သူ PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် RCSS ကိုယ်စားလှယ်အဖွဲ့သည် ဗဟိုဌာနချုပ်လွယ် တိုင်းလျဲန်းမှ နေပြည်တော်သို့ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၉ ရက်တွင် ထွက်ခွာမည်ဖြစ်ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “နေပြည်တော်တွင် နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံရေးပါတီများ၊ ခေါင်းဆောင်များ၊ အခြားတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားပြီး ယင်းတွေ့ဆုံဆွေးနွေးခြင်းသည် ယုံကြည်မှု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေး နှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖက်ဒရယ်တည်ဆောက်ရေးကို များစွာ အထောက်ပံ့ဖြစ်စေမည်ဟု ယုံကြည်ကြောင်း” RCSS/SSA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ပါတီများ၏ ထုတ်ပြန်ချက်

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီက ဩဂုတ် ၈ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့်  သဘောထားထုတ်ပြန်ချက်မှာလည်း သတိပြုစရာဖြစ်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် ”ကိုဗစ်၁၉ ကပ်ရောဂါကာလအတွင်း မဲဆွယ်စည်းရုံးရေး စည်းကမ်းသတ်မှတ်ချက်များ ချမှတ်ရာ၌ တိုင်းရင်းသားပါတီများအတွက် အခက်အခဲလွန်စွာဖြစ်ပေါ်စေမည့် ကန့်သတ်ချက်များရှောင်ရှားရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား တိုက်တွန်းနှိုးဆော်ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် ”ဆန္ဒမဲပေးခွင့်ရှိသူအားလုံး ဆန္ဒမဲများကို လုံခြုံအေးချမ်းစွာ ဆန္ဒပြုနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်ခွဲအဆင့်ဆင့်တို့က အလေးထားဆောင်ရွက်သွားရန် တိုက်တွန်းနှိုးဆော်ကြောင်း” ထပ်မံဖော်ပြခဲ့ပါသည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်

ပလက်၀မြို့နယ် စားနပ်ရိက္ခာဖူလုံရေး အထောက်အကူပြုကော်မတီမှလည်း ဩဂုတ် ၃ ရက်စွဲဖြင့် ထုတ်ပြန်ချက်တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ပလက်၀- ဆမီးကုန်လမ်းကြောင်းမှ ထောက်ပံ့ရေးဆန်များ ‌ရောက်ရှိသော်လည်း မြို့ပေါ်တွင် ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူများအတွက်သာ လုံလောက်မှုရှိပြီး ဒေသခံပြည်သူများ ဖြစ်သည့် မြို့ပေါ်နေလူထုမှာ လုံလောက်သည့် အထောက်အပံ့မရသည့် အပြင် ဆန်ဝယ်ယူခွင့်လည်း မရရှိခြင်း၊ အခြေခံပညာအထက်တန်း ကျောင်းများ ဖွင့်လှစ်နေပြီဖြစ်သော်လည်း ကျောင်းသားမိဘများမှာ ကျောင်းအပ်နှံရန် အခက်အခဲဖြစ်ခြင်း၊ အိမ်ထောင်စုတိုင်းတွင် ဆန်နှင့်အတူ အခြေခံစားသောက်ကုန် ပြတ်လပ်ခြင်းတို့ကြောင့် နောက်ဆက်တွဲ မလိုလားအပ်သော လူမှုရေးပြဿနာများ၊ အသက်အိုးအိမ် ထိခိုက်ပျက်စီးမှုများ ရင်ဆိုင်နေရပြီဖြစ်ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

သို့ဖြစ်၍ “ကော်မတီ၏ဆုံးဖြတ်ချက်အရ ပလက်၀မြို့နယ် ပြည်သူလူထု၏ ဆန်နှင့် အခြေခံ စားသောက်ကုန်များ ပြတ်လပ်နေမှု အတွက် သက်ဆိုင်ရာ အစိုးရနှင့် လူမှုအဖွဲ့အစည်းများ အမြန်ဆုံး ကူညီထောက်ပံ့ဆောင်ရွက်ပေးနိုင်ရန် တောင်းဆိုကြောင်း” ပလက်၀မြို့နယ် စားနပ်ရိက္ခာဖူလုံရေး အထောက်အကူပြုကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဩဂုတ်ပထမပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။