ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (အောက်တိုဘာ တတိယပတ်)

Post By Nyein Ko Ko Soe, On October 23, 2020

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၆ ရက်မှ ၂၂ ရက်အထိ (အောက်တိုဘာ တတိယပတ်) ကာလအတွင်း တောင်ကုတ်မြို့နယ် NLD ပါတီ ကိုယ်စားလှယ်လောင်းသုံးဦးကို ULA/AA အဖွဲ့က ဖမ်းဆီးထားခြင်းနှင့် ဆက်စပ်သည့်သတင်းများက ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လွှမ်းမိုးနေပါသည်။

ထို့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် “၀” အဖွဲ့(UWSP/UWSA)က ငြိမ်းချမ်းရေးကော်မရှင်သို့ ကျပ်သိန်း ၂,၀၀၀ လှူဒါန်းခဲ့ခြင်း၊ ရွေးကောက်ပွဲ ကျင်းပချိန် နီးကပ်နေ၍ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှု မရှိစေရေး အတတ်နိုင်ဆုံး ရှောင်ရှားမည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)က ပြောကြားခဲ့ခြင်းစသည့်သတင်းများလည်း ရှိခဲ့ပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

ယခုရက်သတ္တပတ်အတွင်း NCA လက်မှတ်မထိုးရသေးသော အဖွဲ့များနှင့် ပတ်သက်သော သတင်းများတွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ကိုယ်စားလှယ်သုံးဦးကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရသော ULA/AA အဖွဲ့က ဖမ်းဆီးသွားခဲ့ခြင်းနှင့် ဆက်စပ်သည့် သတင်းများမှာ အများဆုံးဖြစ်ခဲ့ပါသည်။

အောက်တိုဘာ ၁၄ ရက်ကတည်းက ဖမ်းဆီးခံခဲ့ရသည့် NLD ပါတီ ကိုယ်စားလှယ်လောင်း သုံးဦးနှင့် ပတ်သက်၍ AA အဖွဲ့မှ အောက်တိုဘာ ၂၀ ရက်က ထုတ်ပြန်ခဲ့ရာ တပ်မတော်က ဖမ်းဆီးပြီး တရားစွဲဆိုခံထားရသည့် ရခိုင်နိုင်ငံရေးသမား၊ အရပ်သားများနှင့် ကျောင်းသားများကို ပြန်လွှတ်ပေးမှ NLD ပါတီ ကိုယ်စား လှယ်လောင်း ၃ ဦးကို ပြန်လွှတ်ပေးမည်ဟု ဖော်ပြထားကြောင်း ဧရာ၀တီသတင်းဌာနက သတင်းဖော်ပြခဲ့ ပါသည်။

AA ၏ ထုတ်ပြန်မှုတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟိုအစိုးရအဖွဲ့ကိုလည်း ရခိုင်ပြည်သူများအား မတရား ဖမ်းဆီးနှိပ်စက်ရန် တပ်မတော်ကို ထောက်ခံအားပေးနေသူ၊ ကြံရာပါ ကျူးလွန်သူ၊ ရခိုင်လူထုအပေါ် တာဝန်မဲ့သူ၊ စစ်ရာဇဝတ်မှု ကျူးလွန်နေသည်များကို အကာအကွယ်ပေးနေသည်ဟု ရေးသားထားကြောင်း ဧရာ၀တီသတင်းတွင် ပါရှိခဲ့သည်။

အဆိုပါကိုယ်စားလှယ်လောင်းသုံးဦးအား ဖမ်းဆီးထားမှုနှင့်ပတ်သက်၍ AA အဖွဲ့၏ ထုတ်ပြန်ချက်ပါ အချက်အလက်များမှာ အခြေအမြစ်မရှိကြောင်းနှင့် AA အဖွဲ့၏ လုပ်ရပ်များသည် အနာဂတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ရာတွင် ကြီးမားသည့်အဟန့်အတားတစ်ခုဖြစ်လာနိုင်သည်ဟု NLD ပါတီက အောက်တို ဘာ ၂၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း 7 Day Daily သတင်းစာက သတင်းဖော်ပြခဲ့ပါသည်။

NCA လက်မှတ်မထိုးရသေးသော အဖွဲ့များနှင့် ပတ်သက်သော အခြားသတင်းတပုဒ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် “၀” အဖွဲ့ (UWSP/ UWSA)က ငြိမ်းချမ်းရေးကော်မရှင်သို့ ကျပ်သိန်း ၂,၀၀၀ လှူဒါန်းခဲ့ခြင်းကို 7 Day Daily သတင်းစာက အောက်တိုဘာ ၂၁ ရက်တွင် ဖော်ပြခဲ့သော သတင်း ဖြစ်ပါသည်။

7 Day Daily သတင်းတွင် ဖော်ပြမှုအရ “၀” အဖွဲ့ (UWSP/UWSA)က ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် ငြိမ်းချမ်းရေးကော်မရှင်တာဝန်ရှိသူများထံ ကျပ်သိန်း ၂,၀၀၀ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ အလှူငွေပေးအပ်ပွဲကို ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရုံး၌ အောက်တိုဘာ ၂၀ ရက်က ကျင်းပခဲ့ပြီး ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)နှင့် UWSA ကိုယ်စားလှယ် ဦးအိုက်စံရွှေတို့ တက်ရောက်ခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

NLD ပါတီ ကိုယ်စားလှယ် သုံးဦးကို AA အဖွဲ့က ဖမ်းဆီးထားခြင်းနှင့် ပတ်သက်၍ NCA လက်မှတ်ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) တို့က သဘောထားပြောကြားခဲ့မှုများကို 7 Day Daily သတင်းစာက သတင်းဖော်ပြခဲ့ပါသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ဖမ်းဆီးသည့်လုပ်ရပ်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ်  ပြည်သူလူထု၏ အမြင်မှား ခံရစေနိုင်ကြောင်း KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောကြား ပြီး နှစ်ဖက်လက်နက်ကိုင်အဖွဲ့များအနေဖြင့် အရပ်သားထိခိုက်နစ်နာမှုမရှိစေရေး သတိထားရှောင်ရှားရန် လိုအပ်သည်ဟု တိုက်တွန်းခဲ့ကြောင်း 7 Day Daily သတင်းစာက အောက်တိုဘာ ၁၇ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

အလားတူ PNLO/PNLA ဦးဆောင် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကလည်း အမတ်လောင်းများကို ဖမ်းဆီးခြင်းလုပ်ရပ်မှာ ဖမ်းဆီးသည့်အဖွဲ့အတွက် သမိုင်းအမည်းစက် ဖြစ်လာနိုင်၍ အမြန်ဆုံးပြန်လွှတ်ပေးရန် လိုအပ်ကြောင်း 7 Day ကို ပြောကြားခဲ့ကြောင်း သိရပါသည်။

နောက်ထပ်သတင်းတပုဒ်မှာ 7 Day Daily သတင်းစာက အောက်တိုဘာ ၁၉ ရက်တွင် ဖော်ပြခဲ့သော ရွေးကောက်ပွဲကျင်းပချိန် နီးကပ်နေ၍ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှု မရှိစေရေး အတတ်နိုင်ဆုံး ရှောင်ရှားမည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးအုမ်ခေးက ပြောကြားခဲ့သည့် သတင်းဖြစ်ပါသည်။

တပ်မတော်နှင့် RCSS တို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် အောက်တိုဘာလဆန်းမှ စတင်၍ တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ လလယ်နောက်ပိုင်း၌ တိုက်ပွဲများ ပြန်လည် ငြိမ်သွားပြီဖြစ်သော်လည်း နှစ်ဖက်တပ်များ နေရာယူထားဆဲ ဖြစ်သည်ဟု ဒုဗိုလ်မှူးကြီးအုမ်ခေးက 7 Day ကို ပြောကြားခဲ့သည်။

တိုက်ပွဲဖြစ်ပွားနေမှုကို ဖြေရှင်းရန် နှစ်ဖက်တွေ့ဆုံညှိနှိုင်းခြင်းအား အကောင်းဆုံးနည်းအဖြစ် ခံယူထား ကြောင်း RCSS ဘက်က ပြောကြားခဲ့သော်လည်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး နှစ်ဖက် ညှိနှိုင်းမှုမရှိခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြမှုအရ သိရပါသည်။

 

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ တတိယပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။