ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇန်နဝါရီ တတိယပတ်)

Post By Nyein Ko Ko Soe, On January 22, 2021

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇန်နဝါရီ တတိယပတ်)

အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့အကြား အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ ပြုလုပ်ရန် ညှိနှိုင်းနေသည့် သတင်းများက ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှ ၂၁ ရက်အထိ (ဇန်နဝါရီ တတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လွှမ်းမိုးနေပါသည်။

ထို့အပြင် တပ်မတော်နှင့် KNU တို့အကြား တိုက်ပွဲများအတွင်း အရပ်သားထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ နှစ်ဖက် စွပ်စွဲနေကြခြင်း၊ စစ်ရေးတင်းမာနေသည့် RCSS နှင့် TNLA တို့ တွေ့ဆုံရန် အပြန်အလှန် ကမ်းလှမ်းမှု မရှိ‌သေးခြင်းစသည့်သတင်းများလည်း ရှိနေပါသည်။

 

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ဖြစ်သော KIO/KIA ၊ PSLF/TNLA ၊ MNTJP/MNDAA၊ ULA/AA တို့၏ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကို ယခုလအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း သိရပါသည်။ [1] ထိုဆွေးနွေးပွဲကို ယခုလအတွင်း ပြုလုပ်ရန် သေချာပြီး တွေ့ဆုံမည့်နေရာနှင့် အချိန်ကို ညှိနှိုင်းနေဆဲဖြစ်သည်ဟု ဆွေးနွေး ပွဲ ဖြစ်မြောက်ရေး ကူညီပေးနေသော ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG)မှ ဦးလမိုင်ဂွန်ဂျာက ပြောကြားခဲ့သည်။

အစိုးရက အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ကျိုင်းတုံ (သို့မဟုတ်) မြစ်ကြီးနား၌ ကျင်းပရန် အဆိုပြုထားသော်လည်း မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့က တရုတ်နိုင်ငံတွင် ကျင်းပလိုကြောင်း သဘောထားပေးလာ၍ ညှိနှိုင်းနေရခြင်း ဖြစ်ပါသည်။ [2] မြောက်ပိုင်းလေးဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းရာတွင် ပဏာမ အပစ်ရပ်စဲရေး ဆောင်ရွက်ရန်၊ တဖွဲ့ချင်းစီနှင့် Bilateral အပစ်ရပ်စဲရေးစာချုပ် ချုပ်ဆိုရန်၊ NCA လက်မှတ်ထိုးနိုင်ရေး ဆောင်ရွက်ရန် အဆင့်သုံးဆင့်ကို အဆင့်လိုက်လုပ်ဆောင်သွားမည်ဟု အစိုးရဘက်က ပြောကြားထားသည်။

နောက်ထပ်သတင်းတပုဒ်မှာ စစ်ရေးတင်းမာနေသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA) တို့ တွေ့ဆုံရန် အဆင်သင့်ဖြစ်နေသော်လည်း အပြန်အလှန် ကမ်းလှမ်းမှု မရှိ‌ကြသေးခြင်း ဖြစ်ပါသည်။ [3] RCSS နှင့်  TNLA တို့သည် ဒီဇင်ဘာလမှစ၍ ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ္မတူနှင့် ကျောက်မဲမြို့နယ်တို့အတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်းကြောင့် အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့ပြီး စစ်ရှောင် ၄၀၀၀ ခန့် ရှိနေပါသည်။ ထို့အတွက် နှစ်ဖက်တွေ့ဆုံဆွေးနွေးရန် ရှမ်းလူထုက တောင်းဆိုနေကြသော်လည်း ယခုအချိန်အထိ တဖက်နှင့် တဖက် ကမ်းလှမ်းမှု မရှိကြသေးကြောင်း သိရပါသည်။

 

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)တို့အကြား တိုက်ပွဲများအတွင်း အရပ်သား ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ နှစ်ဖက်အပြန်အလှန်စွပ်စွဲနေကြပါသည်။

ဇန်နဝါရီ ၁၅ ရက်က ကရင်ပြည်နယ် မဲဝိုင်ဒေသ၌ ကလေးငယ်တဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ခြင်းနှင့် ပတ်သက်၍ တပ်မတော်နှင့် KNU တပ်မဟာ (၅) တို့က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) သို့ အပြန်အလှန် ကန့်ကွက်အကြောင်းကြားခဲ့ကြသည်။ [4]

ထို့အပြင် ဇန်နဝါရီ ၁၉ ရက်က ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်တွင်  KNU တပ်မဟာ(၅) တပ်ဖွဲ့ဝင်များက ပစ်ခတ်၍ အရပ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။ ထိုဖြစ်ရပ်မှာ NCA စာချုပ်ပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ခြင်း ဖြစ်၍ JMC-S နှင့်  NRPC သို့ ကန့်ကွက်အကြောင်းကြားမည်ဟု တပ်မတော်၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ [5]

ထိုကဲ့သို့ တပ်မတော်နှင့် KNU တပ်မဟာအချို့အကြား လမ်းဖောက်လုပ်မှုကတဆင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည့်အတွက် နှစ်ဖက်တွေ့ဆုံဆွေးနွေးရန် လိုအပ်နေပြီဖြစ်ကြောင်း KNU ဘက်က မှတ်ချက်ပြုခဲ့သည်။ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက NCA စာချုပ်ကို  ပြန်လည်သုံးသပ်ပြီး ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေးကို သွားရန် လိုအပ်နေပြီဟု ပြောကြားခဲ့သည်။ [6]

ထို့အပြင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏  (၃၆) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ဇန်နဝါရီလ ၁၈ ရက်က အွန်လိုင်းမှ ပြုလုပ်ခဲ့ပါသည်။ [7]

ထိုအစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရန် အစိုးရနှင့် ဆွေးနွေးပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းခဲ့ပြီး ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် တဖွဲ့ချင်းစီ သဘောထားများကို ဘုံသဘောထားရရှိအောင် ညှိနှိုင်းခဲ့ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ALA) ဗဟိုအလုပ်အမှုဆောင် ဒေါ်စောမြရာဇာလင်း၏ ပြောကြားမှုအရ သိရပါသည်။ [8]

 

၂၀၂၁ ခုနှစ်  ဇန်နဝါရီ တတိယပတ်ကာလအတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။

 

[1] မြန်မာတိုင်းမ် (ဇန်နဝါရီ ၂၀ ၊ ၂၀၂၁) “အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့ ယခုလအတွင်း တွေ့ဆုံဆွေးနွေးမည်”

https://myanmar.mmtimes.com/news/150124.html

[2] 7 Day Daily ( ဇန်နဝါရီ ၂၁ ၊ ၂၀၂၁)  “အစိုးရနှင့် အပစ်ရပ်စဲရေးဆွေးနွေးပွဲကို  တရုတ်နိုင်ငံတွင် ကျင်းပရန် မြောက်ပိုင်းလေးဖွဲ့ လိုလား”

[3] သျှမ်းသံတော်ဆင့် ( ဇန်နဝါရီ ၂၁ ၊ ၂၀၂၁)  “တိုင်းရင်းသား လက်နက်ကိုင် ၂ ဖွဲ့ တွေ့ဆုံရန် ကမ်းလှမ်းမှု မရှိသေး”

https://bit.ly/3ob2vi2

[4] 7 Day Daily ( ဇန်နဝါရီ ၁၈ ၊ ၂၀၂၁)  “ကလေးငယ်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရသည့်ကိစ္စ တပ်မတော်နှင့် KNU အပစ်ရပ် ပူးတွဲစောင့်ကြည့် ကော်မတီသို့ အပြန်အလှန် ကန့်ကွက်”

[5] 7 Day Daily ( ဇန်နဝါရီ ၂၀ ၊ ၂၀၂၁)  “KNU တပ်မဟာ(၅)အဖွဲ့ပစ်ခတ်၍ အရပ်သား နှစ်ဦးသေဆုံးဟု တပ်မတော်ထုတ်ပြန်၊ အရပ်သားကို ပစ်ခတ်ခြင်းကြောင့် JMC နှင့် NRPC သို့ အကြောင်းကြားမည်ဟု ဆို”

[6] BBC Burmese ( ဇန်နဝါရီ ၁၉ ၊ ၂၀၂၁)  “တိုက်ပွဲတွေ မရပ်လို့ ကေအန်ယူနဲ့ တပ်မတော် တွေ့ဆုံ ဆွေးနွေးဖို့ လိုနေပြီလို့ ကေအန်ယူ ပြော”

https://www.bbc.com/burmese/burma-55723916

[7] DVB ( ဇန်နဝါရီ ၁၈ ၊ ၂၀၂၁)  “၃၆ ကြိမ်မြောက် UPDJC အစည်းအဝေး ကျင်းပ”

http://burmese.dvb.no/archives/435085

[8] 7 Day Daily ( ဇန်နဝါရီ ၁၉ ၊ ၂၀၂၁)  “အစိုးရနှင့် ဆွေးနွေးပွဲကျင်းပရေး NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညှိနှိုင်း”