ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇန်နဝါရီ ပထမပတ်)

Post By Nyein Ko Ko Soe, On January 8, 2021

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇန်နဝါရီ ပထမပတ်)

ကျိုင်းတုံ (သို့မဟုတ်) မြစ်ကြီးနား၌ တွေ့ဆုံ၍ အပစ်ရပ်စဲရေး ဆွေးနွေးရန် မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့အား အစိုးရက အဆိုပြုထားသည့်သတင်းများက ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၇ ရက်အထိ (ဇန်နဝါရီ ပထမပတ်) ကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လွှမ်းမိုးနေပါသည်။

ထို့အပြင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့က အပစ်ရပ်ကြေညာမှုများ သက်တမ်းတိုးခဲ့ခြင်း၊ အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ခရီးရောက်စေရန် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့၏ PPST စုဖွဲ့မှုကို ပြုပြင်ပြောင်းလဲမည်ဟု သိရခြင်း စသည့်သတင်းများလည်း ရှိခဲ့ပါသည်။

 

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

ယခုလအတွင်း ကျိုင်းတုံ (သို့မဟုတ်) မြစ်ကြီးနား၌ တွေ့ဆုံ၍ အပစ်ရပ်စဲရေး ဆွေးနွေးရန် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့အား အစိုးရက အဆိုပြုထားသည့်သတင်းများကို သတင်းဌာနများက ဖော်ပြခဲ့ကြပါသည်။

အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ဖြစ်သော KIO/KIA ၊ PSLF/TNLA ၊ MNTJP/MNDAA၊ ULA/AA တို့၏ အပစ်ရပ်စဲရေး ဆွေးနွေးပွဲကို ကျိုင်းတုံမြို့ (သို့မဟုတ်) မြစ်ကြီးနားမြို့၌ တွေ့ဆုံ၍ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် အစိုးရဘက်က အဆိုပြုထားကြောင်း ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG)မှ ဦးလမိုင်ဂွန်ဂျာက ပြောကြားခဲ့သည်။ [1]

အစိုးရ၏ အဆိုပြုမှုကို မြောက်ပိုင်းလေးဖွဲ့ဘက်မှ တရားဝင်အကြောင်းပြန်ကြားခြင်းမရှိသေးသော်လည်း ယခုလအတွင်း ဖြစ်အောင်လုပ်မည်ဟု ပြောထားကြောင်း ဦးလမိုင်ဂွန်ဂျာက ပြောကြားခဲ့သည်။ အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့တို့၏ အပစ်ရပ်စဲရေး တရားဝင်ဆွေးနွေးမှုကို ၂၀၁၉ ခုနှစ်ဧပြီက မူဆယ်မြို့၌ စတင်ပြုလုပ်ခဲ့ပြီးနောက် မိုင်းလား၊ ကျိုင်းတုံနှင့် တရုတ်နိုင်ငံ ကူမင်းမြို့တို့၌ တွေ့ဆုံမှုများ ဆက်လက်လုပ်ဆောင်ခဲ့သော်လည်း ပြေလည်မှုမရခဲ့ဘဲ ဆွေးနွေးပွဲများ ရပ်ဆိုင်းသွားသည်မှာ တနှစ်ကျော်ပြီ ဖြစ်သည်။

ထို့အပြင် PSLF/TNLA အဖွဲ့၊ MNTJP/MNDAA အဖွဲ့၊ ULA/AA အဖွဲ့တို့က တဖက်သတ်အပစ်အခတ်ရပ်စဲခြင်း အား နှစ်လတာ ထပ်မံသက်တမ်းတိုးမြှင့်ကြောင်း ဇန်နဝါရီ ၁ ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။ [2]မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့သည် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၉ ရက်ကစ၍ အပစ်ရပ်ကြေညာမှု စတင်ခဲ့ပြီး သက်တမ်းကုန်ဆုံးချိန်ရောက်တိုင်း ထပ်မံသက်တမ်းတိုးမြှင့်ခဲ့ရာ ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။

နောက်ထပ်သတင်းတပုဒ်မှာ ULA/AA အဖွဲ့မှ ၎င်းတို့ ဖမ်းဆီးထားသည့်  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ALA) အဖွဲ့ဝင် လေးဦးကို ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်ပါသည်။ [3] ၂၀၂၀ ပြည့်နှစ် မေ ၂၃ ရက် ညပိုင်းတွင် ALP/ALA အဖွဲ့ဝင်လေးဦးကို ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ၊ ရဗက်ချိုင်ရွာရှိ ၎င်းတို့နေအိမ်၌ AA အဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

 

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

အစိုးရ ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ တွေ့ဆုံဆွေးနွေးပွဲကို ယခုလအတွင်းပြုလုပ်ရန် အစိုးရက အဆိုပြုထားကြောင်း သိရပါသည်။[4] Bilateral ဆွေးနွေးပွဲပြုလုပ်ရန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) က KNU ထံ  ဒီဇင်ဘာ စတုတ္ထပတ်တွင် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်ဟု ငြိမ်းချမ်းရေးကော်မရှင်အကြံပေးဦးလှမောင်ရွှေက ပြောကြားခဲ့သည်။ ယခုတွေ့ဆုံမှုတွင် တပ်မတော်နှင့် KNU တပ်မဟာအချို့အကြား ထိတွေ့ပစ်ခတ်မှုများ ပဋိပက္ခများ ဖြစ်ပွားနေခြင်းကိစ္စ၊ NCA အရ ဆောင်ရွက်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်အကောင်အထည်ဖော်နိုင်ရေးကိစ္စတို့ ထည့်သွင်းဆွေးနွေးရန် စီစဉ်ထားပါသည်။

နောက်ထပ်သတင်းတပုဒ်မှာ အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) စုဖွဲ့မှုကို ပြုပြင်ပြောင်းလဲမည်ဟု သိရပါသည်။ [5]

PPST အဖွဲ့ဝင်တဦးဖြစ်သူ NLO/PNLA အဖွဲ့နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက PPST စုဖွဲ့မှု ပြုပြင်ပြောင်းလဲရေးအတွက် မူကြမ်းရေးထားပြီးဖြစ်သော်လည်း အတည်ပြုနိုင်ရန် NCA လက်မှတ်ထိုး ၁၀ ဖွဲ့ ထိပ်သီးခေါင်းဆောင်များ ညီလာခံကျင်းပနိုင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ PPST သည် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်သည့် အစုအဖွဲ့ဖြစ်သော်လည်း အမြဲတမ်း စုစည်းနိုင်သည့်ယန္တရား မရှိဘဲ အစည်းအဝေးကျင်းပမှသာ ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်နိုင်သော အားနည်းချက်ရှိသည်ဟု သုံးသပ်မှုများ ရှိနေပါသည်။

ထို့ပြင် တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ချောမွေ့ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို လွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။[6]

 

၂၀၂၁ ခုနှစ်  ဇန်နဝါရီ ပထမပတ်ကာလအတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။

 

[1] 7 Day Daily (ဇန်နဝါရီ ၆ ၊ ၂၀၂၁)  “ကျိုင်းတုံ (သို့မဟုတ်) မြစ်ကြီးနား၌ တွေ့ဆုံ၍ အပစ်ရပ်စဲရေး ဆွေးနွေးရန် မြောက်ပိုင်းလေးဖွဲ့အား အစိုးရအဆိုပြု”

[2] 7 Day Daily (ဇန်နဝါရီ ၂ ၊ ၂၀၂၁) “မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့က အပစ်ရပ် နှစ်လထပ်မံသက်တမ်း တိုးကြောင်း ထုတ်ပြန်”

[3] ဧရာ၀တီ (ဇန်နဝါရီ ၂ ၊ ၂၀၂၁)  “ဖမ်းဆီးထားသည့် ALP တပ်ဖွဲ့ဝင် ၄ ဦးကို AA ပြန်လွှတ်” https://burma.irrawaddy.com/news/2021/01/02/235882.html

[4] 7 Day Daily ( ဇန်နဝါရီ ၇ ၊ ၂၀၂၁)  “ဇန်နဝါရီလအတွင်း KNU နှင့် တွေ့ဆုံဆွေးနွေးရန် အစိုးရ အဆိုပြုထား”

[5] 7 Day Daily (ဇန်နဝါရီ ၅ ၊ ၂၀၂၁) “အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ခရီးရောက်စေရန် အပစ်ရပ် ၁၀ ဖွဲ့၏ PPST စုဖွဲ့မှုကို ပြုပြင်ပြောင်းလဲမည်”

[6] တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ (ဒီဇင်ဘာ ၃၁ ၊ ၂၀၂၀) “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်” http://dsinfo.org/node/625