ထုတ်ပြန်ကြေညာချက်များ (ဧပြီ ဒုတိယပတ်)

Post By Pan Su Wai, On April 16, 2020

ထုတ်ပြန်ကြေညာချက်များ (ဧပြီ ဒုတိယပတ်)

၂၀၂၀ ပြည့်နှစ် ဧပြီ ၇ ရက်မှ ၁၄ ရက်အထိ(ဧပြီ ဒုတိယပတ်)ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၊ သံရုံးနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၃ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ခြောက်ခုအထိ ထုတ်ပြန်ခဲ့ပြီး အရပ်ဘက်အဖွဲ့အစည်းများမှ သုံးခု၊ အစိုးရ၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာရုရှားသံရုံးတို့မှ တခုစီ ထုတ်ပြန်ခဲ့ကြပါသည်။

ဧပြီ ဒုတိယပတ်ကာလအတွင်း ထွက်ရှိခဲ့သောထုတ်ပြန်ချက်များအနက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဧပြီ ၁၀ ရက်စွဲဖြင့် “COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများ အားလုံးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း” ထုတ်ပြန်ကြေညာချက်မှာ သတိပြုစရာ ဖြစ်ခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်တွင် “အစိုးရက COVID-19 ရောဂါနှင့် ပတ်သက်ပြီး ပြည်သူများအား အသိပညာပေး လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး၊ အင်တာနက် ယာယီဖြတ်တောက်ထားသည့် ဒေသများတွင်လည်း အစိုးရက မိုဘိုင်းဖုန်းကုမ္ပဏီများနှင့် ပူးပေါင်း၍ စာသား သတင်းတိုများ ပေးပို့သည့် ဝန်ဆောင်မှုစနစ်များနှင့် ရပ်ကွက်အတွင်း လိုက်လံကြေညာချက်များမှတစ်ဆင့် COVID-19 နှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များကို ဖြန့်ဝေပေးလျက်ရှိကြောင်း” ဦးစွာ ဖော်ပြခဲ့သည်။

ယင်းနောက် “AA ၏ ကျူးလွန်မှုများသည် အကြမ်းဖက်မှုလုပ်ရပ်များဖြစ်သည့်အတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က AA အား အကြမ်းဖက်အဖွဲ့အဖြစ် မတ် ၂၃ ရက်တွင် ကြေညာခဲ့ပြီး၊ ပြည်ထဲရေးဝန်ကြီးဌာနကလည်း AA အား မတရားအသင်း အဖြစ် ကြေညာခဲ့ပါကြောင်းနှင့် ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်း များအပါအဝင် နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် AA ကဲ့သို့ အကြမ်းဖက်အဖွဲ့အား ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာအရ ဖြစ်စေ မည်ကဲ့သို့သော ကူညီထောက်ပံ့မှုမျိုးကိုမျှ ပေးအပ်ခြင်းမပြုသင့်ကြောင်း” ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ထုတ်ပြန်ချက် ခြောက်ခုအထိ ထုတ်ပြန်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ “ မြန်မာ့နိုင်ငံရေပိုင်နက်အတွင်းသို့  တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များက သတိပေး ခြောက်လှန့်ပစ်ခတ်မှုများ ဆောင်ရွက်ခဲ့ရကြောင်း” ဧပြီ ၁၁ရက်စွဲဖြင့် သတင်းထုတ်ပြန်မှုမှာလည်း အာရုံစိုက်စရာဖြစ်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် “ရခိုင်ပြည်နယ်၊ စစ်တွေမြို့၏ အနောက်မြောက်ဘက် မြန်မာပင်လယ်ပြင်အတွင်း တပ်မတော်(ရေ)မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဧပြီ ၇ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မြန်မာ့ရေပိုင်နက် အတွင်းသို့ နှစ်နိုင်ငံနယ် နိမိတ်မျဉ်း၏ ၃ မိုင်မှ ၆ မိုင်အကွာအတွင်း ဝင်ရောက်လာသည့် စက်လှေ ၆ စင်း အား တွေ့ရှိသဖြင့် ရပ်တန့်စေရန်နှင့် စစ်ဆေးမှုခံယူရန် ဆက်သွယ်ခဲ့သော်လည်း အဆိုပါ စက်လှေများမှာ ရပ်တန့်ခြင်းမရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတိပေးခြောက်လှန့်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ရာ ၎င်းတို့ ရေပိုင်နက်အတွင်းသို့ ပြန်လည်မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း”ဖော်ပြခဲ့ပါသည်။

ယင်းနောက် “တပ်မတော်(ရေ)မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ည ၁၁ နာရီ ခွဲခန့်တွင် ဘင်္ဂလားဒေ့ရှ်ရေတပ်စစ်ရေယာဉ် BNS-Somudra Avijan(F-29) မှ စစ်ရေယာဉ်မှူး ဗိုလ်မှူးကြီး အယ်လ်ဆာထံ ဆက်သွယ်ပြောကြားခဲ့ရာမှ အဆိုပါဘင်္ဂလားဒေ့ရှ် ငါးဖမ်းရေယာဉ်များနှင့် ဆက်သွယ်၍  မေးမြန်းထိန်းသိမ်းသွားမည်ဟု ပြန်လည်ပြောကြားခဲ့ကြောင်း ” တပ်မတော်၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

ထို့ပြင် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် ပတ်သက်သော သတင်းထုတ်ပြန်ချက်များကိုလည်း  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပါသည်။ ထုတ်ပြန်မှုများအနက် “နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား အထင်အမြင်လွဲမှား စေရန် မဟုတ်မမှန်ဝါဒ ဖြန့်ချိမှုများ ပြုလုပ်လျက်ရှိကြောင်း” ဧပြီ ၁၃ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်မှာ သတိပြုစရာဖြစ်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် “လူမှုကွန်ရက် စာမျက်နှာများတွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊  ကျောက်ဆိပ်ကျေးရွာအနီး ပတ်ဝန်းကျင်၌ ယနေ့နံနက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲဖြစ်စဉ်များတွင် တပ်မတော်မှပစ်ခတ်သော လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံရွာသူ၊ ရွာသားများ သေဆုံး၊ ဒဏ်ရာရမှုများ ဖြစ်ပေါ်လျက် ရှိသည်ဟု မဟုတ်မမှန် ဝါဒဖြန့်ချိမှုများပြုလုပ်နေသည်ကို  တွေ့ရှိ ရကြောင်း” ဦးစွာဖော်ပြထားပါသည်။

ယင်းနောက် “လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် AA တပ်ဖွဲ့ဝင်များသည် ဧပြီ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ပုဏ္ဏားကျွန်း မြို့နယ်၊ ပေါက်တောပြင်ကျေးရွာအနီး၌ ထိတွေ့မှုများ ဖြစ်ပွားခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် AA တပ်ဖွဲ့ဝင်များ ပစ်ခတ်လာသည့်နေရာသို့သာ ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အရပ်ဘက်ပစ်မှတ်များ၊ အဆောက် အဦများ၊ ကျေးရွာများအတွင်းသို့ ပစ်ခတ်မှုများမရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပြည်သူလူထု အထင်အမြင် လွဲမှားစေရန် မဟုတ်မမှန်ဝါဒ ဖြန့်ချိရေးသားခြင်းသာဖြစ်ကြောင်းနှင့် အဆိုပါ မဟုတ်မမှန်ဝါဒဖြန့်ချိမှု များကို  အားပေးဆောင်ရွက်နေသည့် လွှတ်တော်တာဝန်ရှိသူများကိုလည်း တပ်မတော်အနေဖြင့် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်သို့ လိုအပ်သည်များ ဆောင်ရွက်နိုင်ရေး ဆက်လက်အကြောင်း ကြားသွားမည်ဖြစ်ကြောင်း” ဖော်ပြထားပါသည်။

ထို့ပြင် “AAအဖွဲ့က ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌအား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း” ဧပြီ ၁၃ ရက်စွဲဖြင့် လည်းကောင်း၊ “ တိုက်ပွဲရှောင်စခန်းများသို့  ထောက်ပံ့လှူဒါန်းလျက်ရှိသည့် ထောက်ပံ့ရေးရိက္ခာပစ္စည်းများကို AA အဖွဲ့က နည်းလမ်းမျိုးစုံဖြင့် ရယူသုံးစွဲလျက်ရှိကြောင်း”  ဧပြီ ၈ ရက်စွဲဖြင့်လည်းကောင်း၊  “ ကျောက်တော်မြို့အနီးရှိ နယ်မြေခံတပ်ဌာနချုပ်အနီး ချဉ်းကပ်လာသည့် AA တပ်ဖွဲ့နှစ်ဦးအား အသေဖမ်းဆီးရမိကြောင်း” ဧပြီ ၇ ရက်စွဲဖြင့် လည်းကောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ပါသည်။

“COVID- 19 ကူးစက်ရောဂါရင်ဆိုင်နေရသည့်အချိန်တွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအနေဖြင့် စစ်ပွဲများ ရပ်တန့်ပြီး ရောဂါကပ်ဆိုး ရင်ဆိုင်မှုတွင် ပူးပေါင်းပါဝင်ကြရန်”အတွက် ရခိုင်ပြည် လွတ်မြာက်ရေးပါတီ (ALP)နှင့် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)တို့က ဧပြီ ၁၂ ရက်နှင့် ဧပြီ ၉ ရက်တို့ တွင်  ကြေညာချက်အသီးသီး ထုတ်ပြန်၍ တောင်းဆိုခဲ့ကြပါသည်။

ထို့ပြင် အရပ်ဘက်အဖွဲ့အစည်းတခုဖြစ်သည့် လူ့အခွင့်အရေးကွန်ရက်(မြန်မာနိုင်ငံ)ကလည်း“တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အင်တာနက်သုံးစွဲမှု ပိတ်ပင်တားဆီးခြင်းကို ချက်ချင်းရုတ်သိမ်းပေးရန်နှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆောင်ရွက်ရန် သဘောတူလိုက်လျောရမည်ဖြစ်ကြောင်း” ဧပြီ ၁၀ ရက်စွဲဖြင့် ထုတ်ပြန်ချက်တခု ထုတ်ပြန်ခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဧပြီ ဒုတိယပတ်အတွင်း ထွက်ရှိခဲ့သောထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင်  ကြည့်နိုင်ပါသည်။