ထုတ်ပြန်ကြေညာချက်များ (အောက်တိုဘာ ပထမပတ်)

Post By Pan Su Wai, On October 6, 2020

ထုတ်ပြန်ကြေညာချက်များ (အောက်တိုဘာ ပထမပတ်)

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၅ ရက်အထိ (အောက်တိုဘာ ပထမပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ တပ်မတော်၊ ပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၂၂ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် ကူးစက်ပြန့်နှံ့မှု မြင့်မားနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)အဖွဲ့တို့က ထုတ်ပြန်ချက် တခုစီ ထုတ်ပြန်ခဲ့ပါသည်။ ထို့အပြင် တပ်မတော်မှ ထုတ်ပြန်ချက် ၁၀ ခုအထိ ထွက်ရှိခဲ့ပြီး အရပ်ဘက်အဖွဲ့အစည်းများမှ လေးခု၊ ပါတီများမှ သုံးခုနှင့် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက နှစ်ခု အသီးသီးထုတ်ပြန်ခဲ့ကြရာ သတိပြုအာရုံစိုက်ရမည့် ထုတ်ပြန်ချက်အချို့ကို ISP-Myanmar Peace Desk မှ အနှစ်ချုပ်ဖော်ပြပေးမည် ဖြစ်ပါသည်။

ပြည်ထောင်စုအစိုးရ၏ ထုတ်ပြန်ချက်များ

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အောက်တိုဘာ ၅ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာချက်တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “လက်ရှိ အခြေအနေ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်- ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ ပိုမိုတွေ့ရှိရခြင်း၊ ကိုဗစ်- ၁၉ ရောဂါ ကူးစက်ခံထားရသူ ဖြစ်သော်လည်း မည်သည့်ရောဂါ လက္ခဏာကိုမျှ မပြသေးသဖြင့် ပုံမှန် သွားလာ လှုပ်ရှားလုပ်ကိုင်နေသူများကြောင့် ရောဂါဖြစ်ပွားပျံ့နှံ့မှုနှုန်း မြင့်မားသွားနိုင်သဖြင့် ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း( CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့် သူများအား ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၈ ရက်မှ ၂၁ ရက်ထိ လုပ်ငန်းခွင်သွားရောက်ခွင့် မပြုကြောင်းနှင့် လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်

ယခုရက်သတ္တပတ်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကလည်း အောက်တိုဘာ ၁ ရက်စွဲဖြင့် “အထွေထွေရွေးကောက်ပွဲတွင် ကျန်းမာရေးဆိုင်ရာ စံလုပ်ငန်းလမ်းညွှန်များနှင့် အညီ အထူးအလေးထား လိုက်နာဆောင်ရွက်ရေး ထုတ်ပြန်ကြေညာချက်” တခုထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ယခုကာလတွင် ကိုဗစ်- ၁၉ ရောဂါကူးစက်ဖြစ်ပွားမှုအခြေအနေအရ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှ ပုဂ္ဂိုလ်များ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၊ မဲရုံပြင်ပတွင် စီမံခန့်ခွဲမည့် ပုဂ္ဂိုလ်များ၊ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ အန္တရာယ်ကင်းဝေးစွာဖြင့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အထူးအလေးထား ဆောင်ရွက်ရန်လိုအပ်ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက်ကြမည့် ပုဂ္ဂိုလ်များသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာမှ ထုတ်ပြန်ထားသည့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့်အညီ ဆောင်ရွက်ရမည့် စံလုပ်ငန်းလမ်းညွှန် အပိုင်း(၂)ပါ ညွှန်ကြားချက်များ၊ သက်ဆိုင်ရာက အချိန်ကာလ/ နေရာဒေသအလိုက် ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များကို အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်း” UEC ၏ ထုတ်ပြန်မှုတွင်ပါရှိပါသည်။

တပ်မတော်၏ ထုတ်ပြန်ချက်များ

အောက်တိုဘာ ပထမပတ်အတွင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်”အပါအဝင် ထုတ်ပြန်ချက် ၁၀ ခုအထိ ထုတ်ပြန်ခဲ့ပါသည်။

“ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်”ကို တပ်မတော်က စက်တင်ဘာ ၂၉ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် “ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေး သွားမည်ဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် ပတ်သက်၍လည်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်များ ထွက်ရှိခဲ့ပါသည်။

တပ်မတော်က အောက်တိုဘာ ၄ ရက်စွဲဖြင့် “ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထီးဆွဲ ကျေးရွာအနီး ကျေးရွာလူထုအား အကာအကွယ်ရယူ၍ လမ်းပန်းဆက်သွယ်မှု လုံခြုံရေးအား ဖြတ်တောက်ခြိမ်းခြောက်နေသော AA အဖွဲ့၏ ခြေကုတ်စခန်းအား သိမ်းပိုက်ရရှိကြောင်း” သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “AA တပ်ဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်-ဘူးသီးတောင် ဆက်သွယ်ထားသည့် ကားလမ်းနှင့် စစ်တွေ-ရသေ့တောင်-ဘူးသီးတောင် ရေလမ်းကြောင်းတို့၏ လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံရေးကို ရသေ့တောင်မြို့နယ်၊ ထီးဆွဲကျေးရွာအနီး စိုးမိုးတောင်ကုန်းနေရာများ၌ အခိုင်အမာ နေရာယူ၍ လမ်းပန်းဆက်သွယ်မှု ဖြတ်တောက်ခြင်း၊ ရေယာဉ်များအား မကြာခဏပစ်ခတ်ခြင်းဖြင့် ခြိမ်းခြောက်လျက် ရှိသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ အောက်တိုဘာ ၄ ရက်တွင် ၎င်းတို့နေရာယူထားသည့် နေရာများကို အပြီးတိုင်သိမ်းပိုက်ရရှိခဲ့ကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “အဆိုပါဖြစ်စဉ်များတွင် AA အဖွဲ့ထံမှ အလောင်း၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း” တပ်မတော်၏ သတင်းထုတ်ပြန်မှုတွင် ပါရှိပါသည်။

ထို့အပြင် “ရခိုင်ပြည်နယ်၊ စစ်တွေ-မင်းပြား-အမ်း လမ်းပန်းဆက်သွယ်မှု လုံခြုံရေးအတွက် တပ်မတော်က ဆောင်ရွက်လျက်ရှိကြောင်း” သတင်းထုတ်ပြန်ချက်ကိုလည်း အောက်တိုဘာ ၄ ရက်စွဲဖြင့်ပင် ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင် “စစ်တွေ-မင်းပြား-အမ်း လမ်းပန်းဆက်သွယ်မှုလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များသည် AA တပ်ဖွဲ့ဝင် များနှင့် စက်တင်ဘာလမှ ယနေ့အချိန်အထိ မင်းပြားနှင့် အမ်းအကြား ပြည်ထောင်စု လမ်းမကြီးပေါ်၌ ထိတွေ့မှု ၄ ကြိမ်ဖြစ်ပွားခဲ့သကဲ့သို့ အောက်တိုဘာ ၃ ရက်တွင်လည်း အမ်း-မင်းပြားသွားကားလမ်းပေါ်ရှိ တောင်ဘုတ်ကေကျေးရွာအနီး၌ ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း”ဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး “အဆိုပါ ဖြစ်စဉ်များတွင် AA အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်း၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့အချို့ ကျဆုံး၊ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း” ယင်းသတင်းထုတ်ပြန်မှုတွင် ပါရှိခဲ့သည်။

တပ်မတော်က စက်တင်ဘာ ၂၉ ရက်စွဲဖြင့် “AAအဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိသူ တဦးအား စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် မိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း” သတင်းထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် “မြောက်ဦးမြို့နယ်အတွင်းရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၇ ရက်တွင် မြောက်ဦးမြို့ အောင်မင်္ဂလာ ရပ်ကွက်နေသူ မောင်းနှင်လာသည့် သုံးဘီးဆိုင်ကယ်အား စစ်ဆေးရာ ၎င်း၏ လက်ကိုင်ဖုန်းတွင်းမှ AA အဖွဲ့ဝင်များ၏ အချက်အလက်များနှင့် ဆက်သွယ်ထားမှု များအား တွေ့ရှိရသဖြင့် ထိန်းသိမ်း၍ လိုအပ်သည့်စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့ကြောင်း” ဦးစွာ ဖော်ပြခဲ့ပါသည်။

ယင်းနောက် “ပဏာမစစ်ဆေးချက်အရ ၎င်းမှာ AA အဖွဲ့မှ တပ်ကြပ်ကြီး အဆင့်ရှိသူ ဖြစ်ကြောင်း ဝန်ခံခဲ့၍ စက်တင်ဘာ ၂၈ ရက်က နံနက်စာကျွေးမွေးရန် ဆောင်ရွက်စဉ် စစ်ကြောရေးအဖွဲ့ဝင်၏ ပစ္စတိုသေနတ်အား လုယူ၍ မိမိကိုယ်ကို ပစ်ခတ်ခဲ့ရာ ရရှိဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း” တပ်မတော်၏ အဆိုပါသတင်းထုတ်ပြန်မှုတွင် ပါရှိပါသည်။

တပ်မတော်က “ကော့ကရိတ်-မြဝတီလမ်းဟောင်းရှိ ဆက်သွယ်ရေး စတေရှင်တွင် တာဝန်ထမ်းဆောင်လျက် ရှိသည့် တပ်မတော်သားနှစ်ဦးအား သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်သူနှစ်ဦးအား ဖမ်းဆီးရမိကြောင်း” သတင်းထုတ်ပြန်မှုကိုလည်း အောက်တိုဘာ ၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ကော့ကရိတ်မြို့နယ်အတွင်း တပ်မတော်နှင့် နယ်ခြားစောင့် တပ်ဖွဲ့များမှ စက်တင်ဘာ ၂၈ ရက်တွင် နောင်ကိုင်းကျေးရွာမှ ထီးဂလဲကျေးရွာ ဘက်သို့ ဦးတည်လာသည့် မသင်္ကာဖွယ်အမျိုးသားနှစ်ဦးအား တွေ့ရှိသဖြင့် ရပ်တန့်ခိုင်းရာ ထွက်ပြေးသဖြင့် လက်နက်ငယ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ တဦးမှာ လက်နက်ငယ် ဒဏ်ရာ ရှိပြီး ၎င်းတို့နှင့်အတူ ဆက်သွယ်ရေးစခန်းမှ ယူဆောင်သွားသည့် လက်နက်ငယ် တလက်နှင့် ကျည်များကို သိမ်းဆည်းရမိခဲ့ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး “ပဏာမထွက်ဆိုချက်များအရ ကျူးလွန်သူအမျိုးသားတဦးသည် KNLA တပ်ရင်းတရင်း၌ နေထိုင်ဖူးကာ ၂၀၁၈ ခုနှစ်တွင် ထီးဝါပလော စခန်းတွင် စစ်သင်တန်း တက်ရောက်ခဲ့ကြောင်း၊ ယခုနှစ် ဩဂုတ်လတွင် တပ်ရင်းတရင်းမှ တပ်စုမှူးအဆင့်ရှိသူ တဦးက ယခုကဲ့သို့ တပ်မတော်သားများအား ချောင်းမြောင်း ပစ်ခတ်သတ်ဖြတ်ရန် စေခိုင်းခဲ့သဖြင့် KNLA မှ အဖွဲ့ဝင်တဦးနှင့်အတူ တပ်မတော်သားနှစ်ဦးအား ပစ်ခတ်သတ်ဖြတ်ပြီး ဆက်သွယ်ရေးစက်ခန်းအား မီးရှိုဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဝန်ခံထွက်ဆိုခဲ့ကြောင်း” တပ်မတော်၏ သတင်းထုတ်ပြန်မှုတွင် ဖော်ပြခဲ့ပါသည်။

ပါတီများ၏ ထုတ်ပြန်ချက်

တပ်မတော်က စက်တင်ဘာ ၂၉ ရက်စွဲဖြင့် “AA အဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိသူ တဦးအားစစ်ဆေးမှုများ ဆောင်ရွက်နေစဉ် မိမိကိုယ်ကိုအဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း” သတင်းထုတ်ပြန်မှုနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ (ANP)မှ စက်တင်ဘာ ၂၉ ရက်စွဲဖြင့် သဘောထားထုတ်ပြန်ချက် ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ မြို့သစ်ရပ်ကွက်နေ သုံးဘီးဆိုင်ကယ်မောင်းနှင်၍ လုပ်ကိုင်စားသောက်သူ အမျိုးသားတဦးအား စက်တင်ဘာ ၂၇ ရက်တွင် မြောက်ဦးမြို့ အခြေစိုက် ခမရ(၃၇၇)တပ်ရင်းမှ သုံးဘီးဆိုင်ကယ်နှင့် ခေါ်ဆောင်သွားခဲ့ပြီး စက်တင်ဘာ ၂၈ရ က်တွင် နှိပ်စက် ညှဉ်းပမ်းထားသော ဒဏ်ရာများ ဖြင့် သေဆုံးသွားသည့် ရုပ်အလောင်းအဖြစ် မြောက်ဦးမြို့ဆေးရုံသို့ ပို့ဆောင် ရောက်ရှိလာကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “အပြစ်မဲ့အရပ်သား ပြည်သူများအား ရည်ရွယ်ချက်ရှိရှိဖြင့် ပြစ်မှုကျူးလွန်နေသော ကိစ္စရပ်များအား ထိရောက်စွာ အရေးယူဆောင်ရွက်ပေးပါရန် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ထံ လိပ်မူ၍ အကြိမ်ကြိမ်တင်ပြတောင်းဆိုထားခဲ့သော်လည်း ယနေ့အချိန်ထိ တစုံတရာ တုံ့ပြန်မှုမရရှိခဲ့သည့်အပြင် အလားတူ ဖမ်းဆီးညှဉ်းပမ်း သေဆုံးရသော ဖြစ်ရပ်များ သာ ဆက်လက်ကြုံတွေ့နေရဆဲ ဖြစ်ကြောင်းနှင့် ယခုရာဇဝတ်မှုအား တည်ဆဲဥပဒေအရ အမြန်ဆုံးအရေးယူပေးရန် လေးလေးနက်နက် တောင်းဆိုကြောင်း” ရခိုင်အမျိုးသားပါတီ (ANP)၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ “မေတ္တာရပ်ခံ ပန်ကြားလွှာ”ကို အောက်တိုဘာ ၃ရက်စွဲဖြင့် ထွက်ရှိခဲ့ပါသည်။

အဆိုပါပန်ကြားလွှာတွင် “အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အွန်လိုင်းမှနေ၍ ပြည်သူသို့ ပန်ကြားချက် နှင့် စည်းရုံးမှုများ၏ အကျိုးဆက်အဖြစ် အဖွဲ့ချုပ်ကို ဝန်းရံ ထောက်ခံသူများသည် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ၊ ဆိုက္ကားများ၊ စက်လှေ သဗ္ဗာန်များအပြင် အခြားယာဉ်အမျိုးမျိုးဖြင့် အမြို့မြို့အနယ်နယ်တွင် လှည့်လည် အင်အားပြသမှုများ ကိုလည်း အားရကျေနပ်ဖွယ် တွေ့ရှိနေရကြောင်းနှင့် ထောက်ခံဝန်းရံမှုအတွက် လည်း ကျေးဇူးအထူးတင်ရှိကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး “ထောက်ခံအားပေးသည့်အနေဖြင့် ယာဉ်အမျိုးမျိုးကို အသုံးပြု၍ အင်အား ပြသမှုများသည် လူစုလူဝေးအသွင် ပေါ်ပေါက်သွားနိုင်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့် သွေဖည်သွားနိုင်သလို ပြည်သူအချို့၏ ဝေဖန်မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “ပြည်သူလူထု၏ ကျန်းမာရေးကို ရှေးရှု၍လည်းကောင်း၊ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ ဖြစ်စေရန်လည်းကောင်း၊ ယာဉ်အမျိုးမျိုး ဖြင့် စုဝေးလှည့်လည် အင်အားပြခြင်းများအား အဖွဲ့ချုပ်ကို ထောက်ခံဝန်းရံသူများ အနေဖြင့် ယာယီဆိုင်းငံ့ထားကြပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ကြောင်းနှင့် ကိုဗစ်- ၁၉ကပ်ရောဂါ မဖြစ်ပွားအောင် ကာကွယ်နေထိုင်ကြခြင်းဖြင့် နိုဝင်ဘာ ၈ ရက်တွင် သက်ဆိုင်ရာ မဲရုံများသို့ သွားရောက်၍ NLD ပါတီကို အင်တိုက်အားတိုက် မဲပေးကြပါရန် ပန်ကြားအပ်ကြောင်း” NLD ပါတီ၏ မေတ္တာရပ်ခံ ပန်ကြားလွှာတွင် ပါရှိပါသည်။

နိုင်ငံပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်တွင် အသံသွင်း၊ ရိုက်ကူး၊ ဟောပြောထုတ်လွှင့်မည့် “ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD)၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်”ပါ အကြောင်းအရာစာသား တစ်ချို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စိစစ်ပြင်ဆင်ပယ်ဖျက်ခြင်းနှင့် ပတ်သက်၍ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)၏ သဘောထားထုတ်ပြန်ချက်ကို အောက်တိုဘာ ၃ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်မှုအရ ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(CNLD)အနေဖြင့် “ဒီမိုကရေ စီ စံညွှန်းများနှင့် ဆန့်ကျင်သော ပြင်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပြင်ဆင် ပယ်ဖျက်မှုများကြောင့် အနှစ်သာရမဲ့သွားသည့် ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် တို့ကို နိုင်ငံပိုင်ရေဒီယို နှင့်ရုပ်မြင်သံကြားအစီအစဉ်တွင် ဟောပြောရိုက်ကူးထုတ်လွှင့် တော့မည် မဟုတ်ကြောင်းနှင့် အကြောင်းအရာ စာသားတချို့ တည်းဖြတ်ပြင်ဆင် ပယ်ဖျက် ထားမှုများအပေါ် လုံး၀ရှုံ့ချပါကြောင်း” သဘောထား ဖော်ပြထားပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ထုတ်ပြန်ချက်များ

ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် အေက်တိုဘာပထမပတ်ကာလအတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) အဖွဲ့က “ကျေးလက်ဒေသတွင် ရပ်ဝေးများ ဝင်ထွက်သွားလာမှုအား ကန့်သတ်ခြင်းနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်” တခုကို အောက်တိုဘာ ၅ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ကိုဗစ်- ၁၉ ကပ်ရောဂါကူးစက်ပျံ့နှံ့မှု များပြားနေချိန်တွင် RCSS/ SSA အဖွဲ့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း နေထိုင်ကြသောပြည်သူလူထုများ၏ ကျန်းမာရေးကိုရှေးရှု၍ ကျေးလက်ဒေသများ ရှိ ကျေးရွာများအတွင်းသို့ ရပ်ဝေးနေလူများ ဝင်ထွက်သွားလာမှုအား ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၅ ရက်မှ ၃၁ ရက်ထိ ကန့်သတ် လိုက်ကြောင်းနှင့် ကျေးလက်နေပြည်သူများအနေဖြင့် အရေးကြီးကိစ္စရပ်များမှအပ မြို့များအတွင်းသို့ ဝင်ရောက်သွားလာမှုအား ရှောင်ကြဉ်ရန်လိုအပ်ကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “RCSS/SSA အဖွဲ့အနေဖြင့် ကိုဗစ်- ၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ အစိုးရ၊ တပ်မတော်၊ အခြားအဖွဲ့အစည်း များနှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” RCSS/ SSA ၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာထားခြင်း ခံထားရသည့် ULA/AA အဖွဲ့ကလည်း  “ပလက်၀ဒေသနှင့် ပတ်သက်၍ ဖြစ်ရပ်မှန်နှင့် အခြေနေမှန်များကို ရှင်းလင်းချက်” တခုကို စက်တင်ဘာ ၃၀ ရက်စွဲဖြင့် ထွက်ရှိခဲ့ပါသည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ထုတ်ပြန်ချက်

“AA မှ ထိန်းသိမ်းထားသည့် ဆလိုင်းအောင်စိုးအား အမြန်ဆုံးလွှတ်ပေးပါရန်” သဘောထားထုတ်ပြန်ချက်ကို ဗဟိုချင်းလူငယ်အဖွဲ့အစည်းမှ အောက်တိုဘာ ၃ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ဆလိုင်းအောင်စိုးအား ဖမ်းဆီးထိန်းသိမ်းမှုကို AA အဖွဲ့၏ စက်တင်ဘာ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်သော ပလက်၀ဒေသနှင့် အခြေနေမှန်များကို ရှင်းလင်းချက်တွင် ငြင်းဆန်ခဲ့ခြင်းမှာ နည်းမျိုးစုံဖြင့် ချင်းလူမျိုးများအပေါ် နှုတ်ပိတ်ရန် ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခြင်းစသည့် အဖြစ်မှန်ကို ဖုံးကွယ်ရန် AAအဖွဲ့မှ ကြိုးစားနေသည်ဟု မှတ်ယူပြီး လုံး၀ ကန့်ကွက်ရှုတ်ချကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “AAအဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားသော ဆလိုင်းအောင်စိုး၏ ကျန်းမာရေးနှင့် အသက်အန္တရာယ် အလွန်စိုးရိမ်ရပြီး ၎င်းကို ဖမ်းဆီးရခြင်းအကြောင်းအရင်းနှင့် ကျန်းမာရေးအခြေအနေကို အမြန်ဆုံးလူထုကို အသိပေး ရှင်းလင်းစေလိုကြောင်း၊ ကျန်းမာစွာဖြင့် အမြန်ဆုံး ပြန်လွှတ်ပေးပါရန်နှင့် မည်သည့်အကြောင်းကြောင်း‌ကြောင့် ချင်းပြည်သူနှင့် အရပ်သားများအား မတရားဖမ်းဆီးခြင်း လုံး၀မပြုလုပ်ရန် အလေးအနက် တောင်းဆိုကြောင်း” ဖော်ပြခဲ့ပါသည်။

အသံအဖွဲ့အပါအဝင် အရပ်ဘက်အဖွဲ့အစည်း (၇၆)ဖွဲ့တို့က ပူပေါင်းပြီး“ရခိုင်ပြည်တွင်း စစ်ပွဲများ ရပ်တန့်ရေးအတွက် ဆန္ဒပြခဲ့သည့်ကျောင်းသားများအား မတရားဖမ်းဆီး အရေးယူမှုများ အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်”ကို အောက်တိုဘာ ၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ပြည်သူလူထုအား ဒုက္ခကြီးမားစွာ ကျရောက်စေသော ပြည်တွင်းစစ်ပွဲများ ရပ်ဆိုင်းရေးအတွက် ငြိမ်းချမ်းစွ ာဆန္ဒဖော်ထုတ် လှုပ်ရှားခဲ့သော ကျောင်းသားများအား အစိုးရက ယခုကဲ့သို့ မတရားဖမ်းဆီးချုပ်နှောင်ခြင်း နေအိမ်များ၊ တက္ကသိုလ်များကို ဝင်ရောက်ဖမ်းဆီးခြင်းများသည် အခြေခံ လူ့ရပိုင်ခွင့်များအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ကြောင်း၊ အဆိုပါ မတရားဖမ်းဆီးမှုများကို မိမိတို့ အရပ်ဘက်အဖွဲ့အစည်းများ အနေဖြင့် အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပြီး ဖမ်းဆီးထားသော ကျောင်းသားများအား ခြွင်းချက်မရှိ ချက်ခြင်းပြန်လွှတ်ပေးရန်နှင့် ၎င်းတို့အား အရေးယူထားသည့်ပုဒ်မများ အမြန်ဆုံးရုတ်သိမ်းပေးရန် တောင်းဆိုကြောင်း” ဦးစွာ‌ဖော်ပြခဲ့ပါသည်။

ယင်းနောက် “အစိုးရနှင့်တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတဝန်းလုံးတွင် ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး ကြေညာ၍ နိုင်ငံရေးဆွေးနွေးမှုနည်းလမ်းများဖြင့်သာ နိုင်ငံရေးပြဿနာများကို ဖြေရှင်း လုပ်ဆောင်ရန် လည်း အလေးအနက် တိုက်တွန်း ကြောင်း” အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ပထမပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။