ထုတ်ပြန်ကြေညာချက်များ (နိုဝင်ဘာ နောက်ဆုံးပတ်)

Post By Nyein Ko Ko Soe, Pan Su Wai, On December 3, 2019

ထုတ်ပြန်ကြေညာချက်များ (နိုဝင်ဘာ နောက်ဆုံးပတ်)

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ (နိုဝင်ဘာ နောက်ဆုံးပတ်) ကာလအတွင်း  နိုင်ငံတော် သမ္မတရုံး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ စုစုပေါင်း ၁၆ ခုထက် မနည်းသော ထုတ်ပြန် ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

အဆိုပါ ထုတ်ပြန်ချက်များတွင် နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ချက် သုံးခု ထုတ်ပြန်ခဲ့ပြီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတို့က ထုတ်ပြန်ချက် တခုစီ ထွက်ရှိခဲ့ပါသည်။ ထို့အပြင် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) က ကြေညာချက် တခု ထုတ်ပြန်ခဲ့ကာ၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များက ထုတ်ပြန်ချက် ခုနစ်ခုနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ထုတ်ပြန်ချက် သုံးခု ထုတ်ပြန်ခဲ့ ကြခြင်းဖြစ်သည်။

ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များအနက် ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)၊ မိုင်းလားအဖွဲ့ (NDAA) နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA) အဖွဲ့တို့၏ ထုတ်ပြန်ချက်များမှာ ထင်ရှားခဲ့ပါသည်။  ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားစွဲဆိုမှုအပေါ် မြန်မာအစိုးရ၏ သဘောထားရပ်တည်ချက်အား ထောက်ခံကြောင်းနှင့် နယ်သာလန် နိုင်ငံ The Hague မြို့သို့ သွားရောက်မည့် ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် ဦးဆောင်မည်ဆိုခြင်းကို  ဂုဏ်ယူထောက်ခံကြောင်း  UWSP/UWSA အဖွဲ့က နိုဝင်ဘာ ၂၇ရက်တွင် ထုတ်ပြန်ခဲ့ပြီး၊  မိုင်းလားအဖွဲ့SSPP/SSA အဖွဲ့တို့ကလည်း အကောင်းမြင်ထောက်ခံကြောင်း နိုဝင်ဘာ ၃၀ နှင့် ဒီဇင်ဘာ ၁ရက်တို့တွင် အသီးသီး ထုတ်ပြန်ခဲ့ကြသည်။

သို့ရာတွင် ညီနောင် မဟာမိတ်သုံးဖွဲ့ဖြစ်သည့်  ရခိုင်အဖွဲ့ (ULA/AA) ၊ တအန်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ (PSLF/TNLA) ၊မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (MNTJP/MNDAA) တို့၏ ထုတ်ပြန်မှုများမှာ UWSP/UWSA အဖွဲ့၊ မိုင်းလားအဖွဲ့၊ SSPP/SSA အဖွဲ့တို့၏ ထုတ်ပြန်မှုများနှင့် ဆန့်ကျင်ဘက်ဖြစ်ခဲ့ပါသည်။  ညီနောင်မဟာမိတ်သုံးဖွဲ့၏ သဘောထား ထုတ်ပြန်ချက်မှာ နိုဝင်ဘာ ၂၈ ရက်တွင် ထွက်ရှိခဲ့သည်။  အလားတူ Worldwide Karen Community နှင့် အရပ်ဖက်အဖွဲ့အစည်း(၄၈)ဖွဲ့မှလည်း ICC နှင့် ICJ တို့မှ မြန်မာအစိုးရနှင့် တပ်မတော်အပေါ် တရားစွဲဆိုမှုအား ထောက်ခံကြောင်း ဒီဇင်ဘာ ၂ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံအား ICJ တွင် တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး အစိုးရ၏ ထုတ်ပြန်မှုများအနက် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ နိုဝင်ဘာ ၂၆ ရက် ထုတ်ပြန်ချက်မှာလည်း ထင်ရှားခဲ့ပြီး နိုင်ငံတော် သမ္မတရုံးအနေဖြင့် နိုင်ငံတကာရာဇဝတ်မှု တရားစီရင် ရေးဆိုင်ရာအထူးအဖွဲ့ ဖွဲ့စည်းပြီဖြစ်ကြောင်းနှင့် ယင်းအဖွဲ့ကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဦးဆောင်၍ ဥပဒေပညာရှင်များနှင့် ဖွဲ့စည်းထားကြောင်း ဖော်ပြထားပါသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန၏ နိုဝင်ဘာ ၂၇ ရက် ထုတ်ပြန်မှုတွင် “ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ကိစ္စနှင့် စပ်လျဉ်း၍ ဂမ်ဘီယာနိုင်ငံသည်အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ တရားစွဲဆိုခဲ့သည်” ဆိုသော အချက်ကို ဦးစွာ ဖော်ပြခဲ့ပြီး၊ ထိုကိစ္စသည် နိုင်ငံ၏ အကျိုးစီးပွား၊ နိုင်ငံသူ နိုင်ငံသားအားလုံး၏ အကျိုးစီးပွားဖြစ်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ကိုယ်တိုင် ဦးဆောင်၍ ဖြေရှင်းဆောင်ရွက်လျက် ရှိပါသည်ဟု ဖော်ပြခဲ့သည်။ ထုတ်ပြန်မှု၏ နောက်ဆုံးပိုဒ်တွင်မူ “အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) ၌ တရားစွဲခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ကိုယ်တိုင်ဦးဆောင်ကာ စနစ်တကျပြင်ဆင်  ဆောင်ရွက်နေမှုအပေါ် နိုင်ငံတဝှမ်းက ထောက်ခံမှုများ ပြသနေသည်ကို တွေ့မြင်ရသဖြင့် ဝမ်းမြောက် ဝမ်းသာဖြစ်ရပါသည်”ဟု ဖော်ပြခဲ့ပါသည်။

နိုဝင်ဘာ ၂၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော မြန်မာ မွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ် (မ.အ.ဖ) ၏ ထုတ်ပြန်ချက်တွင်မူ “မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး၌ ဂမ်ဘီယာနိုင်ငံက “လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်း – ၁၉၄၈” တို့အရ လိုက်နာ ဆောင်ရွက်ရမည့် စည်းမျဉ်းများကို ချိုးဖောက်ခြင်းအတွက် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ တာဝန်ရှိကြောင်း တရားစွဲဆိုခဲ့ပါသည်”ဟု ဦးစွာ ဖော်ပြခဲ့ပြီး ထုတ်ပြန်ချက် အပိုဒ် ၃ တွင် “ယင်းကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ အကျိုးစီးပွား၊ နိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်ရန်နှင့် တရားစွဲဆိုခြင်းနှင့် ပတ်သက်၍ အရေးကိစ္စရပ် အားလုံးကို ထိထိရောက်ရောက် ပြန်လည်တုံ့ပြန်ဖြေရှင်းရန်အတွက် စိတ်အား ထက်သန်စွာဖြင့် နိုင်ငံတော်၏ ကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်၍ သွားရောက်မည် ဖြစ်ပြီး၊ တပ်မတော်ကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်မည့် ကိစ္စတို့ကို မြန်မာမွတ်စလင်အမျိုးသားရေးရာ အဖွဲ့ချုပ် (မ.အ.ဖ) က ကြိုဆိုထောက်ခံပါကြောင်း တင်ပြအပ်ပါသည်” ဟု ဖော်ပြခဲ့ပါသည်။

ရခိုင်ပြည်နယ် အတွင်း တိုက်ပွဲဖြစ်ပွားနေမှု အခြေအနေနှင့် ဆက်စပ်ပြီး AA အဖွဲ့၏ ထုတ်ပြန်ချက်တရပ်မှာလည်း သတိပြုစရာ ဖြစ်ပါသည်။  နိုဝင်ဘာ ၂၈ ရက်က ထုတ်ပြန်ခဲ့သော AA အဖွဲ့၏  ကြေညာချက်တွင် တပ်မတော်မှ ၎င်းတို့၏ စစ်ဆင်ရေးနှင့်ထိုးစစ်ဆင်မှုများ အတွက် ကုန်းလမ်းအပြင် ရေလမ်းပါအသုံးပြုလာကြကြောင်း၊ ယင်းကဲ့သို့ အသုံးပြုရာတွင် စစ်ရေယာဉ်များအပြင် အရပ်သားခရီးသည်ပို့ဆောင်ရေးသင်္ဘောများ၊ ပြည်တွင်း ရေကြောင်းလိုင်းများကိုပါ အသုံးပြုလာခြင်းကြောင့် ရေလမ်းခရီးသည် ပို့ဆောင်ရေးလုပ်ငန်း ပိုင်ရှင်များ၊  ကုမ္ပဏီများအနေဖြင့်  လိုက်ပါမည့်ခရီးသည်စာရင်း၊ ပစ္စည်းစာရင်းတို့ကို Email, Viber, Skype တို့ဖြင့် အချိန်မီ ပေးပို့ပေးကြရန် အသိပေးကြောင်း ဖော်ပြထားခဲ့သည်။

နောက်ထပ် စိတ်ဝင်စားစရာ ကောင်းသည့် ထုတ်ပြန်ချက်တခုမှာ ကယားပြည်နယ်အစိုးရက ကရင်နီလူငယ် ၆ ဦးအား  ပြစ်ဒဏ် တိုးမြှင့် ချထားရေး အပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)မှ နိုဝင်ဘာ ၃၀ ရက်စွဲ ဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ ကြေညာချက်တွင် “ယနေ့အချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အလယ်တွင် နိုင်ငံ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းကာကွယ်ရန်အတွက် နိုင်ငံတော် အတိုင်ပင်ခံကိုယ်တိုင် နယ်သာလန်နိုင်ငံ၊ The Hague မြို့တွင် ရုံးစိုက်သည့် အပြည်ပြည်ဆိုင်ရာ တရားမျှတမှုခုံရုံး International Court of Justice (ICJ) တွင် စွဲဆိုခံထားရသည့် အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းရန် ပြင်ဆင်နေပြီး၊ မြန်မာနိုင်ငံတွင် အမျိုးသား ရင်ကြားစေ့ရေးမှတဆင့် တမျိုးသားလုံး စည်းလုံးညီညွတ်မှု အင်အားရယူ၍ ရင်ဆိုင်ဖြေရှင်းရန်အတွက် ပြည်ထောင်စုအစိုးရ ကိုယ်၌က စည်းရုံးနေရသည့် အကျပ်အတည်း ကာလ ဖြစ်ပါသည်” ဟု ဦးစွာ  ဖော်ပြခဲ့သည်။ ထို့နောက် ” ဤသို့သော အရေးကြီး အခြေအနေတွင် ကယားပြည်နယ် အစိုးရအနေဖြင့် နိုင်ငံသားများ၏ ပုဂ္ဂလိကဆိုင်ရာ လွတ်လပ်ခွင့်နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေဖြင့် မိမိလက်ဝယ်ရှိ အာဏာကို အသုံးပြု၍ ကရင်နီလူငယ် ၆ ဦးတို့အား လွိုင်ကော်မြို့နယ် တရားရုံးသို့ စွဲဆိုတင်ပို့ခဲ့ရာ တရားရုံးက ကြားနာစစ်ဆေး၍ ထောင်ဒဏ် ၆ လ ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့ရာ လူငယ်များ ထိုက်သင့်သည့် ပြစ်ဒဏ်ခံယူပြီး၍ တရားသေ ပြန်လွတ်ပြီးချိန်တွင် ပြစ်ဒဏ် တိုးမြှင့်ရေးအတွက် လွိုင်ကော်ခရိုင် တရားရုံးသို့ ထပ်မံစွဲဆိုထားသည်ကို တွေ့ရှိရပါသည်။ ဤသို့ ထပ်မံစွဲဆိုရန် တင်ပြမှုသည် အာဏာ လက်ဝယ်ရှိထားသည့် အစိုးရတရပ်က ဆောင်ရွက်ခြင်းသည် လက်ခံနိုင်စရာ မရှိပါ”ဟု ဖော်ပြခဲ့ပြီး၊ ပြင်ဆင်စွဲဆိုမှုကို ကရင်နီအမျိုးသား တိုးတက်ရေးပါတီက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြခဲ့ပါသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာနောက်ဆုံးပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။