တိုက်ပွဲဖြစ်ပွားမှုများ (ဧပြီ နောက်ဆုံးပတ်)

Post By Nyein Ko Ko Soe, On April 29, 2020

တိုက်ပွဲဖြစ်ပွားမှုများ (ဧပြီ နောက်ဆုံးပတ်)

၂၀၂၀ ပြည့်နှစ် ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ (ဧပြီ နောက်ဆုံးပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) မြောက်ဦး၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြားမြို့နယ်များနှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၀ ကြိမ်ထက် မနည်းရှိခဲ့ပြီး အရပ်သား ကိုးဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

ဧပြီ နောက်ဆုံးပတ်အတွင်း အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် AA အဖွဲ့နှင့် တပ်မတော်တို့အကြား ရခိုင်ပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ် မူဆယ်မြို့တွင်လည်း ပြည်သူ့စစ်အဖွဲ့ပိုင်ဟိုတယ်ကို လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါသည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ဧပြီ နောက်ဆုံးပတ်ကာလအတွင်း ရှမ်းပြည်နယ်တွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအကြား တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့သော်လည်း ဧပြီ ၂၃ ရက်ညပိုင်းက မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ ပန်ဆေးပြည်သူ့စစ်အဖွဲ့ပိုင်ဟိုတယ်ကို လက်နက်ကိုင်အဖွဲ့တဖွဲ့က လာရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါသည်။

ပန်ဆေးပြည်သူ့စစ်ပိုင်လောင်းကစားရုံကို အမည်မသိ လက်နက်ကိုင်အဖွဲ့က လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တရုတ်ပြည်ဘက်သို့လည်း လက်နက်ကျည် အချို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဧရာဝတီသတင်းဌာနက ဧပြီ ၂၄ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်က သတင်းထုတ်ပြန်ရာတွင် TNLA တပ်ဖွဲ့ဝင်များက ပန်ဆေးပြည် သူ့စစ်ဌာနေအဖွဲ့မှ ဆောက်လုပ်လျက်ရှိသည့် မူဆယ်မြို့အနောက်ဘက် စွမ်စော်ရပ်ကွက်အတွင်းရှိ ဆောက်လုပ်ဆဲ ဟိုတယ်အား ဆက်ကြေး တောင်းဆိုမှုမရ၍ ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် လာရောက် နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ TNLA အဖွဲ့ကမူ တပ်မတော်၏ စွပ်စွဲပြောကြားမှုအပေါ် ကြေညာချက်ထုတ် ငြင်းဆန်ခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်းခံထားရသည့် ULA/AA အဖွဲ့နှင့် တပ်မတော်အကြား မြောက်ဦး၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြားမြို့နယ်များတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး အရပ်သား ထိခိုက် သေဆုံးမှုများ ရှိသကဲ့သို့ ဒေသခံရာနှင့် ချီ၍ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပါသည်။

အရပ်သားထိခိုက်သေဆုံးမှုအများဆုံးဖြစ်ခဲ့သည့် ဖြစ်စဉ်မှာ မင်းပြားမြို့နယ်တွင် ဧပြီ ၂၂ ရက်က ဖြစ်ပွားခဲ့ပြီး လေးဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာခဲ့ကြောင်း ဧရာဝတီသတင်းဌာနက ဧပြီ ၂၃ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ဧပြီ ၂၂ ရက် ညပိုင်းက မင်းပြားမြိ့နယ် ရာမောင်တံတားအနီးတွင် ဆိုင်ကယ်စီးလာသည့် ရခိုင်တိုင်းရင်းသား သုံးဦး တပ်မတော်စစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး ညနေပိုင်းကလည်း မင်းပြားမြို့ အရှေ့ဘက် ရန်ကုန် – စစ်တွေ ကားလမ်းမပေါ်ရှိ နရန်းကျေးရွာနှင့် စမ္ပလယ်ကျေးရွာမှ ရွာသားနှစ်ဦး ရွာအနီး နွားကျောင်းနေစဉ် လက်နက်ကြီးကျ၍ တဦးသေ၊ တဦးဒဏ်ရာရခဲ့ကြောင်း ဧရာဝတီ သတင်းတွင် ပါရှိခဲ့ပါသည်။

မင်းပြားမြိ့နယ် ရာမောင်တံတားအနီးတွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ရာ ဧပြီ ၂၂ ရက် ညနေ ၈ နာရီ ၁၀ မိနှစ်အချိန်တွင် မင်းပြားမြို့ဘက်မှ ရာမောင်တံတားဘက်သို့ ဆိုင်ကယ်ဖြင့် အမျိုးသားနှစ်ဦး မောင်းလာသည်ကို မသင်္ကာဖွယ်ရာ တွေ့ရှိ ရသဖြင့် စစ်ဆေးရန် အော်ဟစ်တားမြစ်စဉ် ရန့်တန့်ခြင်း မရှိဘဲ အရှိန်ပြင်းစွာ ဆက်လက်မောင်းနှင်လာ သဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ထို့ပြင် မင်းပြားမြို့နယ် ဖားပြိုကျေးရွာအနီးတွင် ဧပြီ ၂၁ ရက်က ပစ်ခတ်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့် ပိုးသတ်ဆေးကုမ္ပဏီမှ ယာဉ်နောက်လိုက်ဝန်ထမ်းမှာ စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ဧပြီ ၂၆ ရက်က သေဆုံးသွားခဲ့ကြောင်း 7 day သတင်းဌာန၏ သတင်းဖော်ပြမှုအရ သိရပါသည်။

မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး ရန်ကုန်-စစ်တွေ ကားလမ်းအနီးတွင် ဧပြီ ၂၀ ရက်မှစ၍ တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေခြင်းကြောင့် ကားအစီးရေ ၄၀၀ ခန့် ပိတ်မိနေကြောင်းလည်း DVB သတင်းဌာနက ဧပြီ ၂၇ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။ အဆိုပါ ရာမောင်တံတားအနီးတွင် WHO မှ ယာဉ်တစီးနှင့် အရပ်ဘက်ယာဉ်တစီး ပစ်ခတ်ခံခဲ့ရပြီးနောက် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်သည်။

ထို့ပြင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း တပ်မတော်နှင့် AA အဖွဲ့ တို့ တိုက်ပွဲများ ပြင်းထန်နေ၍ ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသခံများမှာ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရကြောင်း ဧရာဝတီသတင်းဌာနက ဧပြီ ၂၅ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။ ဒေသခံများ စွန့်ခွာထွက်ပြေးသွားသည့် ကျေးရွာများမှာ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ပုဏ္ဏားကျွန်း- ရသေ့ တောင် ကားလမ်းမအနီးရှိ ကျေးရွာများနှင့် ရန်ကုန်- စစ်တွေ ကားလမ်းမပေါ် ကျေးရွာများ ပါဝင်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

မြောက်ဦးမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တွင်လည်း ဧပြီ ၂၆ ရက်နှင့် ၂၇ ရက်တို့က တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ကျောင်းသူ တစ်ဦးအပါအဝင် အရပ်သား ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း RFA သတင်းဌာနက သတင်းဖော်ပြ ခဲ့သည်။

မြောက်ဦးမြို့အရှေ့ဘက်တွင် တပ်မတော်စစ်ကြောင်းကို AA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် အပြန် အလှန်ပစ်ခတ်ခဲ့ကြရာ မြောက်ဦးမြို့ပေါ် အလယ်ဈေးရပ်ကွက်ရှိ ထမင်းဆိုင်သို့ လက်နက်ကြီး ကျည် ကျရာက်ပေါက်ကွဲခဲ့၍ အမျိုးသမီးသုံးဦးနှင့် အမျိုးသားတဦး ထိခိုက်ဒဏ်ရာခဲ့ခြင်းဖြစ်သည်ဟု RFA သတင်းတွင် ဖော်ပြထားပါသည်။ ထို့ပြင် ဘူးသီးတောင်မြို့နယ် ကံ့ကော်မြိုင်ကျေးရွာအနီး တောင်တန်းတွင် AA နှင့် တပ်မတော်တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ ရွာသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့၍ အသက် ၁၃ နှစ်အရွယ် ခြောက်တန်းကျောင်းသူတဦး ဒဏ်ရာရခဲ့ကြောင်းလည်း အဆိုပါသတင်းတွင် ပါရှိခဲ့ပါသည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မြောက်ဦးမြို့ အရှေ့ဘက်တွင် တပ်မတော်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း အရပ်သားများနေသည့် နေရာနှင့် ဝေးကြောင်း၊ ဘူးသီးတောင်မြို့နယ် ကံကော်မြိုင်ကျေးရွာအနီးတွင် AA ယာယီစခန်းတခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း RFA သတင်းဌာနကို ပြောကြားခဲ့ပါသည်။

မင်းပြားမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် တပ်မတော်နှင့် AA အဖွဲ့အကြား ရက်ဆက်ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း တပ်မတော်ဘက်မှ လေကြောင်းပစ်ကူပေးတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဧရာဝတီနှင့် DVB သတင်းဌာနများက သတင်းဖော်ပြခဲ့ကြပါသည်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ပလက်ဝမြို့ တဖက်ကမ်း တောင်ကြောများတွင် တပ်မတော်နှင့် AA အဖွဲ့အကြား ဧပြီ ၂၂ ရက်က တနေ့လုံး တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ညနေပိုင်းတွင် ပလက်ဝမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်ဝင်းထဲသို့ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲခဲ့၍ ဘဏ်ဝန်ထမ်း တဦး အပါအဝင် ကလေးနှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဧရာဝတီသတင်းဌာနက သတင်းဖော်ပြခဲ့ပါသည်။

ပလက်ဝမြို့အနီးတွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများ ပြန်လည်ပြင်းထန်နေပြီး ဧပြီ ၂၂ ရက် နံနက်ပိုင်းကလည်း ပလက်ဝမြို့ တဖက်ကမ်း မီးလက်ဝ ကျေးရွာနှင့် ရုပ်ဝကျေးရွာကြားရှိ စိုက်ခင်းထဲသို့ လက်နက်ကြီး ကျည်ဆန် ကျရောက်ပေါက်ကွဲမှုကြောင့် ဟင်းရွက်ခူးနေသူ အမျိုးသမီးတဦးမှာလည်း ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု အဆိုပါဧရာဝတီသတင်းတွင် ပါရှိခဲ့ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကလည်း ဧပြီ ၂၅ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝဒေသတွင် မြို့ရွာများအနီး တိုက်ပွဲဖြစ်ပွားခဲ့၍ အရပ်သားထိခိုက်သေဆုံးမှုများ ရှိလာကြောင်းနှင့် ယင်းဖြစ်ရပ်များအတွက် တပ်မတော်တွင် တစိတ်တပိုင်းတာဝန်ရှိသည်ကို မငြင်းလိုကြောင်း ပြောကြားခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဧပြီ နောက်ဆုံးပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။