တိုက်ပွဲဖြစ်ပွားမှုများ(ဇန်နဝါရီ နောက်ဆုံးပတ်)

Post By Nyein Ko Ko Soe, On January 30, 2020

တိုက်ပွဲဖြစ်ပွားမှုများ(ဇန်နဝါရီ နောက်ဆုံးပတ်)

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၄ ရက်မှ ဇန်နဝါရီ ၂၉ ရက်အထိ (ဇန်နဝါရီ နောက်ဆုံးပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) ဘူးသီးတောင်မြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်နှင့် ကရင်ပြည်နယ် ဖာပွန်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု လေးကြိမ်ထက် မနည်းရှိခဲ့ပြီး အရပ်သားသေဆုံးမှု လေးဦး ရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

ဇန်နဝါရီနောက်ဆုံးပတ်ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် တပ်မတော်နှင့် AA၊ TNLA အဖွဲ့များအကြား တိုက်ပွဲ ဖြစ်ပွားမှု လျော့ကျခဲ့သော်လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အရပ်သားသေဆုံးမှုများ ရှိခဲ့ပြီး ကရင်ပြည်နယ်တွင်လည်း KNU တပ်မ ဟာ(၅)နယ်မြေအတွင်း မိုင်းပေါက်ကွဲခဲ့ခြင်းကြောင့် တပ်မတော်မှ တပ်ရင်းမှူးတဦး ကျဆုံးခဲ့ပါသည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ဇန်နဝါရီ ၂၈ ရက် ညနေပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာအနီးတွင် တပ်မတော်နှင့် TNLA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညောင်မောင်းကျေးရွာမှ သားအမိနှစ်ဦးမှာ ၎င်းတို့၏ အိမ်ကို လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပါသည်။

တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်မှုကြောင့် ညောင်မောင်းကျေးရွာရှိ နေအိမ်အချို့ကို လက်နက်ကြီး ကျည်များ ထိမှန် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး သားအမိနှစ်ဦးမှာ လက်ဖက်ခြံမှ အပြန် တိုက်ပွဲကြား ပိတ်မိကာ သေဆုံးခဲ့ ရခြင်းဖြစ်ကြောင်း သိရပါသည်။ တပ်မတော်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အဆိုပါ အရပ်သား သေဆုံးမှုဖြစ်စဉ် ဖြစ်ပွားရခြင်းဖြစ်သည်ဟု TNLA အဖွဲ့က စွပ်စွဲပြစ်တင်ခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

တရုတ်သမ္မတရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်နောက်ပိုင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲဖြစ်ပွားမှု လျော့ကျသွားခဲ့သော်လည်း လက်နက်ကြီးကျည် ထိမှန်၍ အရပ်သား သေဆုံး၊ ထိခိုက်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။

အရပ်သားသေဆုံးမှု ရှိခဲ့သည့် ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့ နယ် ကင်းတောင်ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ အမျိုးသမီးနှစ်ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာ ရရှိခဲ့မှု ဖြစ်ပါသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဘူးသီးတောင်မြို့နယ်ရှိ တပ်မတော်နှင့် ရဲတပ်ဖွဲ့ ဝင်များ လုံခြုံရေး ယူထားသော ဖုန်ညိုလိပ်တံတားအား AA အဖွဲ့က လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့၍ တပ်မတော်ဘက်က ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့သို့ပစ်ခတ်တိုက်ခိုက်စဉ် AA အဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ကင်းတောင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့၍ ကျေးရွာသား နှစ်ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါသည်။

AA အဖွဲ့ကမူ တပ်မတော်မှ ညအချိန်မတော် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကင်းတောင်ကျေးရွာ အတွင်း ကျရောက်ပေါက်ကွဲ၍ အရပ်သားများ သေဆုံးဒဏ်ရာရခဲ့ခြင်း ဖြစ်သည်ဟု ပြန်လည်စွပ်စွဲခဲ့ပါသည်။

ကရင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

တပ်မတော်က လမ်းဖောက်လုပ်သည့်ကိစ္စနှင့် ပတ်သက်၍ တပ်မတော်နှင့် KNU အဖွဲ့အကြား တင်းမာမှုများ ရှိနေသည့် ဖာပွန်မြို့နယ်တွင် မိုင်းပေါက်ကွဲမှု ဖြစ် ပွား၍ တပ်မတော်မှ တပ်ရင်းမှူးတဦး ကျဆုံးခဲ့မှု ဇန်နဝါရီ ၂၇ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ပါသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လမ်းကြောင်းအခြေအနေကြည့်ရှုရန် လာရောက်သည့် တပ်မတော်စစ်ကြောင်း မိုင်းဆွဲခံရပြီး တပ်ရင်းမှူးအဆင့်အရာရှိတဦး ကျဆုံးခဲ့ရကြောင်း တပ်မတော်ဘက်က ပြောကြားခဲ့ပြီး ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U နှင့် KNU ထံ ကန့်ကွက်စာများ ပို့ခဲ့ကြောင်း သိရပါသည်။

KNU ဘက်ကမူ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းမရှိဟု ငြင်းဆိုခဲ့ပြီး တပ်မတော်က KNU တပ်မဟာ(၅) နယ်မြေအတွင်း ခွင့်ပြုချက်မရဘဲ ဝင်ရောက်ခဲ့ပြီး ၎င်းတို့ထောင်ထားသည့် ကားမိုင်းကို ဖောက်ခွဲခဲ့၍ ထိခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ တပ်မတော်က လမ်းဖောက်လုပ်သည့်ဖြစ်စဉ်ကြောင့် တပ်မတော်နှင့် KNU တပ်မဟာ (၅) အကြား ယခုလ အစပိုင်းက တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့ပြီးနောက် တပ်ပိုင်းဆိုင်ရာဆွေးနွေးပွဲများ ပြုလုပ်ခဲ့ရာ ပြေလည်မှု ရရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့ကျသော်လည်း ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ နောက်ဆုံးပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။