ထုတ်ပြန်ကြေညာချက်များ (ဖေဖော်ဝါရီ ပထမပတ်)

Post By Pan Su Wai, On February 4, 2020

ထုတ်ပြန်ကြေညာချက်များ (ဖေဖော်ဝါရီ ပထမပတ်)

၂၀၂၀ပြည့်နှစ် ဇန်နဝါရီ  ၂၈ ရက်မှ ဖေဖော်ဝါရီ ၃ ရက်အထိ(ဖေဖော်ဝါရီ ပထမပတ်)ကာလအတွင်း တပ်မတော်၊ AA အဖွဲ့ ၊ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO)နှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ကိုးခုထက်မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ငါးခုထိ ထွက်ရှိခဲ့ပြီး AA အဖွဲ့၊  ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့၊ ကယားလီဖုလူငယ်များအဖွဲ့တို့မှ တခုစီ ထုတ်ပြန်ခဲ့ကြပါသည်။

ဖေဖော်ဝါရီပထမပတ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သောထုတ်ပြန်ချက်များအနက် “ဖာပွန်မြို့နယ်အတွင်း လမ်းလုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည့် တပ်မတော်စစ်ကြောင်းအား KNU အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့သဖြင့် တပ်မတော်မှ တပ်ရင်းမှူးတဦး ကျဆုံးခဲ့ ကြောင်း “ ဇန်နဝါရီ ၃၀ ရက်စွဲ ထုတ်ပြန်ချက် နှင့် “AA တပ်ဖွဲ့ဝင်များက ဘူးသီးတောင်မြို့နယ်၊ သိန်းတန်ကျေးရွာနေ ဘင်္ဂါလီအမျိုးသမီးများအား မဖွယ်မရာမုဒိမ်းကျင့် မှုဖြစ်ပွားခဲ့ကြောင်း” ဖေဖော်ဝါရီ ၂  ရက်စွဲ ထုတ်ပြန်ချက်တို့မှာ အာရုံံစိုက်စရာဖြစ်ခဲ့သည်။

ဖာပွန်မြို့နယ်အတွင်း တပ်မတော်မှ တပ်ရင်းမှူးကျဆုံးခဲ့သည့် မိုင်းကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်မှုတွင် “ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း တပ်မတော်အနေဖြင့် နှစ်စဉ်ပုံမှန်ရိက္ခာစုပုံခြင်းဆောင်ရွက်လျက်ရှိရာ ပုံမှန်ရိက္ခာစုပုံရန်အတွက် လမ်းကြောင်းများ  ပြုပြင်/အသုံးပြုရာ ၌ ဆိုင်ရာအဖွဲ့ အစည်းများသို့ ကြိုတင်ညှိနှိုင်းပြီး တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များဖြင့် လမ်းဖောက်လုပ် ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ကြိုတင်ညှိနှိုင်းဆောင်ရွက်ထားသော်လည်း လမ်းဖောက်လုပ်ရာတွင် လုံခြုံရေး လိုက်ပါဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းအား ဇန်နဝါရီ ၂၇ ရက် ညနေပိုင်းက  နတ်တောင်ကျေးရွာအနီးတွင် KNU အဖွဲ့က ကားမိုင်းဖြင့်  ရှော့တိုက်ဖောက်ခွဲ တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်မှ တပ်ရင်းမှူးတစ်ဦး မိုင်းစထိမှန်ဒဏ်ရာများဖြင့် အဆိုပါနေရာ၌ပင် ကျဆုံးခဲ့ရကြောင်း” ဦးစွာဖော်ပြခဲ့သည်။

ဆက်လက်ပြီး “KNU အဖွဲ့အစည်းအနေဖြင့် တပ်မတော်ဘက်မှ ကြိုတင်ညှိနှိုင်းထားသော်လည်း လုံခြုံရေးလိုက်ပါ  ဆောင်ရွက်သည့် တပ်မတော်စစ်ကြောင်းများ၊ ယာဉ်များကို အဝေးမှ နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းများပေါ် မိုင်းထောင်ဖောက်ခွဲခြင်းများ ဆောင်ရွက်လျက်ရှိပြီး ယခုကဲ့သို့ KNU အဖွဲ့၏  လုပ်ရပ်များအား သက်ဆိုင်ရာသို့ သတိပေးကန့်ကွက်စာများ ပေးပို့ထားရှိကြောင်းနှင့် တပ်မတော်မှ လိုအပ်သည့်လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း” တပ်မတော်၏ ထုတ်ပြန်မှုတွင် ဖော်ပြခဲ့သည်။

KNU ဘက်ကမူ တပ်မတော်စစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းမရှိဟု ငြင်းဆိုခဲ့ပြီး တပ်မတော်က KNU တပ်မ ဟာ(၅) နယ်မြေအတွင်း ခွင့်ပြုချက်မရဘဲ ဝင်ရောက်၍ ၎င်းတို့ ထောင်ထားသည့် ကားမိုင်းကို ဖောက်ခွဲခဲ့ခြင်း ကြောင့် ယခုကဲ့သို့ ထိခိုက်မှုဖြစ်ခဲ့ရသည့် ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ကြောင်း ပြန်လည် ရှင်းလင်းခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည့် “AA တပ်ဖွဲ့ဝင်များမှ ဘူးသီးတောင်မြို့နယ်၊ သိန်းတန်  ကျေးရွာနေ ဘင်္ဂါလီအမျိုးသမီးများအား မဖွယ်မရာမဒိမ်းကျင့်မှု ဖြစ်ပွားခဲ့သည်” ဆိုသော ထုတ်ပြန်ချက်တွင်  “ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ဘုရားပြင်သိန်းတန်အုပ်စု၊  သိန်းတန်ကျေးရွာသို့ ဇန်နဝါရီ ၃၁ ရက် ညနေ ပိုင်းက AA တပ်ဖွဲ့ဝင် လေး ဦး ရောက်ရှိလာပြီး ကျေးရွာမှ ဘင်္ဂါလီ အမျိုးသမီးများအား မဖွယ်မရာ မုဒိမ်းကျင့်ပြီး ရိုက်နှက်သဖြင့်   ရွာသူရွာသားများက ဝိုင်းဝန်းတားဆီးရာမှ   ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် ကျေးရွာအနီးသို့ AA တပ်ဖွဲ့ဝင် ၃၀ ဦးခန့် ထပ်မံရောက်ရှိလာပြီး ရွာကိုမီးရှို့ဖျက်စီးမည်ဟု ခြိမ်းခြောက်ပြီး  ကျေးရွာအား ဝန်းရံပိတ်ဆို့ထားသဖြင့်  ကျေးရွာရပ်မိရပ်ဖများက  အနီးစပ်ဆုံးရှိ တပ်မတော်စစ်ကြောင်း ထံသို့ စာရေးသား ပေးပို့ အကူအညီတောင်းခံခဲ့၍ ဖြစ်စဉ်ဖြစ်ပွားရာကျေးရွာသို့ ချက်ချင်းသွားရောက်ခဲ့ပြီး အကြမ်း ဖက်ခြင်းခံခဲ့ရသောသူများကို ကျန်းမာရေး စောင့်ရှောက်မှုများ  ဆောင်ရွက်ပေးခဲ့ကြောင်း” ဖော်ပြခဲ့ပါသည်။

AA အဖွဲ့ ကလည်း တပ်မတော်က စွပ်စွဲခဲ့သည့် AA အဖွဲ့က ကင်းတောင် ကျေးရွာအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟူသော စွပ်စွဲချက်နှင့် AA တပ်ဖွဲ့ဝင်များက သိန်းတန်ကျေးရွာမှ သက်ကြီး ပိုင်း မူဆလင်အမျိုးသမီး တဦးအား ကာအိန္ဒြေပျက်ပြားအောင်ပြုလုပ်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ  ပြုကျင့်သည်ဟူသော စွပ်စွဲချက်များမှာ ဟုတ်မှန်ခြင်းမရှိကြောင်း ဖေဖော်ဝါရီ ၃ ရက်တွင် ကြေညာချက်ထုတ် ငြင်းဆိုခဲ့ပါသည်။

ဇန်နဝါရီ ၃၁ ရက်စွဲဖြင့် တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့က ထုတ်ပြန်ခဲ့သော “တအာင်းဒေသ အတွင်း  မြေမြုပ်မိုင်းနှင့် စစ်လက်နက်ကျန်ပစ္စည်းများကြောင့် ထိခိုက်မှုများလာသည့်အပေါ် သဘောထား ထုတ်ပြန်ချက်” မှာလည်း သတိပြုစရာဖြစ်ခဲ့ပါသည်။ ယင်းထုတ်ပြန်ချက်တွင် အချက်ငါးချက်ပါဝင်ပြီး  “၂၀၁၆ခုနှစ်မှစ၍ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဒေသအတွင်း  မြေမြုပ်မိုင်းများနှင့် လက်နက်ကြီးများ တွင်ကျယ်စွာ အသုံးပြုနေကြပြီး အပြစ်မဲ့ပြည်သူများအား နေ့စဉ်နှင့်အမျှ ထိခိုက်နစ်နာမှု၊ အသက်ဆုံးရှုံးမှုများ ကြုံတွေ့နေကြရသောကြာင့် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်း မဆို မြေမြုပ်မိုင်းအသုံးပြုမှုအပေါ်  ကန့်ကွက်ရှုတ်ချကြောင်း” ဦးစွာဖော်ပြခဲ့သည်။

ယင်းနောက် “သို့ဖြစ်ပါ၍ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို လူသားချင်းစာနာထောက်ထားမှုကို အလေးအနက်ထားကာ စစ်ပွဲနှင့်စပ်ဆိုင်သော အပြည်ပြည်ဆိုင်ရာစာချုပ်များတွင် ပါရှိသည့် စစ်ကျင့်ဝတ်များ လေးစားလိုက်နာပြီး အပြစ်မဲ့မိဘပြည်သူတို့၏ အသက်၊ အိုးအိမ်များကို ထိခိုက်ပျက်စီးမှုမရှိစေရန် လူထုလုပ်ကိုင်စားသောက်နေသည့်နေရာ၊ လူအများသွားလာသည့်နေရာများတွင် လက်နက်ကြီးပစ်ခတ်ခြင်း၊ မိုင်းထောင်ခြင်းများ မပြုလုပ်ကြရန်နှင့် ထောင် ထားသည့်မိုင်းကြောင့် ထိခိုက်ဒဏ်ရာ၊ အသက်ဆုံးရှုံးသွားသည့် ပြည်သူများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် သဘောထားထုတ်ပြန် တောင်းဆိုကြောင်း” ယင်းထုတ်ပြန်မှုတွင်  ဖော်ပြ ထားပါသည်။

ကယားလီဖုလူငယ်များမှလည်း ရန်ကုန်မြို့၊ ကျိုက္ကဆံအားကစားကွင်းတွင် ကျင်းပပြုလုပ်နေသည့် “သွေးချင်းတို့ ရဲ့ပွဲတော်ဆီ” ပွဲ၌ ကယားရိုးရာကေ့ထျှိုးဘိုး (တံခွန်တိုင်) စိုက်ထူခြင်းအပေါ်  ဖေဖော်ဝါရီ ၁ ရက်စွဲဖြင့် သဘောထားထုတ်ပြန်ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါသည်။ ယင်းထုတ်ပြန်ချက်တွင် “ကယားလူမျိုး တို့သည် ရှေးပဝေသဏီကတည်းကပင် ရိုးရာဓလေ့ပွဲတော်များအား ဘိုးစဉ်ဘောင်ဆက်လက်ဆင့်ကမ်း  ပြုလုပ်ခဲ့ကြသည်မှာ ယနေ့တိုင်ဖြစ်ပြီး ထိုရိုးရာဓလေ့ပွဲတော်များကို ကျင်းပရာတွင် လမြတ်အချိန်အခါ ရာသီအလိုက်သာ ကျင်းပကြရသည်မှာ အထူးအလေးပေး ဂရုပြုလိုက်နာဆောင်ရွက်ကြရသည့် အချက် ဖြစ်ကြောင်း” ဖော်ပြခဲ့သည်။

ယင်းနောက် “တျားအီလူး (ခေါ်) ကေ့ထျှိုးဘိုးပွဲတော်ကို ကျင်းပပြုလုပ်ရာတွင် နှစ်စဉ်မတ်လ၊ ဧပြီလအတွင်းသာ ကျင်းပပြုလုပ်ပြီး စိုက်ထူပြီးထားသော ကေ့ထျှိုးဘိုးတိုင်ကိုလည်း ပြန်လည်နှုတ်ယူရွှေ့ပြောင်းစိုက်ထူရသည့် အစဉ်အလာမရှိခဲ့ကြောင်းနှင့် ယခုရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် လမြတ်ရာသီအချိန် အခါမဟုတ်ဘဲ ကယားရိုးရာ  ကေ့ထျှိုးဘိုး (တံခွန်တိုင်) စိုက်ထူနေသည်မှာ ဘိုးစဉ်ဘောင်ဆက်ထိန်းသိမ်းလာသည့် အစဉ်လာဓလေ့အား ချိုးဖောက်ဖျက်ဆီးနေခြင်းဖြစ်ပြီး ကယားလီဖုလူငယ်တို့မှ ကန့်ကွက်ခဲ့ကြသော်လည်း အများဆန္ဒအား လျစ်လျူ၍ အတင်းအဓမ္မစိုက်ထူနေခြင်းမှာ ကောင်းမွန်သည့်လုပ်ရပ်မဟုတ်ဘဲ လုံးဝကန့်ကွက်ရှုတ်ချသကဲ့သို့ ယင်းပွဲတော်အား အသိမှတ်မပြုနိုင်ကြောင်း” ဖော်ပြခဲ့သည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ ဒုတိယအကြိမ် ညီလာခံသက်တမ်း၊ အဌမအကြိမ် ဗဟိုကော်မတီ နှစ်ပတ်လည်အစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်ကို ဖေဖော်ဝါရီ ၂ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး PNLO သည် “ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ စတုတ္ထအကြိမ်အစည်းအဝေးသို့ ပူးပေါင်း ပါဝင်တက်ရောက်သွားမည်”ဖြစ်သကဲ့သို့ “ ပအိုဝ်းအမျိုးသား ညီညွတ်ရေး၊ ရှမ်းပြည်ညီညွတ်ရေးမှသည် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်သည်အထိ ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ပထမပတ်တွင် ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။