တိုက်ပွဲဖြစ်ပွားမှုများ (ဧပြီ ဒုတိယပတ်)

Post By Nyein Ko Ko Soe, On April 17, 2020

တိုက်ပွဲဖြစ်ပွားမှုများ (ဧပြီ ဒုတိယပတ်)

၂၀၂၀ ပြည့်နှစ် ဧပြီ ၈ ရက်မှ ၁၅ ရက်အထိ (ဧပြီ ဒုတိယပတ်)ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ပုဏ္ဏားကျွန်း၊ မောင်တောနှင့် အမ်းမြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းပန်မြို့နယ်တို့တွင် တိုက်ပွဲ ခုနစ်ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး အရပ်သားသေဆုံးမှု ကိုးဦး ရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

ဧပြီ ဒုတိယပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် AA အဖွဲ့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး မောင်တောမြို့နယ်တွင်လည်း တပ်မတော်နှင့် ARSA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါသည်။ ထို့ပြင် ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့နုယ်တွင် တပ်မတော်နှင့် NCA လက်မှတ်ထိုးထား သည့် RCSS/SSA အဖွဲ့အကြား တိုက်ပွဲ တစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့နယ် နားဝန်ကျေးရွာအနီးတွင် တပ်မတော်နှင့် NCA လက်မှတ်ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အဖွဲ့အကြား တိုက်ပွဲ တစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သျှမ်းသံတော်ဆင့်သတင်းဌာနက ဧပြီ ၁၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။

COVID -19 နှင့်ပတ်သက်၍ မိုင်းပန်မြို့နယ်အတွင်း ကျေးရွာများကို ကွင်းဆင်းဆေးစစ်မှု ပေးနေသော RCSS/SSA တပ်နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီးအုမ်ခေးက သျှမ်းသံတော်ဆင့်သို့ ပြောကြားခဲ့ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ ယင်းစွပ်စွဲမှုကို ငြင်းဆန်ခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်းခံထားရသည့် ULA/AA အဖွဲ့နှင့် တပ်မတော်အကြား ဧပြီ ဒုတိယပတ်တွင်လည်း အမ်းနှင့် ပုဏ္ဏားကျွန်းမြို့နယ်များတွင် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဧပြီ ၈ ရက် ညပိုင်းတွင် အမ်းမြို့နယ် ကဇုကိုင်းကျေးရွာအုပ်စု ဆင်ဦးတိုက်ရွာအတွင်း လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲခဲ့၍ အရပ်သား လေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဧရာဝတီသတင်းဌာန၏ သတင်းဖော်ပြမှုအရ သိရပါသည်။ တပ်မတော်နှင့် AA အဖွဲ့အကြား အဆိုပါဒေသတွင် တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ကြောင်း တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

ဧပြီ ၁၃ ရက် နံနက်ပိုင်းကလည်း ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲခဲ့၍ အရပ်သား ရှစ်ဦးသေဆုံး၊ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း RFA သတင်းဌာနက ဧပြီ ၁၃ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်နှင့် AA အဖွဲ့အကြား ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်ကျေးရွာအနီးတွင်သာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကျောက်ဆိပ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် AA အဖွဲ့ ပစ်ခတ်လာသည့်နေရာသို့သာ ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အရပ်ဘက် ပစ်မှတ်များ၊ အဆောက်အဦများ၊ ကျေးရွာများအတွင်းသို့ ပစ်ခတ်မှုများမရှိသဖြင့် တပ်မတော်ကို ပြည်သူ လူထု အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်ဝါဒဖြန့်ချိရေးသားခြင်းသာဖြစ်ကြောင်း တပ်မတော်ဘက်မှ ဧပြီ ၁၃ ရက်တွင် သတင်းထုတ်ပြန် ရှင်းလင်းခဲ့ပါသည်။

ထို့ပြင် အမ်းမြို့နယ် ဒလက်ချောင်းအုပ်စု အလယ်ကျွန်းကျေးရွာတွင်လည်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း VOA သတင်းဌာန၏ ဧပြီ ၁၃ ရက်တွင် သတင်းဖော်ပြမှုအရ သိရပါသည်။

ဧပြီ ၁၅ ရက် နံနက်ပိုင်းက မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်မြို့အနီးတွင် ARSA အဖွဲ့၏ တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးခဲ့ကြောင်း DVB သတင်းဌာနက ဧပြီ ၁၆ ရက် တွင် သတင်းဖော်ပြခဲ့သည်။ နယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးဦးသည် ခမောင်းဆိပ်သို့ ချောစာလာပို့ရာတွင် အင်အား ၃၀ ခန့်ရှိ ARSA အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့၍ နှစ်ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု DVB သတင်း တွင် ဖော်ပြထားပါသည်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ပလက်ဝမြို့နယ် နှမဒါကျေးရွာအနီး တောင်တန်းများတွင် ဧပြီ ၁၅ ရက်က တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း VOA သတင်းဌာန၏ သတင်းဖော်ပြမှုအရ သိရပါသည်။

ပလက်ဝမြို့နယ် မီးချောင်းတံထားအနီးရှိ ဗျူဟာကုန်းကို သိမ်းပိုက်ရန် ကြိုးပမ်းသည့် AA အဖွဲ့ကို တိုက်ထုတ်နိုင်ခဲ့ကြောင်း တပ်မတော်မှ မတ် ၁၉ ရက်က သတင်းထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှု လျော့ကျသွားခဲ့ကြောင်း သိရပါသည်။

 

၂၀၂၀ ပြည့်နှစ် ဧပြီ ဒုတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။