တိုက်ပွဲဖြစ်ပွားမှုများ (ဇူလိုင် နောက်ဆုံးပတ်)

Post By Nyein Ko Ko Soe, On July 29, 2020

တိုက်ပွဲဖြစ်ပွားမှုများ (ဇူလိုင် နောက်ဆုံးပတ်)

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၂ ရက်မှ ဇူလိုင် ၂၈ ရက်အထိ (ဇူလိုင် နောက်ဆုံးပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) မင်းပြားမြို့နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်တို့တွင် တိုက်ပွဲ သုံးကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး အရပ်သား တဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့ အကြား ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲ ပြင်းထန်ခဲ့သည်။ ထို့ပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင်လည်း တပ်မတော်နှင့် SSPP/SSA အဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု ရှိခဲ့ပါသည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ဇူလိုင် ၂၂ ရက် ညနေပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ်တွင် တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဧရာ၀တီသတင်းဌာန၏ သတင်းဖော်ပြမှုအရ သိရပါသည်။

သီပေါမြို့နယ် နားအုံကျေးရွာအနီးတွင် ထိတွေ့မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒေသခံ ၂၀၀ ကျော် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော်လည်း တိုက်ပွဲဖြစ်ပွားသည့် နေရာမှာ ကျေးရွာနှင့် နီးကပ်မနေ၍ အရပ်သား ထိခိုက်မှု မရှိကြောင်း သတင်းတွင် ဖော်ပြထားပါသည်။ အဆိုပါနယ်မြေအတွင်း နယ်မြေ လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းနှင့် SSPP/SSA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာမှု မရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာ၀တီကို အတည်ပြုခဲ့ပါသည်။

တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် ဇူလိုင် ၂၈ ရက်က မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားတဦး သေဆုံးခဲ့ကြောင်း ဇူလိုင် ၂၉ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြခဲ့ပါသည်။

ကျောက်မဲမြို့နယ်ကျောင်းကုန်းကျေးရွာမှ အသက်(၅၉) နှစ်အရွယ် တောင်သူတစ်ဦးမှာ ပြောင်းခင်းအတွင်း ပေါင်းမြက်ရှင်းစဉ် မိုင်းပေါက်ကွဲ၍ သေဆုံးခဲ့ခြင်းဖြစ်ပြီး အဆိုပါနေရာတွင် မပေါက်ကွဲသေးသည့် မိုင်းတလုံး ကျန်ရှိနေသေးကြောင်း အဆိုပါသတင်းတွင် ပါရှိခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် တပ်မတော်အကြား ယခုရက်သတ္တပတ်အတွင်း မင်းပြားမြို့နယ်တွင် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ဒေသခံ ရာနှင့် ချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါသည်။

မင်းပြားမြို့နယ်တွင် ဇူလိုင် ၂၀ ရက်မှ ဇူလိုင် ၂၃ ရက် ညနေပိုင်းအထိ တပ်မတော်နှင့် AA အဖွဲ့တို့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့၍ အနီးအနားကျေးရွာများမှ ဒေသခံ ၃၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း မဇ္ဈိမသတင်းဌာနက ဇူလိုင် ၂၄ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

ဇူလိုင် ၂၀ ရက် ညနေပိုင်းက တပ်မတော်ယာဉ်တန်းကို ရာမောင်တံတားနှင့် ကမ်းနီကြားရှိ တောင်ပုတ်ကေ ကျေးရွာ အနီးတွင် AA အဖွဲ့မှ တိုက်ခိုက်ခဲ့၍ ဇူလိုင် ၂၁ ရက်မှ စတင်ကာ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ပြီး ခရီးသည်တင်မော်တော်ယာဉ်များ၊ အိမ်စီးကားများနှင့် ကုန်တင်ယာဉ် အများအပြားလည်း ပိတ်မိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားပါသည်။

ထို့ပြင် ဇူလိုင် ၂၆ ရက်က အမ်းနှင့် မင်းပြားမြို့နယ်အတွင်း လက်နက်ကြီး လက်နက်ငယ်ထိမှန်မှုကြောင့် အရပ်သား ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း RFA သတင်းဌာန၏ ဇူလိုင် ၂၇ ရက် သတင်းဖော်ပြမှုအရ သိရပါသည်။

မင်းပြားမြို့နယ် ထောင့်ချေကျေးရွာသားတစ်ဦး လယ်ယာလုပ်ငန်းခွင်တွင် ပစ်ခတ်ခံခဲ့ရပြီး ဒဏ်ရာပြင်းထန်၍ စစ်တွေဆေးရုံတွင် ကုသနေရသကဲ့သို့ အမ်းမြို့နယ် သဲကမ်းထောင်ရွာအတွင်း လက်နက်ကြီး ကျည်ကျ၍ ရွာသားလေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အဆိုပါသတင်းတွင် ပါရှိခဲ့ပါသည်။ အရပ်သားများ ထိခိုက်ခဲ့ရာ ဒေသများတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ တပ်မတော်က ပစ်ခတ်ခြင်း ဖြစ် သည်ဟု ဒေသခံများ၏ ပြောကြားမှုကို တပ်မတော်က ပယ်ချခဲ့ကြောင်း RFA သတင်းတွင် ဖော်ပြခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဇူလိုင် နောက်ဆုံးပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။