တိုက်ပွဲဖြစ်ပွားမှုများ (ဧပြီ တတိယပတ်)

Post By Nyein Ko Ko Soe, On April 22, 2020

တိုက်ပွဲဖြစ်ပွားမှုများ (ဧပြီ တတိယပတ်)

၂၀၂၀ ပြည့်နှစ် ဧပြီ ၁၆ ရက်မှ ၂၁ ရက်အထိ (ဧပြီ တတိယပတ်)ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) မင်းပြား၊ ကျောက်တော်မြို့နယ်များ၊ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ခုနစ်ကြိမ်ထက် မနည်းရှိခဲ့ပြီး အရပ်သားလေးဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

ဧပြီ တတိယပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တပ်မတော်နှင့် အကြမ်းဖက် အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် AA အဖွဲ့အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကိုင်းတိုင်းတွင်လည်း တပ်မတော်နှင့် ရှမ်းနီလက်နက်ကိုင်အဖွဲ့ (SNA) တို့ တိုက်ပွဲ နှစ်ရက်ဆက် ဖြစ်ပွားခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်းခံထားရသည့် ULA/AA အဖွဲ့နှင့် တပ်မတော်အကြား ဧပြီ တတိယပတ်တွင်လည်း မင်းပြားနှင့် ကျောက်တော်မြို့နယ်များတွင် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု၊ ပစ်ခတ်ခံရမှုတို့ကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်များမှာ ဧပြီ ၂၀ ရက်နှင့် ၂၁ ရက်များတွင် မင်းပြားမြို့နယ် ရာမောင်တံတားအနီးတွင် ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီသတင်းဌာနက သတင်းဖော်ပြခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါ Quarantine ထားသူများ ရောဂါပိုး ရှိမရှိ စစ်ဆေးရန် နမူနာများကို သယ်လာသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ ကားတစီး ဧပြီ ၂၀ ရက်က မင်းပြားမြို့နယ် ရာမောင်တံတားအနီးတွင် ပစ်ခတ်ခံရပြီး ယာဉ်မောင်း သေဆုံးခဲ့ကြောင်း ဧရာဝတီသတင်းဌာန၏ သတင်းဖော်ပြမှုအရ သိရပါသည်။

ပစ်ခတ်ခံရမှုကြောင့် ယာဉ်မောင်းဖြစ်သူအပြင် ကားပေါ်တွင် လိုက်ပါလာသော ကျန်းမာရေးကြီးကြပ်မှူးမှာလည်း ကျည်ထိမှန်ခဲ့ပြီး မင်းပြားဆေးရုံတွင် ကုသမှုခံယူနေစဉ် ယာဉ်မောင်း သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါဧရာဝတီသတင်းတွင် ပါရှိခဲ့ပါသည်။

ထို့ပြင် ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းကလည်း အဆိုပါ မင်းပြားမြိုနယ် ရာမောင်တံတားအနီး ရန်ကုန် – စစ်တွေ ကားလမ်းပေါ်၌ ဟိုက်ဂျက်ကား တစီး ထပ်မံပစ်ခတ်ခံရ၍ ကားပေါ်တွင် လိုက်ပါလာသူ နှစ်ဦး အနက် တဦး သေဆုံး၊ တဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း BBC သတင်းဌာနက ဧပြီ ၂၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။ အဆိုပါဟိုက်ဂျက်ကားမှာ ကမ္ဘောဇဘဏ်ကို ပိုးသတ်ဆေးလာဖြန်းသည့်ပုဂ္ဂလိကကုမ္ပဏီတခုမှ ကားဖြစ်ကြောင်း BBC သတင်းတွင် ပါရှိပါသည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ AA အဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ရှင်းလင်းမှုများ ပြုလုပ်ခဲ့ပါသည်။

ဧပြီ ၂၀ ရက်ကလည်း မင်းပြားမြို့နယ် ရာမောင်တံတားအနီးတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ အဝကျေးရွာ အုပ်စု၊ မင်းရွာ၊ ထောင့်ချေရွာ၊ မြစ်နားရွာ စသည့်ကျေးရွာများသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့၍ အမျိုးသမီး တဦး သေဆုံးပြီး ရွာသား ခုနစ် ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဧရာဝတီ သတင်းဌာနက ဧပြီ ၂၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အဆိုပါသတင်းတွင်ပင် မင်းပြားမြို့နယ် ဖားပျော်ကျေးရွာအနီး တောင်တန်းများတွင် ဧပြီ ၂၀ ရက် မွန်းလွဲပိုင်းက တပ်မတော်နှင့် AA အဖွဲ့ တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး တပ်မတော်က တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းလည်း ဖော်ပြထားပါသည်။

ကျောက်တော်မြို့အဝင် ကစ္ဆပနဒီတံတားနဲ့ ကားဂိတ်ကြားတွင် ဧပြီ ၁၆ ရက်ညနေပိုင်းက တပ်မတော်စစ်ကြောင်းကို AA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ ကလေးငယ်တဦး သေဆုံး၊ ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း RFA သတင်းဌာနက ဧပြီ ၁၇ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကစ္ဆပနဒီတံတားနှင့် အဝေးပြေးကားဂိတ်အနီးတွင် တပ်မတော်စစ်ကြောင်းကို AA အဖွဲ့က မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့၍ ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရကြောင်း တပ်မတော်ဘက်မှ သတင်းထုတ်ပြန်ခဲ့ပါသည်။

စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှု

ဧပြီ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဟုမ္မလင်းမြို့နယ်နမ့်တောကျေးရွာ၏ အရှေ့မြောက်ဘက် ချောင်းကြီးဒေသ၌တပ်မတော်နှင့် ရှမ်းနီလက်နက်ကိုင်အဖွဲ့ (SNA) တို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း မဇ္ဈိမသတင်းဌာန၏ သတင်းဖော်ပြမှုအရ သိရပါသည်။

တိုက်ပွဲ ဖြစ်ပွားခဲ့သည်ကို တပ်မတော်နှင့် SNA နှစ်ဖက်တာဝန်ရှိသူများက အတည်ပြုခဲ့ကြသော်လည်း အသေးစိတ်အချက်အလက်များကိုတော့ ထုတ်ပြန် ပြောကြားခြင်း မရှိခဲ့ဟု အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။

မတ် ၂ ရက်ကလည်း ဗန်းမောက်မြို့နယ်၊ ကနန်းဒေသတွင် တပ်မတော်နှင့် ရှမ်းနီလက်နက်ကိုင်အဖွဲ့ (SNA) တို့ အကြား တိုက်ပွဲ တကြိမ် ဖြစ်ပွားခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဧပြီ တတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။