ထုတ်ပြန်ကြေညာချက်များ (ဒီဇင်ဘာ ဒုတိယပတ်)

Post By Nyein Ko Ko Soe, Pan Su Wai, On December 17, 2019

ထုတ်ပြန်ကြေညာချက်များ (ဒီဇင်ဘာ ဒုတိယပတ်)

၂၀၁၉ ဒီဇင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ (ဒီဇင်ဘာ ဒုတိယပတ်) ကာလအတွင်း  တပ်မတော်၊ ရခိုင် ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၂ ခုထက်မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ထုတ်ပြန်ချက် လေးခုအထိ ထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)တို့က ထုတ်ပြန်ချက် တခုစီ ထွက်ရှိခဲ့ပါသည်။ ထို့ပြင် ရခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်)က သဘောထားထုတ်ပြန်ချက်တခု ထုတ်ပြန်ခဲ့ ကာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ထုတ်ပြန်ချက် နှစ်ခုနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ထုတ် ပြန်ချက် သုံးခု ထုတ်ပြန်ခဲ့ကြပါသည်။

ထုတ်ပြန်ချက်များအနက် ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)၏ နိုဝင်ဘာ ၁၁ ရက် ထုတ်ပြန်ချက်မှာ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါသည်။  ရခိုင်ပြည်နယ်အတွင်း မြေနေရာ သိမ်းယူသည့်ကိစ္စနှင့် ပတ်သက်၍ အပြည် ပြည်ဆိုင်ရာ တရားရုံး(ICJ) တွင် တရားလိုရှေ့နေ၏ စွပ်စွဲမှုများကို UEHRD အနေဖြင့် တိကျပြတ်သားစွာ ငြင်းဆိုကြောင်း၊ ပြန်လည်လက်ခံရေးနှင့် ယာယီနားနေရန် နေရာများ ဆောက်လုပ်ရာတွင် ရခိုင်အစိုးရက ထောက်ပံ့သည့်  မြေနေရာများကို အသုံးပြုခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင်  ဖော်ပြထားပါသည်။

ဒီဇင်ဘာ ဒုတိယပတ်အတွင်း  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်များ အနက် မင်းပြားမြို့နယ်နှင့် ပလက်ဝမြို့နယ်အတွင်းရှိ တပ်မတော်၏ နယ်မြေလုံခြုံရေးစခန်းများအား ဒီဇင်ဘာ ၉ ရက်၊ ၁၀ ရက် နှင့် ၁၁ ရက်တို့တွင် AA အဖွဲ့က လာရောက်တိုက် ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုများအတွင်း AA အဖွဲ့မှ အလောင်း ရှစ်လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိခဲ့ကြောင်း ဒီဇင်ဘာ ၁၂ ရက် ထုတ် ပြန်ချက်၊ မင်းပြားမြို့နယ် စိတ္တရကျေးရွာရှိ နေအိမ်တလုံးပေါ်မှ AA အဖွဲ့က တပ်မတော်စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် တပ်မတော်အရာရှိတဦး ဒဏ်ရာရရှိခဲ့ပြီး ပစ်ခတ်ခဲ့သည့်အိမ်တွင် မသင်္ကာဖွယ် အမျိုးသား နှစ်ဦး သေဆုံးကာ အမျိုးသား ခုနစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဒီဇင်ဘာ ၁၃ ရက်က ထုတ်ပြန်ခဲ့မှုတို့မှာ ထင်ရှားခဲ့ပါသည်။

မင်းပြားမြို့နယ် စိတ္တရကျေးရွာ ဖြစ်စဉ်နှင့် ပတ်သက်၍ AA အဖွဲ့က ဒီဇင်ဘာ ၁၅ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာချက်တခု ထုတ်ပြန်ခဲ့ရာ တပ်မတော်၏ ထုတ်ပြန်ချက်နှင့် ကွဲလွဲမှုများ ရှိနေပြီး တပ်မတော် စစ်ကြောင်း၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတဦး သေဆုံးခဲ့ကြောင်း AA အဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

နောက်ထပ်စိတ်ဝင်စားစရာကောင်းသည့် ထုတ်ပြန်ချက်တခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ဘူးသီးတောင်မြို့နယ် ဥက္ကဋ္ဌ ဦးရဲသိန်းကို AA အဖွဲ့က ဖမ်းဆီးထားခြင်းအပေါ် အမြန်ဆုံးပြန်လွှတ်ပေးရန်  တောင်းဆိုကြောင်း NLD ရခိုင်ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့က ဒီဇင်ဘာ ၁၆ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ အချက် လေးချက်ပါ အဆိုပါထုတ်ပြန်ချက်တွင် “ICJ တွင်  မြန်မာနိုင်ငံကို တရားစွဲဆိုမှုအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သွားရောက်ဖြေရှင်းမှုအား နိုင်ငံတဝှမ်းလုံးတွင် ထောက်ခံပွဲများ ကျင်းပနေသည့်နည်းတူ ကျင်းပနိုင်ရန် ဘူးသီးတောင်မြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးရဲသိန်းအနေဖြင့် နယ်သို့ ဆင်း၍ ပါတီကိစ္စကို ရိုးရိုးသားသားဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း ” ဦးစွာ ဖော်ပြခဲ့ပြီး ထုတ်ပြန်ချက် အပိုဒ် ၄ တွင် “သို့ဖြစ်ပါ၍ AA အဖွဲ့က ထိန်းသိမ်းထားသည့် ဘူးသီးတောင်မြို့နယ် NLD ဥက္ကဋ္ဌ ဦးရဲသိန်းအား အမြန်ဆုံးပြန်လွှတ်ပေးပါရန် တောင်းဆိုအပ်ပါသည်”ဟု  ဖော်ပြခဲ့ပါသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ၏ အဖွဲ့ချုပ်ပြန်လည်ဖွဲ့စည်းခြင်း (၁၀)နှစ်ပြည့်အခမ်း အနားကို ကျင်းပခဲ့ပြီး ဒီဇင်ဘာ ၁၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်မှာလည်း စိတ်ဝင်စားစရာ ဖြစ်ခဲ့ ပါသည်။ အဆိုပါထုတ်ပြန်ချက်တွင် “အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် ဂမ်ဘီယာက မြန်မာနိုင်ငံကို တရားစွဲဆိုမှုအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်တာဝန်ယူ ဖြေရှင်း  ဆောင်ရွက်မှုကို ကြိုဆိုကြောင်း” ဦးစွာ ဖော်ပြခဲ့ပါသည်။ ယင်းနောက် “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် JICM အစည်းဝေးခေါ်ယူနိုင်ရေးအတွက် PPST မှ ဆုံးဖြတ်ခဲ့သည့်အတိုင်း ၂၀၂၀ ဇန်နဝါရီလ ဒုတိယပတ်အတွင်း ခေါ်ယူနိုင်ရေးကိုလည်း ပူးပေါင်းကြိုးပမ်းသွားမည်”ဟု PNLO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံကို တရားစွဲဆိုလာမှုအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တာဝန်သိ မှုဖြင့် သွားရောက် ဖြေရှင်းမှုကို ထောက်ခံကြိုဆိုကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်ကလည်း ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့ပါသည်။

သို့ရာတွင် ကချင်အမျိုးသားလုံးဆိုင်ရာ လူငယ်များသမဂ္ဂ၏ ဒီဇင်ဘာ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာချက်မှာမူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်တို့နှင့် ဆန့်ကျင်ဘက် ဖြစ်ခဲ့ပြီး ယခုကဲ့သို့ ICJ တွင် တရားစွဲဆိုခြင်းမှာ တရားမျှတမှုကုစားနိုင်ရန် အမှန်တရားဖော်ထုတ် အရေးယူ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း ဖော်ပြခဲ့ပါသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ဒုတိယပတ်အတွက် ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။