ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (မေ နောက်ဆုံးပတ်)

Post By Nyein Ko Ko Soe, On May 29, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (မေ နောက်ဆုံးပတ်)

၂၀၂၀ ပြည့်နှစ် မေ ၂၂ ရက်မှ ၂၈ ရက်အထိ (မေ နောက်ဆုံးပတ်) ကာလအတွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်များအနက် COVID-19 ကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကို မကျင်းပနိုင်ပါက အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ထိပ်သီးအစည်းအဝေးတစ်ရပ် ခေါ်ယူရန် စီစဉ်ထားမှု၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် “ဝ” ဒေသသို့ သွားရောက်လိုသည့် သဘောထားရှိကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့မှုတို့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာ ကိစ္စရပ်များ ဖြစ်ခဲ့ပါသည်။

ထို့ပြင် COVID-19 ကာကွယ် တားဆီးရေးအတွက် စစ်ဆေးသည့်စစ်ဆေးရေးဂိတ် (Screening Point) များတွင် လက်နက်မပါဘဲ အရပ်ဝတ်ဖြင့် ဗိုင်းရပ်စ်ကာကွယ်ရေး စစ်ဆေးမှုပြုလုပ်ရန် ကရင် အမျိုးသားအစည်းအရုံး (KNU) နှင့် အစိုးရတို့ကြား သဘောတူခဲ့ခြင်း၊ ခေါင်းဆောင်ပိုင်းအပြောင်းအလဲဖြစ်ခဲ့သည့် KNU/KNLA PC အဖွဲ့အနေဖြင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)အတိုင်းသာ ဆက်သွားမည်ဟု ယင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ခြင်းတို့မှာလည်း အာရုံစိုက်စရာ အကြောင်းအရာများ ဖြစ်ခဲ့ပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

မေ နောက်ဆုံးပတ်ကာလအတွင်း စိတ်ဝင်စားစရာသတင်းတပုဒ်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် “ဝ” ဒေသသို့ သင့်လျော်ကောင်းမွန်သည့် အချိန်တွင် သွားရောက်မည့် သဘောထားရှိကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သတင်းထောက်များကို ပြောကြားခဲ့ခြင်းအား ဧရာဝတီသတင်းဌာနက မေ ၂၂ ရက်တွင် ဖော်ပြခဲ့သော သတင်းဖြစ်ပါသည်။

မေ ၁၉ ရက်က ပန်ဆန်းမြို့၌ “ဝ” ဒေသအတွက် COVID-19 ကာကွယ် ထိန်းချုပ်ရေး အထောက်အကူပြု ပစ္စည်းများကို တပ်မတော်က သွားရောက် လှူဒါန်းခဲ့ရာ UWSP/ UWSA ဥက္ကဋ္ဌ၏ ကျေးဇူးတင်လွှာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို ၎င်းတို့ဒေသကို လာရောက်ရန် ဖိတ်ခေါ်ရေးသားခဲ့ခြင်း ဖြစ်ပါသည်။

UWSP/UWSA အဖွဲ့၏ ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးညီရန်းကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းတို့ဒေသကို လာရောက်ရန် သဘောထားရှိကြောင်း သိရ၍ ကြိုဆိုကြောင်း ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

COVID-19 ကပ်ရောဂါနှင့် ပတ်သက်၍ အစိုးရနှင့် NCA မထိုးရသေးသည့်အဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် မေ ၂၂ ရက်က အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့ အွန်လိုင်းမှ အစည်းအဝေးပြုလုပ်၍ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြကြောင်း မေ ၂၃ ရက်ထုတ် 7 Day Daily သတင်းစာ၏ သတင်းမှာလည်း စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါသည်။

KNPP နှင့်ဆွေးနွေးစဉ် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူကိစ္စ၊ နိုင်ငံတကာ အကူအညီများ ရယူရေးကိစ္စ၊ ပိုးတွေ့လူနာများနှင့် ထိတွေ့သူများ ကိစ္စ၊ အထွေထွေကိစ္စများကို ဆွေးနွေးခဲ့ကြောင်း အစိုးရဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့မှ ဦးလှမောင်ရွှေက 7 Day Daily သတင်းစာသို့ ပြောကြားခဲ့ပါသည်။

အစိုးရ၏ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီအနေဖြင့် ယခင်က NCA လက်မှတ်ထိုးအဖွဲ့များနှင့် အွန်လိုင်းအစည်းအဝေးများ ပြုလုပ်ခဲ့ပြီး NCA မထိုးရသေးသည့် အဖွဲ့များအနက် KNPP သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြမှုအရ သိရပါသည်။

အလားတူ တပ်မတော်ကလည်း COVID-19 ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို KNPP ထံသို့ မေ ၂၂ ရက်က ကယားပြည်နယ် လွိုင်ကော်မြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ( ဒကစ ) ဧည့်ရိပ်သာတွင် ပေးအပ်ခဲ့ကြောင်း Mizzima သတင်းဌာနက သတင်းဖော်ပြခဲ့ပါသည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

COVID-19 အခြေအနေကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို မကျင်းပနိုင်ပါက အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ထိပ်သီးအစည်းအဝေးတစ်ရပ် ခေါ်ယူကာ ငြိမ်းချမ်းရေးသဘောတူညီချက်များကို ရယူသွားမည်ဖြစ်ကြောင်း မြန်မာတိုင်းမ်သတင်းဌာနက မေ ၂၆ ရက်တွင် သတင်းဖော်ပြခဲ့မှုမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အာရုံစိုက်စရာ ဖြစ်ခဲ့ပါသည်။

၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို လက်ရှိအစိုးရလက်ထက်တွင် မကျင်းပနိုင်ခဲ့ပါက ထိပ်သီးခေါင်းဆောင်များ ပါဝင်သော အစည်းအဝေးတစ်ရပ်ခေါ်ယူပြီး သဘောတူညီချက်များ ရယူရန် ဒုတိယနည်း အဖြစ် စဉ်းစားထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုတိယဥက္ကဋ္ဌ ဦးမျိုးဝင်းက မြန်မာတိုင်းမ်သို့ ပြောကြားခဲ့ပါသည်။ ၂၁ရာစုပင်လုံအစည်းအဝေးကို ဧပြီလအတွင်း ကျင်းပရန် သဘောတူခဲ့ကြသော်လည်း မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးစတင်တွေ့ရှိခဲ့ပြီးနောက် အစည်းအဝေးကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားရခြင်း ဖြစ်ပါသည်။

မေ နောက်ဆုံံးပတ်အတွင်း သတိပြုစရာသတင်းတပုဒ်မှာ COVID-19 ကာကွယ်တားဆီးရေး အတွက် စစ်ဆေးသည့် စစ်ဆေးရေးဂိတ် (Screening Point) များတွင် လက်နက်မပါဘဲ အရပ်ဝတ်ဖြင့်သာ ဗိုင်းရပ်စ်ကာကွယ်ရေး စစ်ဆေးမှုပြုလုပ်ရန် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် အစိုးရတို့ကြား သဘောတူညီခဲ့မှုကို ဧရာဝတီသတင်းဌာနက မေ ၂၇ ရက်တွင် ဖော်ပြခဲ့သည့် သတင်းဖြစ်ပါသည်။

အစိုးရ၏ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီနှင့် KNU ကိုယ်စားလှယ်များ မေ ၂၅ ရက်တွင် အွန်လိုင်းရုပ်သံပုံစံဖြင့် COVID-19 ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ရာ သဘောတူညီခဲ့ကြခြင်းဖြစ်ကြောင်း ဧရာဝတီသတင်းတွင် ပါရှိခဲ့ပါသည်။

မေ ၆ ရက်က ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် တပ်မတော်နှင့် KNU တပ်မဟာ (၅) တို့ကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဧပြီ ၃၀ ရက်ကလည်း မွန်ပြည်နယ် သထုံခရိုင်ရှိ KNU တပ်မဟာ (၁) စစ်ဆေးရေးဂိတ်ကို ဖယ်ရှားပေးရန် တပ်မတော်ဘက်က လာရောက်တားမြစ်ရာမှ စစ်ရေးတင်းမာမှု ဖြစ်ပေါ်ခဲ့ကြောင်း ဧရာဝတီသတင်းတွင် ဖော်ပြမှုအရ သိရပါသည်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် KNU /KNLA PC အဖွဲ့၏ စစ်ဦးစီးချုပ်အပါအဝင် ထိပ်ပိုင်းနေရာများ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့သော်လည်း NCA အပေါ် အခိုင်အမာ ရပ်တည်သွားမည်ဟု ယင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောကြားခဲ့မှုကို ဖော်ပြခဲ့သော မြန်မာတိုင်းမ်သတင်းဌာန၏ သတင်းမှာ အာရုံစိုက်စရာ ဖြစ်ခဲ့ပါသည်။

KNU/KNLA PC အဖွဲ့၏ ဥက္ကဋ္ဌ နှင့် စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးစောဌေးမောင် မေလဆန်းက ကွယ်လွန်ခဲ့၍ ၎င်း၏နေရာတွင် ဗိုလ်ချုပ်ကြီး စောထော့လေးကို တာဝန်ပေးအပ်ခဲ့ပြီးနောက် ပထမဆုံး ထုတ်ပြန်ခဲ့သည့် အဖွဲ့၏ သဘောထားထုတ်ပြန်ချက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား NCA လမ်းကြောင်း အတိုင်း ဆက်သွားမည်ဟု ဖော်ပြခဲ့ကြောင်း မြန်မာတိုင်းမ်သတင်းတွင် ပါရှိခဲ့ပါသည်။

KNU/KNLA PC အဖွဲ့၏ ခေါင်းဆောင်ပိုင်းအပြောင်းအလဲအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဆက်လက်ပါဝင်ရန် ထည့်သွင်းတိုက်တွန်းခဲ့ကြောင်း သိရပါသည်။

 

၂၀၂၀ ပြည့်နှစ် မေ နောက်ဆုံးပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။