ထုတ်ပြန်ကြေညာချက်များ (ဇူလိုင် ပထမပတ်)  

Post By Pan Su Wai, On July 7, 2020

ထုတ်ပြန်ကြေညာချက်များ (ဇူလိုင် ပထမပတ်)  

၂၀၂၀ ပြည့်နှစ်၊ ဇွန် ၃၀ ရက်မှ ဇူလိုင် ၆ ရက်အထိ (ဇူလိုင် ပထမပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပါတီများ၊ မြန်မာနိုင်ငံဆိုင်ရာ သံရုံးများနှင့် အရပ်ဘက်အဖွဲ့စည်းများမှ စုစုပေါင်း ၂၇ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ၁၀ ခုထိ  ထုတ်ပြန်ခဲ့ပြီး ပါတီများမှ လေးခု၊ အစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ သုံးခုစီ၊ မြန်မာနိုင်ငံဆိုင်ရာသံရုံးများနှင့် အရပ်ဘက်အဖွဲ့စည်းများမှ နှစ်ခုစီ အသီးသီး ထုတ်ပြန်ခဲ့ကြပါသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်၍ ထုတ်ပြန်ချက်များ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ “လွှတ်တော်အသီးသီးအတွက် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများ ကျင်းပမည့်နေ့ရက် သတ်မှတ် ကြေညာ ခြင်း” ထုတ်ပြန်ချက်နှင့် “လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စား လှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ ရုပ်သိမ်းခြင်း၊ စိစစ်ခြင်းတို့နှင့် စပ်လျဉ်းသည့် နေ့ရက်များသတ်မှတ်ကြေညာခြင်း” ထုတ်ပြန်ချက်တို့ကို ဇူလိုင် ၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်များအရ “၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည် ဖြစ်ပြီး လွှတ်တော်ကိုယ်စား လှယ်လောင်းများ စိစစ်ခြင်းကို ဩဂုတ် ၁၇ ရက် နောက်ဆုံးထား ဆောင်ရွက်ထားမည်ဖြစ်ကြောင်း ” သိရပါသည်။

ဆက်လက်ပြီး ဇူလိုင် ၁ ရက်စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ခဲ့သည့် “ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများ နယ်မြေစည်းရုံးရေးလုပ်ငန်းများ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့် များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ခွင့်ရှိကြောင်း အသိပေးချက်ထုတ်ပြန် ကြေညာ ခြင်း” ထုတ်ပြန်ချက်မှာ လူအများကြား လှုပ်ခတ်မှု ဖြစ်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ပြည်ထောင်စုအစိုးရအဖွဲ့ဝင် တဦးဦးသည် အထွေထွေရွေးကောက်ပွဲတရပ်ရပ်တွင် ပါဝင်ရွေးချယ်ခံမည့်သူဖြစ်ပါက ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မဆုံးရှုံးစေရန်အတွက် ရွေးကောက်ပွဲကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည့် ၂၀၂၀ပြည့်နှစ် ဇူလိုင် ၁ ရက်မှ စ၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၀ နှင့် ၁၂၁ တို့ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီလျှင် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများကို လည်းကောင်း၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများကိုလည်းကောင်း ဆောင်ရွက်ခွင့်ရှိကြောင်း” ဖော်ပြခဲ့ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်ထွက်လာခဲ့ပြီးနောက် ဇူလိုင် ၂ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကလည်း ဇူလိုင် ၂ ရက်စွဲဖြင့် အထူးကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ အထူးကြေညာချက်တွင် “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများ နယ်မြေ စည်းရုံးရေးလုပ်ငန်းများ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့် များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ခွင့်ရှိကြောင်း အသိပေးချက်ထုတ်ပြန် ကြေညာချက်အရ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယဥက္ကဋ္ဌ(၁) ဦးဝင်းမြင့်တို့သည် ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် နယ်မြေစည်းရုံးရေးလုပ်ငန်းများကို ဇူလိုင် ၂ ရက်မှ စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

ဖားကန့်မြေပြိုမှုနှင့် ပတ်သက်၍ ထုတ်ပြန်ချက်များ

ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ဝှေခါ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တွင် ဇူလိုင် ၂ ရက်က ဖြစ်ပွားခဲ့သည့် မြေစာပုံပြိုကျမှုကြောင့် လူရာချီ သေဆုံး၊ ဒဏ်ရာခဲ့မှုနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများမှ ကြေညာချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြပါသည်။

ယင်းဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင် ၃ ရက်တွင် နိုင်ငံတော်သမ္မတရုံးမှ “လုံးခင်း၊ ဖားကန့်ရတနာနယ်မြေအတွင်း မြေပြိုကျမှု ဖြစ်စဉ်နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း” ထုတ်ပြန်မှုကို ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်မှုတွင် “စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ အဖွဲ့ဝင်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ အတွင်းရေးမှူးအဖြစ် မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် တွဲဖက် အတွင်းရေးမှူးအဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးထွန်းဇော် တို့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် လုပ်ငန်းတာဝန်များအဖြစ် မြေပြိုကျခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားရသည့် အကြောင်းအရင်းကို စုံစမ်းဖော်ထုတ်ရန်၊ ဖြစ်စဉ်နှင့် ပတ်သက်သည့် တာဝန်ရှိသူ အဆင့်ဆင့်ကို စုံစမ်းဖော်ထုတ်ရန် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများ၏ မိသားစုအတွက် လိုအပ်သည့် ထောက်ပံ့ကူညီမှုများ စီစဉ်ဆောင်ရွက်ပေးရန်နှင့် နောင်အလားတူဖြစ်စဉ် မဖြစ်ပွားစေရေးအတွက် လုံခြုံရေးအပါအဝင် ဆောင်ရွက်ရမည့် အစီအမံများကို အကြံပြုတင်ပြရန် ” တို့ ဖြစ်ကြောင်း ထုတ်‌ပြန်မှုတွင် ပါရှိခဲ့ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ “ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီး ကျောက်မျက်တူးဖော်ရေးကုမ္ပဏီလုပ်ကွက် မြေသား ပြိုကျမှု ကြောင့် သေဆုံး၊ ဒဏ်ရာရရှိခဲ့မှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် ဝမ်းနည်း စိတ်မကောင်းဖြစ်ရကြောင်း” ဇူလိုင် ၂ ရက်စွဲဖြင့် ထုတ်ပြန်ချက်ခဲ့ပါသည်။

ထို့ပြင် ဇူလိုင် ၆ ရက်စွဲဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သော “ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ ဖြစ်စဉ်နှင့် ပတ်သက်၍ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများအား တပ်မတော်မှ အရေးယူကြောင်း” သတင်းထုတ်ပြန်မှုမှာလည်း သတိပြုစရာဖြစ်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် ” ဖြစ်စဉ်ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ ဇူလိုင် ၃ ရက်က လုံခြုံရေးဆိုင်ရာ အဓိက တာဝန်ရှိသည့် တပ်မှူးတဦးအား လည်းကောင်း၊ ကချင် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးအားလည်းကောင်း မူလစစ်ဘက်တာဝန်များအား ပြန်လည်ထမ်းဆောင်စေကာ လိုအပ်သည့် အရေးယူဆောင်ရွက်နိုင်ရေး တပ်မတော်မှ ဆောင်ရွက်လျက်ရှိပြီး လစ်လပ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးနေရာအတွက် အစားထိုး ခန့်အပ်နိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း” ဖော်ပြခဲ့ပါသည်။

ဖားကန့်တွင် မြေစာပုံပြိုကျမှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင်ကလည်း အချက်ခြောက်ချက်ပါ သတင်းထုတ်ပြန်ချက် တခုကို ဇူလိုင် ၃ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး “စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူ့အခွင့်အရေးကို အလေးထားရန် အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များကို တာဝန်ရှိကြောင်း” တိုက်တွန်းခဲ့ပါသည်။

ထို့ပြင် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ ဖြစ်သော ULA/AA အဖွဲ့၊ PSLF/TNLA အဖွဲ့၊ MNTJP/MNDAAအဖွဲ့၊ KIO/ KIAအဖွဲ့ တို့က မြေစာပုံပြိုကျမှု‌ကြောင့် ရေမဆေးလုပ်သားများ ရာနှင့်ချီ အသက်သေဆုံးရခြင်းနှင့် ပတ်သက်၍ ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်များကို ဇူလိုင် ၃ရက်နှင့် ၄ရက်စွဲတို့ဖြင့် ထုတ်ပြန်ခဲ့သကဲ့သို့ ALP/ALAအဖွဲ့ကလည်း ထုတ်ပြန်ခဲ့ပါသည်။

အလားတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရခိုင်အမျိုးသားပါတီ( ANP)ပြည်သူ့ပါတီ၊ ပြည်သူ့ ရှေ့ဆောင်ပါတီ(PPP) တို့မှလည်း ဇူလိုင် ၃ရက်စွဲဖြင့် ဖားကန့်မြို့နယ်ရှိ ကျောက်မျက်တူးဖော်ရေးလုပ်ကွက်ဟောင်းတွင် မြေပြိုကျမှုကြောင့် သေဆုံး၊ ဒဏ်ရာ ရရှိခဲ့မှုများ ဖြစ်ပေါ်ခဲ့မှုအပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာနှင့် ထုတ်ပြန်ချက်များ ထွက်ရှိခဲ့ပါသည်။

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနှင့် ဗြိတိသျှသံရုံးတို့ကလည်း ” ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း အကြီးအကျယ်မြေပြိုကျမှုကြောင့် အသက်ဆုံးရှုံးခဲ့ ကြရသူများ၏ကျန်ရစ်သူမိသားစုဝင်များအားလုံးနှင့်ထပ်တူ ဝမ်းနည်း စိတ်မကောင်း ဖြစ်ရကြောင်း နှင့် မြေပြိုကျမှုတွင်ပါသွားခဲ့ကြသူများအား ကယ်ဆယ်ရေးနှင့် ပြန်လည်ရှာဖွေရေးအတွက် ရဲဝံ့စွာ၊ အင်တိုက်အားတိုက် ဆောင်ရွက်နေကြသောသူအားလုံးကိုလည်း ချီးကျူးဂုဏ်ပြုကြောင်း” ထုတ်ပြန်ချက်များကို ထုတ်ပြန်ခဲ့ပါသည်။

ဖားကန့်မြေပြိုမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ (MATA)မှ ဇူလိုင် ၄ရက်စွဲဖြင့် ထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့ရာ ” ၂၀၂၀ပြည့်နှစ်၊ ဇူလိုင် ၂ရက် ဖြစ်စဉ်ကဲ့သို့ သယံဇာတကျိန်စာသင့် ဖြစ်ရပ်ဆိုးများထပ်မံမဖြစ်ပေါ်စေရန်အတွက် အစိုးရ၊ လွှတ်တော်အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် သယံဇာတ ကဏ္ဍပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအား ဟန်ပြမဟုတ်ပဲ ယခုထက်ပို၍ အားသွန်ခွန်စိုက် လက်တွေ့ကျကျ အကောင်ထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် အထူးသဖြင့် အသက်သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများ အတွက် မိသားစုနှင့် ထပ်တူစာနာ ဝမ်းနည်းပူဆွေးရပါကြောင်း” ဖော်ပြခဲ့ပါသည်။

 

 

၂၀၂၀ ပြည့်နှစ် ဇူလိုင် ပထမပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။