ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဒီဇင်ဘာ ပထမပတ်)

Post By Nyein Ko Ko Soe, Pan Su Wai, On December 6, 2019

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဒီဇင်ဘာ ပထမပတ်)

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၉ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ(ဒီဇင်ဘာ ပထမပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ သုံးရက်ကြာ ပြုလုပ်ခဲ့မှုနှင့် တပ်မတော်နှင့် မွန်ပြည်သစ်ပါတီတို့ တိုက်ပွဲဖြစ်ပွား မှုတွင် တပ်မတော်အနေဖြင့် NCA ကို ချိုးဖောက်ခဲ့သည်ဟု မွန်ပြည်သစ်ပါတီက ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U) သို့ တိုင်ကြားစာ ပေးပို့ခဲ့မှုတို့မှာ ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာ ကိစ္စများ ဖြစ်ခဲ့သည်။

NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့များ၏ လှုပ်ရှားဆောင်ရွက်မှုများ

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်နိုင်ရန် ကြိုးပမ်းမှုအနေဖြင့် NCA ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦး ဆောင်အဖွဲ့(PPST) အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီဇင်ဘာ ၂ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ သုံးရက်ကြာ ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးအပြီးတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့အနေဖြင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး(JICM) ကျင်းပမည့်ရက်ကို ဆုံးဖြတ်နိုင်ခဲ့ကြောင်း သိရပါသည်။ JICM ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ ပထမပတ်တွင် ကျင်းပမည်ဟု PPST အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ပြီး အစိုးရကို အကြောင်းကြား သွားမည် ဖြစ်ကြောင်း PPST အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက အစည်းအဝေးအပြီးတွင် ပြောကြားခဲ့ပါသည်။
ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အစည်းအဝေးအပြီးတွင် အချက် ငါးချက်ပါ ထုတ်ပြန် ကြေညာချက် တစောင်ကို ဒီဇင်ဘာ ၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

မွန်ပြည်သစ်ပါတီ၏ JMC-U သို့ တိုင်ကြားစာပေးပို့မှု

မွန်ပြည်သစ်ပါတီ NMSP/MNLA ၏ တပ်စခန်းတည်ရှိရာ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ် ဂျပန်ရေတွင်းကျေးရွာတွင် တပ်မတော်နှင့် မွန်ပြည်သစ်ပါတီတို့အကြား နိုဝင်ဘာ ၂၇ ရက်က တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် ဒီဇင်ဘာ ၂ ရက်တွင် မွန်ပြည်သစ်ပါတီ တာဝန်ရှိသူနှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူတို့ တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ခဲ့ရာ သဘောတူညီမှု မရရှိခဲ့ပေ။ ထို့အပြင် တပ်မတော်နှင့် မွန်ပြည်သစ်ပါတီတို့ တိုက်ပွဲဖြစ်ပွားမှုတွင် တပ်မတော်အနေဖြင့် NCA ကို ချိုးဖောက်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီက ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U)ကို တိုင်ကြားစာ ပေးပို့ခဲ့သည်ဟု 7 Day Daily သတင်းစာ၏ သတင်းဖော်ပြချက်အရ သိရှိရပါသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ပထမပတ်အတွင်း ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။