ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇန်နဝါရီ ဒုတိယပတ်)

Post By Nyein Ko Ko Soe, On January 15, 2021

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇန်နဝါရီ ဒုတိယပတ်)

တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့အကြား စစ်ရေးတင်းမာနေမှုနှင့် ပတ်သက်သည့် သတင်းများက ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၈ ရက်မှ ၁၄ ရက်အထိ (ဇန်နဝါရီ ဒုတိယပတ်)ကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အာရုံစိုက်စရာ ဖြစ်နေပါသည်။

ထို့အပြင် ULA/AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ရေးအဆိုကို ရခိုင်ပြည်နယ်လွှတ်တော်တွင် အတည်ပြုခဲ့ခြင်း၊  NLD ပါတီအစိုးရ၏ လာမည့်သက်တမ်းတွင် ငြိမ်းချမ်းရေး ပိုမိုအောင်မြင်နိုင်ဟု KNU/KNLA-PC ဥက္ကဋ္ဌက မှတ်ချက်ပြုခဲ့ခြင်းစသည့်သတင်းများလည်း ရှိနေပါသည်။

 

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

ULA/AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ပေးရန် ပြည်နယ်အစိုးရကတဆင့် ပြည်ထောင်စုအစိုးရထံ တိုက်တွန်းသည့်အဆိုကို ဇန်နဝါရီ ၁၄ ရက်က ကျင်းပခဲ့သော ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့ပါသည်။ [1]

ထိုအဆိုကို  မြောက်ဦးမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းသာစိန်က ဇန်နဝါရီ ၁၁ ရက်တွင် တင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ကန့်ကွက်သူမရှိသဖြင့် ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။  ULA/AA အဖွဲ့ကို မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြောင်း ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်တွင် အစိုးရက ကြေညာခဲ့သည်။

နောက်ထပ်သတင်းတပုဒ်မှာ အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ဖြစ်သော KIO/KIA ၊ PSLF/TNLA ၊ MNTJP/MNDAA၊ ULA/AA တို့၏ အပစ်ရပ်စဲရေးဆွေးနွေးမည့် ရက်နှင့် နေရာကို အတည်မပြုနိုင်သေးကြောင်း KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားခဲ့ခြင်း ဖြစ်သည်။ [2]

ဇန်နဝါရီ ၁၁ ရက်က အွန်လိုင်းမှ နှစ်ဖက်ဆွေးနွေးခဲ့ကြသော်လည်း အင်တာနက်အခြေအနေကြောင့် အသေးစိတ် မဆွေးနွေးနိုင်ခဲ့၍ ဆွေးနွေးမည့်ရက်နှင့် နေရာကို သတ်မှတ်နိုင်ရန် တိတိကျကျ မဆုံးဖြတ်နိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူ၏ ပြောကြားမှုအရ သိရပါသည်။ အစိုးရဘက်က ဇန်နဝါရီ  ၁၆ ရက်တွင် မြစ်ကြီးနား သို့မဟုတ် ကျိုင်းတုံမြို့တွင် တွေ့ဆုံဆွေးနွေးရန် မြောက်ပိုင်းအဖွဲ့များကို ကမ်းလှမ်းထားခြင်းဖြစ်သည်။

 

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

စစ်ရေးတင်းမာနေသည့် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)တို့၏ သတင်းများက ယခုရက်သတ္တပတ်အတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လွှမ်းမိုးနေပါသည်။

ထိုကဲ့သို့ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေခြင်း‌ကြောင့် အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်အပေါ် ယုံကြည်မှုကျဆင်းလာခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခများ ပြန်လည်မတိုးပွားရေးအတွက် နှစ်ဖက်တပ်များအကြား တွေ့ဆုံညှိနှိုင်းအဖြေရှာခြင်းကသာ ပြေလည်မည့်နည်းလမ်းဖြစ်သည်ဟု ယုံကြည်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ [3]

တပ်မတော်နှင့် KNU တပ်မဟာ(၅)တို့သည် ကရင်ပြည်နယ် ဖာပွန်ခရိုင် မဲဝိုင်ဒေသ၌ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ မှစ၍ ယခုနှစ်ဇန်နဝါရီအထိ တိုက်ပွဲ ၂၀ ထက်မနည်း ဖြစ်ပွားခဲ့သည်။ ထို့အပြင် မွန်ပြည်နယ်နှင့် ပဲခူးတိုင်း တို့တွင်လည်း တပ်မတော်နှင့် KNU တပ်မဟာအချို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

တပ်မတော်ဘက်ကလည်း မဲဝိုင်ဒေသ၌ KNU နှင့် ပဋိပက္ခဖြစ်ပွားမှုနှင့် ပတ်သက်၍ နှစ်ဖက်ထိပ်ပိုင်းအဆင့်တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းရန် လိုအပ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းထားပါသည်။ [4]

သို့ရာတွင် KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး၏ ပြောကြားမှုအရ ယခုဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းရန်အပါအဝင် တပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ရန် တပ်မတော်ထံ စာနှစ်ကြိမ်ပို့ထားသော်လည်း အကြောင်းပြန်ကြားချက် မရသေးကြောင်း သိရပါသည်။  [5]

ထို့အပြင် KNU က ကရင်အမျိုးသားပြည်သူများနှင့် လူငယ်များထံသို့ ကရင်နှစ်သစ်နေ့က အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ရာ မိမိတို့အနေဖြင့် သဘောတူညီချက်များ ထိန်းသိမ်းရေး၊ စစ်ပွဲများ မဖြစ်ရေးတို့ကို ထောက်ရှု၍ နယ်မြေအသီးသီးတွင် အလျှော့ပေးခဲ့ရာ  NCA လက်မှတ်ထိုးပြီးနောက် ဖာပွန်ခရိုင်၌ တပ်မတော်စခန်း ၈၀ ကျော်အထိ ရှိလာခဲ့ပြီး နည်းမျိုးစုံဖြင့် တပ်အင်အားကို တိုးချဲ့ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ [6]

ဆက်စပ်သတင်းတပုဒ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကရင်ပြည်နယ်အတွင်း ထာ၀ရငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်နှစ်သစ်ကူးနေ့သို့ ပေးပို့သည့်သဝဏ်လွှာတွင် ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ [7]

အခြားသတင်းတရပ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အစိုးရသည် ငါးနှစ်အတွေ့အကြုံ ရှိထားပြီးဖြစ်၍ လာမည့်သက်တမ်း၌ ငြိမ်းချမ်းရေး ပိုမိုအောင်မြင်နိုင်ကြောင်း KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောထော့လေးက ပြောကြားခဲ့ခြင်း ဖြစ်သည်။ [8]

ဇန်နဝါရီ ၁၃ ရက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားတွင် ပြောကြားခဲ့သောမိန့်ခွန်းတွင် ဗိုလ်ချုပ်ကြီး စောထော့လေးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။

 

၂၀၂၁ ခုနှစ်  ဇန်နဝါရီ ဒုတိယပတ်ကာလအတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။

 

[1] RFA (ဇန်နဝါရီ ၁၄ ၊ ၂၀၂၁) “AA ကို အကြမ်းဖက်အဖွဲ့အဖြစ်က ပယ်ဖျက်ရေးအဆို ရခိုင်လွှတ်တော် အတည်ပြု”

https://www.rfa.org/burmese/news/rakhine-parliament-and-aa-01142021081349.html

[2] DVB (ဇန်နဝါရီ ၁၂ ၊ ၂၀၂၁) “အစိုးရနှင့် မြောက်ပိုင်းအဖွဲ့များဆွေးနွေးမည့် အချိန်နှင့် နေရာ အတည်မပြုနိုင်သေး”

http://burmese.dvb.no/archives/433868?fbclid=IwAR2rTD7pCYzuG7cRlV32Zr6M1RuaacmtfJgsf5MDsQ-GwKzEY57z8Ql0oHE

[3] 7 Day Daily ( ဇန်နဝါရီ ၉ ၊ ၂၀၂၁)  “စစ်ရေးပဋိပက္ခများထပ်မဖြစ်ရေး နှစ်ဖက်တပ်များ တွေ့ဆုံညှိနှိုင်းမှ ပြေလည်မည်ဟု KNU ထုတ်ပြန်”

[4] 7 Day Daily ( ဇန်နဝါရီ ၁၀ ၊ ၂၀၂၁)  “KNU နှင့် ပဋိပက္ခဖြစ်ပွားမှု ထိပ်ပိုင်းခေါင်းဆောင်များ ဆွေးနွေးညှိနှိုင်းရန် လိုအပ်ကြောင်း တပ်မတော်ပြော”

[5] 7 Day Daily ( ဇန်နဝါရီ ၁၄ ၊ ၂၀၂၁)  “ပဋိပက္ခများဖြေရှင်းနိုင်ရေးဆွေးနွေးရန် တပ်မတော်ထံ စာနှစ်ကြိမ် ပို့ထားသော်လည်း မတုံ့ပြန်သေးဟု KNU ပြော”

[6] The Voice Myanmar ( ဇန်နဝါရီ ၁၄ ၊ ၂၀၂၁)  “NCA လက်မှတ်ထိုးပြီး ခြောက်နှစ်အတွင်း တပ်မတော်တပ်စခန်းများ ကရင်ပြည်နယ်တွင် တိုးချဲ့လာဟု KNU ထုတ်ပြန်”

http://thevoicemyanmar.com/news/45494-nca?fbclid=IwAR2sZHlVop84fKybH0g3tZZTzMknFwR4Sic4ic-lvdAwOM-rCZmK9CMkGSI

[7] မြန်မာတိုင်းမ် ( ဇန်နဝါရီ ၁၃ ၊ ၂၀၂၁)  “ကရင်ပြည်နယ်၌ ထာ၀ရငြိမ်းချမ်းရေး ရရှိအောင် လုပ်မည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတိပြု”

https://myanmar.mmtimes.com/news/149804.html?fbclid=IwAR34SBZGD8x9y3m1voouGuDQySXzIzJ4ayWlPd-80OHIBfaETmYS6k8N-SA

[8] 7 Day Daily ( ဇန်နဝါရီ ၁၄ ၊ ၂၀၂၁)  “ဒီချုပ်အစိုးရ လာမည့်သက်တမ်းတွင် ငြိမ်းချမ်းရေး ပိုမိုအောင်မြင်နိုင်ဟု KNU/KNLA-PC ဥက္ကဋ္ဌ ပြော”