တိုက်ပွဲဖြစ်ပွားမှုများ (နိုဝင်ဘာ တတိယပတ်)

Post By Nyein Ko Ko Soe, Pan Su Wai, On November 28, 2019

တိုက်ပွဲဖြစ်ပွားမှုများ (နိုဝင်ဘာ တတိယပတ်)

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၉ ရက်မှ ၂၇ ရက်အထိ (နိုဝင်ဘာ တတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်း ရသေ့တောင်၊ ကျောက်တော်၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ့်ဆမ်မြို့နယ်နှင့် ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း အကြိမ် ၂၀ ထက် မနည်း ရှိခဲ့ကြောင်း တရားဝင် သတင်းဖော်ပြချက်များအရ သိရှိရပါသည်။

အဆိုပါတိုက်ပွဲများသည် တပ်မတော်နှင့် AA၊ TNLA အဖွဲ့များကြား ဖြစ်ပွားခဲ့မှုအပြင်၊ တပ်မတော်နှင့် ARSA တို့ အကြား ဖြစ်ပွားမှု၊ NCA လက်မှတ်ထိုးထားသည့် မွန်ပြည်သစ်ပါတီနှင့် တပ်မတော်တို့အကြား ဖြစ်ပွားခဲ့မှုတို့လည်း ပါဝင်ပါသည်။

ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားမှု

နိုဝင်ဘာ တတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအနက် ထူးခြားမ့တခုမှာ နိုဝင်ဘာ ၂၂ ရက်က ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ် ဟူးခင်ကျေးရွာအုပ်စု၊ ဟိုမိန်းကျေး ရွာနှင့်တဝိုက်၌ တပ်မတော်နှင့် TNLA အဖွဲ့အကြား ပေါ်ပေါက်ခဲ့သည့် တိုက်ပွဲဖြစ်ပြီး၊ TNLA နှင့် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ခဲ့ပြီးနောက် ပခုံးထမ်း လေယာဉ်ပစ်လက်နက် အပါအဝင် လက်နက်၊ ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိကြောင်း တပ်မတော်က ထုတ်ပြန်ခဲ့သည်။ ထို့အတူ ကျောက်မဲ၊ သီပေါ၊ နမ့်ဆန်တဝိုက်ရှိ TNLA ၏ စခန်း စုစုပေါင်း ၇၈ ခု အနက် ၄၁ ခုကို တပ်မတော်က တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း တပ်မတော်၏ ထုတ်ပြန်မှုတွင်  ဖော်ပြထားပါသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားမှု

နောက်ထပ်ထူးခြားသည့် တိုက်ပွဲဖြစ်ပွားမှုမှာ နိုဝင်ဘာ ၂၂ ရက်တွင်ပဲ ရခိုင်ပြည်နယ်  မြောက်ပိုင်း  မောင်တောမြို့နယ် ခမောင်းဆိပ်ရွာ အနီး၌ တပ်မတော်နှင့် ARSA အဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ARSA ဘက်မှ အလောင်း ၂ လောင်းနှင့် အရှင် ဖမ်းမိသူ ၃ ဦး ရှိခဲ့ ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရပါသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုများအနက် ရသေ့တောင်မြို့ နယ်  မြောက်ပိုင်း ရေစိုးချောင်းဗျူဟာအနီးတွင် နိုဝင်ဘာ ၂၁ ရက်မှ စ၍ တပ်မတော်နှင့် AA အဖွဲ့ကြား တိုက်ပွဲ ၅ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သားသေဆုံး၊ ဒဏ်ရာရမှုများ ရှိခဲ့ပါသည်။

အလားတူ အရပ်သား ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့သည့် အခြားတိုက်ပွဲဖြစ်စဉ်မှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကုလားတန်မြစ်ကြောင်းတလျှောက်တွင် နိုဝင်ဘာ ၂၂ ရက်က ဖြစ်ပွားခဲ့ပါသည်။ ယင်းတိုက်ပွဲတွင် တပ်မတော်သားတဦး ထိခိုက်ဒဏ်ရာရခဲ့သည့်နည်းတူ၊ တိုက်ပွဲဖြစ်ပွားရာ အနီးရှိ ကသစ်တောကျေးရွာမှ အရပ်သားနှစ်ဦးလည်း လက်နက်ကြီးကျည်စ ထိမှန်ခဲ့ပါသည်။ ပလက်ဝနှင့် ကုလားတန်မြစ်ကြောင်း စီမံကိန်းအတွက် ပစ္စည်းများ တင်ဆောင်လာသည့် ရေယာဉ်များကို AA က တိုက်ခိုက်ခဲ့ခြင်းဟု တပ်မတော်က ပြောဆိုခဲ့ပြီး AA အဖွဲ့က ငြင်းဆန်ခဲ့ပါသည်။ နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းနှင့် နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းတွင်လည်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာအနီးတွင်လည်း တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားမှု ပြင်းထန်ခဲ့ပြီး အရပ်သားတဦး သေဆုံးခဲ့ကြောင်း သိရပါသည်။

ချင်းပြည်နယ်အတွင်း ဖြစ်ပွားမှု

နိုဝင်ဘာ ၁၉ ရက်က ချင်းပြည်နယ် ပလက်ဝမြို့နယ် ပကာဝရွာအနီး ကာရမချောင်း အနောက်ဘက်ရှိ  တောင်တန်းပေါ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ တပ်မတော်ဘက်က အကျအဆုံးများခဲ့ပြီး အရာရှိ နှစ်ဦး အပါအဝင် စုစုပေါင်း ၁၃ ဦးကို ဖမ်းဆီးရမိကြောင်း AA အဖွဲ့က ထုတ်ပြန်သည့် သတင်းမှာလည်း ယခုတပတ်အတွင်း စိတ်ဝင်စားစရာအကောင်းဆုံးသတင်းဖြစ်ခဲ့သည်။ အစောပိုင်းက တပ်မတော်ဘက်မှ ယင်းတိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ ငြင်းဆန်ခဲ့သော်လည်း နောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ကြောင်း  ပြောကြားခဲ့ပါသည်။

မြန်မာ-ထိုင်းနယ်စပ်တွင် ဖြစ်ပွားမှု

နောက်ထပ်ထူးခြားသည့်တိုက်ပွဲဖြစ်စဉ် တခုမှာ နိုဝင်ဘာ ၂၇ ရက်က မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ် ဂျပန်ရေတွင်းရွာရှိ NMSP ဆက်ဆံရေးရုံးတွင် တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီ (NMSP/MNLA) တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ပွဲအတွင်း တပ်မတော်ဘက်မှ ကျဆုံးဒဏ်ရာရှိမှု ရှိခဲ့ပြီး၊ တိုက်ပွဲအပြီးတွင် တပ်မတော်နှင့် ကရင်နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်ဖွဲ့က NMSP ၏ မြို့နယ်ရုံးခွဲစခန်းကို  ထိန်းချုပ်ထားကြောင်း သတင်း ဖော်ပြချက်များအရ သိရပါသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာ တတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။