ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဇန်နဝါရီ ပထမပတ်)

Post By Nyein Ko Ko Soe, On January 3, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဇန်နဝါရီ ပထမပတ်)

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်အထိ ( ဇန်နဝါရီ ပထမပတ်)ကာလအတွင်း  ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက်  မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က အပစ်ခတ်ရပ်ဆိုင်းခြင်းအချိန်ကို ထပ်မံတိုးမြှင့်လိုက်ခြင်းမှာ တရုတ်နိုင်ငံ၏ ဖိအားကြောင့် မဟုတ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောကြားခဲ့မှု၊  KNPP အနေဖြင့် NCA လက်မှတ်ရေးထိုးရန် ချဉ်းကပ်ဆောင်ရွက်ခဲ့သော်လည်း ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်နှင့် ကိုက်ညီမည့် နိုင်ငံရေးအခင်းအကျင်းမျိုး ဆွေးနွေးနိုင်မည့် အနေအထားမရှိခြင်းကြောင့် လက်ရှိအချိန်အထိ NCA လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးကြောင်း KNPP ဥက္ကဋ္ဌ ခွန်းအေဘယ်တွိဒ်၏  ပြောကြားခဲ့မှုတို့မှာ ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာကိစ္စများ ဖြစ်ခဲ့ပါသည်။

ထို့အပြင် အစိုးရ၊ တပ်မတော်ခေါင်းဆောင်များနှင့် မတွေ့မီ အပစ်ရပ် ၁၀ ဖွဲ့ခေါင်းဆောင်များက PPST အစည်းအဝေး ကျင်းပရန် စီစဉ်မှု၊ အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့ ဇန်နဝါရီလကုန်ပိုင်းတွင် ပြန်လည်တွေ့ဆုံမည်ဖြစ်ပြီး ကူမင်းဆွေးနွေးပွဲမှ အချက်များ အဆင်ပြေပါက ပဏာမအပစ်ခတ်ရပ်စဲရေး နှစ်ဖက်သဘောတူညီမှု လက်မှတ်ထိုးရေး အခြေအနေကောင်းကြောင်း PCG အဖွဲ့ဝင်ဦးလမိုင်ဂွန်ဂျာက ပြောကြားခဲ့မှုတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။

 

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

ULA/AA, PSLF/TNLA, MNTJP/ MNDAA မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့၏ အပစ်ခတ်ရပ်ဆိုင်းခြင်းကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်မှ ဖေဖော်ဝါရီလ ၂၉ရက်အထိ နှစ်လ ထပ်မံတိုးမြှင့်လိုက်ကြောင်း ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ ယင်းကဲ့သို့ တိုးမြှင့်လိုက်ခြင်းမှာ ငြိမ်းချမ်းရေးကို  ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ သက်တမ်းထပ်တိုးခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ ဖိအားကြောင့် မဟုတ်ကြောင်း TNLA  ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ဧရာဝတီသတင်းဌာနသို့  ပြောကြားခဲ့ပါသည်။

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့ ယခုဇန်နဝါရီလကုန်ပိုင်းတွင် ပြန်လည်တွေ့ဆုံမည်ဖြစ်ပြီး ကူမင်းဆွေးနွေးပွဲမှ အချက်များ အဆင်ပြေပါက ပဏာမအပစ်ခတ်ရပ်စဲရေး နှစ်ဖက်သဘောတူညီမှု လက်မှတ်ထိုးရေး အခြေအနေကောင်းသည်ဟု PCG အဖွဲ့ဝင်ဦးလမိုင်ဂွန်ဂျာက ပြောကြားခဲ့သည့်သတင်းမှာလည်း ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အာရုံ စိုက်စရာ သတင်းတပုဒ် ဖြစ်ပါသည်။  အစိုးရနှင့်  မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့တို့သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ရာ ရေရာသည့်အဖြေမထွက်ခဲ့ဘဲ ဇန်နဝါရီလ အတွင်း ထပ်မံတွေ့ဆုံရန် သဘောတူခဲ့ခြင်းဖြစ်သည်။

နောက်ထပ် ထူးခြားသော သတင်းတပုဒ်မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဥက္ကဋ္ဌ ခွန်း အေဘယ်တွိဒ်က ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူး ကြိုဆိုနှုတ်ခွန်းဆက် သဝဏ်လွှာတွင် “KNPP အနေဖြင့် NCA လက်မှတ်ရေးထိုးရန် ချဉ်းကပ်ဆောင်ရွက်ခဲ့သော်လည်း ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်နှင့် ကိုက်ညီ မည့် နိုင်ငံရေးအခင်းအကျင်းမျိုး ဆွေးနွေးနိုင်မည့် အနေအထားမရှိခြင်းကြောင့် လက်ရှိအချိန်အထိ NCA လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေး”ဟု ပြောကြားခဲ့ခြင်းဖြစ်ပါသည်။  ဇန်နဝါရီ ၁ ရက်က ထုတ်ပြန်ခဲ့သော  အဆိုပါသဝဏ်လွှာတွင် KNPP  ဥက္ကဋ္ဌ ခွန်းအေဘယ်တွိဒ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ KNPP သည် ၂၀၁၂ ခုနှစ်ကတည်းက  အစိုးရနှင့်  ပဏာမအပစ်ခတ်ရပ်စဲရေး နှစ်ဖက်သဘောတူညီမှု လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ ဖြစ်ပြီး လက်ရှိအချိန်တွင် NCA လက်မှတ်ထိုးနိုင်ရေး နှစ်ဖက်ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်နေပါသည်။

 

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့မှ ခေါင်းဆောင်များသည် (၈)ကြိမ်မြောက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)မကျင်းပမီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST အစည်းအဝေး ပြုလုပ်ရန် စီစဉ်နေကြောင်း သိရပါသည်။ PPST အစည်းအဝေး ပြုလုပ်ရန် စီစဉ်နေသော်လည်း တွေ့ဆုံမည့်နေရာကို မသတ်မှတ်ရသေးကြောင်း PNLO ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောကြားခဲ့ပါသည်။

နောက်ထပ် အာရုံစိုက်စရာသတင်းတပုဒ်မှာ အသက် ၁၈ နှစ် ပြည့်ပြီးသည့် မွန်လူငယ်တိုင်း မွန်ပြည်သစ်ပါတီသို့ လက်နက်ကိုင်အားဖြည့်ကျရန် မွန်လူငယ်နေ့ ထုတ်ပြန်ကြေညာချက်တွင် တိုက်တွန်းခဲ့သည့် သတင်း ဖြစ်ပါသည်။ ဒီဇင်ဘာ ၂၈ ရက်က (၈)ကြိမ်မြောက် မွန်လူငယ်နေ့အခမ်းအနားကို ပြုလုပ်ခဲ့ပြီးနောက် မွန်ဘာသာဖြင့် ထုတ်ပြန်ခဲ့သည့် အဆိုပါထုတ်ပြန်ချက်တွင် ” မွန်လူမျိုးများ ရည်မှန်းထားသော နိုင်ငံရေး ခရီးတွင် ကိုယ့်ကြမ္မာကို ကိုယ်တိုင်ဖန်တီးရန်၊ လူငယ်များအနေဖြင့် လက်နက်ကိုင်မွန်နိုင်ငံရေးပါတီများတွင် ပါဝင်ပြီး တာဝန်ထမ်းဆောင်ရန်နှင့် ဥပဒေဘောင်ကနေ နိုင်ငံရေးပါတီထဲ တာဝန်ထမ်း ဆောင်လာနိုင်ရန် မွန်ပြည်သစ်ပါတီ၏ အစည်းအဝေးမှ တိုက်တွန်း နှိုးဆော်အပ်ပါသည်”ဟု ဖော်ပြထားပါသည်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်း ဦးဆောင်သောအဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ဗိုလ်မှူးချုပ် မန်းရှာထုဝေါ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့၏ ဆွေးနွေးပွဲမှာ အပြုသဘော ဆောင်ပြီး ဇန်နဝါရီအစောပိုင်းတွင် ထပ်မံတွေ့ဆုံရန် လျာထားကြောင်း KNU အဖွဲ့က သတင်းထုတ်ပြန်မှု မှာလည်း ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါသည်။ နှစ်ဖက်ကိုယ်စားလှယ်များသည် ပဲခူးတိုင်း ကျောက်ကြီးမြို့ရှိ KNU ဆက်ဆံရေးရုံးတွင် ဒီဇင်ဘာ ၂၇ ရက်က သုံးနာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ပထမပတ်အတွင်း သက်ဆိုင်ရာ အင်အားစု အသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။