တိုက်ပွဲဖြစ်ပွားမှုများ (နိုဝင်ဘာ တတိယပတ်)

Post By Nyein Ko Ko Soe, On November 25, 2020

တိုက်ပွဲဖြစ်ပွားမှုများ (နိုဝင်ဘာ တတိယပတ်)

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ (နိုဝင်ဘာ တတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲ မရှိခဲ့သော်လည်း မိုင်းပေါက်ကွဲ၍ အရပ်သားတဦး ဒဏ်ရာရခဲ့ပြီး မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA အဖွဲ့အကြား ရက်သတ္တပတ် လေးပတ်ဆက် တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့ခြင်းကြောင့် ရသေ့တောင် ၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် အခြားမြို့နယ်များမှ စစ်ရှောင်ဒေသခံ သောင်းနှင့် ချီ၍ နေရပ်သို့ ပြန်ခဲ့ကြသည်။ သို့ရာတွင် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွင် တပ်မတော်နှင့် PSLF/TNLA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့နယ်တွင်လည်း အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်တဦး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း တိုက်ပွဲဖြစ်ပွားမှု

ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းအဖြစ် နိုဝင်ဘာ ၁၉ ရက်က မိုးကုတ်မြို့နယ်အတွင်း တပ်မတော်နှင့် PSLF/TNLA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ကြောင်း Network Media Group က သတင်းဖော်ပြခဲ့သည်။

ထိုတိုက်ပွဲသည် ရွေးကောက်ပွဲပြီးနောက် ပထမဆုံးဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်ပြီး တပ်မတော်မှ ၎င်းတို့ ရှိရာသို့ တက်လာသည့်အတွက် တိုက်ပွဲဖြစ်ရခြင်းဖြစ်သည်ဟု PSLF/TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က Network Media Group ကို ပြောကြားခဲ့သည်။

ထို့အပြင် နိုဝင်ဘာ ၂၄ ရက် ည ၈ နာရီခန့်မှ စတင်၍ မိုးကုတ်မြို့ အရှေ့ပိုင်းမြို့နှင့် ငါးမိုင်ခန့်အကွာရှိ ကျောက်ဝါနှင့် ဓာတ်တော်တောင်ကြားတွင် တပ်မတော်နှင့် TNLA အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားကာ ပစ်ခတ်သံ များ ထွက်ပေါ်လျက်ရှိကြောင်း The Daily Eleven သတင်းစာကလည်း သတင်းဖော်ပြခဲ့ပါသည်။

မိုးကုတ်မြို့အနီးတွင် ယင်းသို့ တိုက်ပွဲဖြစ်ပွားသံများ ထွက်ပေါ်မှုမှာ ယခင်ရက်ပိုင်းများကလည်း အနည်းငယ် ရှိခဲ့သော်လည်း ယခုအခါ ပိုမိုပြင်းထန်လာခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။

ထိုအခြေအနေမတိုင်မီကပင် ပလောင်တိုင်းရင်းသား တရာခန့်မှာ ၎င်းတို့နေထိုင်ရာကျေးရွာများတွင် အခြေ အနေ တင်းမာမှုများ ရှိနေ၍ ရွေးကောက်ပွဲ မကျင်းပမီ နိုဝင်ဘာ ၈ ရက် မတိုင်မီကတည်းကပင် မိုးကုတ်မြို့ ပေါ်သို့ တိမ်းရှောင်မှုများ ရှိသည်ဟုလည်း The Daily Eleven သတင်းတွင် ဖော်ပြမှုအရ သိရပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

အောက်တိုဘာ နောက်ဆုံးပတ်မှစ၍ ယခုရက်သတ္တပတ်အထိ ရခိုင်ပြည်နယ် (မြောက်ပိုင်း)တွင် လေးပတ်ဆက် တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့၍ စစ်ရှောင်ပြည်သူ သောင်းနှင့်ချီ၍ နေရပ်သို့ ပြန်သွားခဲ့ကြကြောင်း RFA ၊ Myanmar Now နှင့် 7 Day Daily သတင်းဌာနများက သတင်းဖော်ပြခဲ့သည်။

RFA သတင်းဌာန၏ နိုဝင်ဘာ ၂၃ ရက်တွင် သတင်းဖော်ပြမှုအရ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့မှ စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော် အပါအဝင် ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့် မြို့နယ်များနှင့် တခြားမြို့နယ်များမှ စစ်ဘေးဒုက္ခသည်သုံးသောင်းခန့်သည် ယခုရက်ပိုင်းအတွင်း တိုက်ပွဲ မဖြစ်ပွားတော့ခြင်းကြောင့် နေရပ်ကို ပြန်သွားကြပြီဖြစ်ကြောင်း သိရပါသည်။

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နှင့် AA အဖွဲ့တို့ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည် နှစ်သိန်းကျော်ရှိပြီး လက်တလောနယ်မြေတည်ငြိမ်အေးချမ်းနေသကဲ့သို့ စပါးရိတ်သိမ်းချိန် ဖြစ်သောကြောင့် နေရပ်ပြန်သွားကြသော စစ်ရှောင် သုံးသောင်းကျော်ရှိပြီဖြစ်ကြောင်း ရခိုင် တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက RFA ကို ပြောကြားခဲ့သည်။

တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း မင်းပြားမြို့နယ် ဟာရပိုင်ကျေးရွာမှ မွတ်စလင်အမျိုးသားတဦးမှာ နိုဝင်ဘာ ၂၀ ရက်က ကွမ်းသီးခင်း၌ မိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်း 7 Day Daily သတင်းစာက နိုဝင်ဘာ ၂၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အသက် (၁၉) နှစ်အရွယ် ထိုအမျိုးသားသည် ကျေးရွာအနီးရှိ ကွမ်းသီးစိုက်ခင်း၌ နေ့စားလုပ်သားအဖြစ် ကွမ်းသီးကောက်နေစဉ် မိုင်းထိမှန်သောကြောင့် ခြေထောက်နှစ်ဖက်စလုံးတွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး မြောင်းဘွေဆေးရုံမှတစ်ဆင့် စစ်တွေဆေးရုံသို့ ပို့ထားရကြောင်း သတင်းတွင် ပါရှိခဲ့သည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ယခုရက်သတ္တပတ်အတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင် တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)မှ ရွေးချယ်ခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ကိုယ်စားလှယ် ဦးထိုက်ဇော်သည် နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရ၍ သေဆုံးခဲ့ရသည်။

7 Day Daily သတင်းစာတွင် ဖော်ပြမှုအရ ကျောက်မဲမြို့နှင့် ၁၅ မိုင်အကွာ လားရှိုး-မန္တလေး ပြည် ထောင်စု လမ်းမဘေးရှိ ပင်တိန် ကျေးရွာ၌ နေထိုင်သည့် အသက် (၅၀)အရွယ် ဦးထိုက်ဇော်သည် နေအိမ် ဈေးဆိုင် အတွင်း ကွမ်းယာနေစဉ် သေနတ်သမားက ဆိုင်ကယ်ဖြင့် လာရောက်ပြီး ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

ကျောက်မဲမြို့နယ်တွင် တပ်မတော်သာမက အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော ရှမ်း ပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA)တို့ လှုပ်ရှားမှုများ ရှိပြီး RCSS နှင့် TNLA အဖွဲ့တို့ကမူ ၎င်းတို့ မကျူးလွန်ကြောင်း ငြင်းဆန်ခဲ့ကြသည်ဟု သတင်းတွင် ပါရှိပါသည်။

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ တတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။