တိုက်ပွဲဖြစ်ပွားမှုများ (မတ်လ ဒုတိယပတ်)

Post By Nyein Ko Ko Soe, On March 10, 2020

တိုက်ပွဲဖြစ်ပွားမှုများ (မတ်လ ဒုတိယပတ်)

၂၀၂၀ ပြည့်နှစ် မတ် ၅ ရက်မှ မတ် ၁၀ ရက်အထိ (မတ်လ ဒုတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ စစ်တွေ၊ အမ်းမြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၅ ကြိမ်ထက် မနည်းရှိခဲ့ပြီး တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

မတ်လ ဒုတိယပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများကြောင့် အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် အရပ်သား ငါးဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၂၆ ဦးအထိ ရှိခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

မတ်လဒုတိယပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး မိုင်းပေါက်ကွဲမှု၊ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတို့ကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။

အရပ်သားထိခိုက်မှုအများဆုံးဖြစ်ခဲ့သည့်ဖြစ်စဉ်မှာ မတ် ၆ ရက်က မြောက်ဦးမြို့နယ် ပေါင်းတုတ်ကျေးရွာအနီး မိုင်းပေါက်ကွဲ၍ နွားကျောင်းသွားသည့် မူဆလင်လူငယ်တဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ AA အဖွဲ့ ထောင်ထားသည့်မိုင်းကို နင်းမိခြင်းဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပြီး AA အဖွဲ့ကမူ ယင်းစွပ်စွဲမှုကို ငြင်းဆန်ခဲ့သည်။

နောက်ထပ်ဖြစ်စဉ်မှာ ကျောက်တော်မြို့နယ် အောင်သာယာကျေးရွာကို မတ် ၁၀ ရက် ညပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သဖြင့် အမျိုးသမီးငယ်တဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် အောင်သာယာကျေးရွာတရွာတည်းမှမဟုတ်ဘဲ တိုက်ပွဲကြောင့် တိမ်းရှောင်လာခဲ့သည့် ပြိုင်းတိုင်းကျေးရွာသားများလည်း ပါဝင်ကြောင်း သိရသည်။

မတ် ၁၀ ရက် နံနက်ပိုင်းကလည်း ကျောက်တော်မြို့နယ် လောင်းရှည်ကျေးရွာမှ အမျိုးသမီး တဦး ကျည်ဆံထိမှန်သေဆုံးခဲ့ပြီး ရွာသားတဦး သေဆုံးခဲ့သည်။ ယခုကဲ့သို့ ရွာသားများ ထိခိုက်သေဆုံးခဲ့သည့် အောင်သာယာကျေးရွာနှင့် လောင်းရှည်ကျေးရွာတို့မှာ ကုလားတန်မြစ်အနောက်ခြမ်းတွင် တည်ရှိပြီး မြစ်အရှေ့ဘက်ခြမ်းရှိ ငန်းတောင်တွင် တိုက်ပွဲဖြစ်ပွားရာမှ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မတ် ၈ ရက်က မြောက်ဦးမြို့နယ် မြောင်းဘွေတံတားအနီးတွင် တိုက်ပွဲဖြစ်ပွား၍ အနီးရှိ ဘူးတလုံးရွာဟောင်းမှ အမျိုးသမီးတဦး၊ ကလေးငယ်တဦးနှင့် လူငယ်တဦး ထိခိုက်ဒဏ်ရာရခဲ့သကဲ့သို့ မတ် ၉ ရက်ကလည်း မင်းပြားမြို့နယ် ဖားပျော်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ ဒေသခံ ငါးဦး ထိခိုက်ခဲ့ပါသည်။

ထို့ပြင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝတိုက်ပွဲဖြစ်စဉ်များအတွင်း တပ်မတော်မှ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ပစ်ကူပေးတိုက်ခိုက်ရာ ဓာတုဓာတ်ငွေ့ပါ ဗုံးများ အသုံးပြုခဲ့ကြောင်း AA အဖွဲ့က စွပ်စွဲခဲ့ပါသည်။ တပ်မတော်ကမူ ယင်းစွပ်စွဲမှုကို ငြင်းဆန်ခဲ့ပြီး AA အဖွဲ့အနေဖြင့် စစ်ရေးအရ ရှုံးနိမ့်နေခြင်းကြောင့် ယခုကဲ့သို့ စွပ်စွဲပြောဆိုနေခြင်းဟု ပြန်လည်ရှင်းလင်းခဲ့ပါသည်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ဖေဖော်ဝါရီလဆန်းမှစ၍ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့်ပလက်ဝမြို့နယ် မီးချောင်းတံထားအနီးတွင် လက်ရှိအချိန်အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။

ယင်းတိုက်ပွဲများအတွင်း တပ်မတော်ဘက်မှ တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ အသုံးပြု တိုက်ခိုက်ခဲ့ရာ မတ် ၉ ရက်ညနေပိုင်းက ပလက်ဝမြို့နယ် ပွီဝုန်း(ဗွီဟူး)ရွာထဲသို့ လေယာဉ်မှ ပစ်ခတ်သည့် လက်နက် ကျရောက်ပေါက်ကွဲခဲ့၍ ရွာသား နှစ်ဦး သေဆုံး၊ လေးဦး ဒဏ်ရာရခဲ့သည်။ ယင်းကျေးရွာမှာပင် မတ် ၄ ရက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ နေအိမ်လေးလုံး မီးလောင်ပျက်စီးခဲ့ပြီး ရွာသားတဦးသေဆုံး၊ နှစ်ဦး ထိခိုက်ဒဏ်ရာမှုလည်း ဖြစ်ပွားခဲ့ပါသည်။

စစ်ဆင်ရေးထိရောက်စေရန် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း တပ်မတော်က ဝန်ခံခဲ့ပြီး ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါက ရွာသားများ ထိခိုက်သေဆုံးမှုလည်း ရှိနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။

 

၂၀၂၀ ပြည့်နှစ် မတ်လ ဒုတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။