By Nyein Ko Ko Soe, On ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (စက်တင်ဘာ စတုတ္ထပတ်)
Post By Nyein Ko Ko Soe, On September 25, 2020

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ (စက်တင်ဘာ စတုတ္ထပတ်) ကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်များအနက် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှု မြင့်တက်နေခြင်းကြောင့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ရောဂါကာကွယ်ထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်သည့် သတင်းများမှာ အများဆုံး ဖြစ်ခဲ့ပါသည်။
ထို့အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံအစည်းအဝေးများမှ ရရှိထားသည့် သဘောတူညီချက်များအပေါ် NCA လက်မှတ်မထိုးရသေးသော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)က မေးခွန်းထုတ်ခဲ့သည့်သတင်းလည်း ရှိခဲ့ပါသည်။
NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု
စက်တင်ဘာ စတုတ္ထပတ်အတွင်း NCA လက်မှတ်မထိုးရသေးသော အဖွဲ့များနှင့် ပတ်သက်၍ သတင်းများ နည်းပါးခဲ့ပြီး မြန်မာတိုင်းမ်သတင်းဌာနက စက်တင်ဘာ ၂၅ ရက်တွင် ဖော်ပြခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံအစည်းအဝေးများမှ ရရှိထားသည့် သဘောတူညီချက်များအပေါ် NCA လက်မှတ် မထိုးရသေးသော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)က မေးခွန်းထုတ်ခဲ့သည့် သတင်းသာ ရှိခဲ့သည်။
KNPP ဒုတိယဥက္ကဋ္ဌ ခူဦးရယ်က လက်ရှိအစိုးရလက်ထက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံအစည်းအဝေးကို လေးကြိမ်တိုင် ကျင်းပခဲ့သော်လည်း ဖက်ဒရယ်စနစ်အတွက် ခိုင်မာသော သဘော တူညီချက် မည်မျှပါသနည်းဟု မေးခွန်းများစွာ ရှိနေကြောင်း စက်တင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့သည့် စာတမ်း မိတ်ဆက်အခမ်းအနားတွင် မှတ်ချက်ပြုခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။
NLD အစိုးရလက်ထက် ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံအစည်းအဝေး လေးကြိမ်တွင် သဘောတူညီချက် ၇၁ ချက်နှင့် ၂၀၂၀ အလွန်ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်လိုက် အကောင်အ ထည်ဖော်မှုဆိုင်ရာ ဇယားတခုကို သဘောတူညီနိုင်ခဲ့ကြောင်း မြန်မာတိုင်းမ်သတင်းတွင် ပါရှိခဲ့ပါသည်။
NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု
စက်တင်ဘာ ၂၁ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြမှုအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၏ ကိုဗစ်-၁၉ ကပ်ရောဂါဆန့်ကျင်သည့် လူထုကျန်းမာရေး၊ ကာကွယ်ရေးလုပ်ငန်းများတွင် အစိုးရနှင့် တပ်မတော်အနေဖြင့် အပြုသဘောဆောင်ညှိနှိုင်းခြင်းဖြင့် ပါဝင်လုပ်ဆောင်သွားရန် ကရင်အမျိုးသားအစည်းအရုံး (KNU)က တောင်းဆိုခဲ့ကြောင်း သိရပါသည်။
စက်တင်ဘာ ၂၁ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့နှင့် ပတ်သက်၍ KNU ၏ သဘောထားထုတ်ပြန်မှုတွင် ဖော်ပြခဲ့ခြင်းဖြစ်ပြီး KNU တပ်မဟာ(၁)လှုပ်ရှားရာ သထုံခရိုင်ဘက်တွင် KNU ၏ ကိုဗစ် ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို တပ်မတော်မှ တားမြစ်မှုများ ရှိနေ၍ တောင်းဆို ရခြင်း ဖြစ်သည်ဟု KNU အထွေထွေအတွင်းရေးမှူးချုပ်ပဒိုစောတာဒိုမူးက 7 Day သတင်းစာသို့ ပြောကြားခဲ့သည်။
ယခင်ကလည်း KNU က ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးရေးဂိတ်အချို့ ဖွင့်လှစ်ခဲ့ခြင်းအပေါ် တပ်မတော်နှင့် တင်းမာမှုများရှိခဲ့၍ ညှိနှိုင်းဖြေရှင်းခဲ့ရကြောင်း အဆိုပါ 7 Day သတင်းတွင် ပါရှိခဲ့ပါသည်။
ထို့အပြင် လူသေဆုံးမှုများ တိုးလာနေပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိသူ လူနာများစွာဖြင့် ဝန်ထုတ်ဝန်ပိုး ဖြစ်နေသည့် အစိုးရကို တပ်မတော်က အကူအညီပေးလိုကြောင်း တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့သည်ဟု ဧရာ၀တီသတင်းဌာနက စက်တင်ဘာ ၂၃ ရက်တွင် သတင်းဖော်ပြခဲ့သည်။
တပ်မတော်အနေဖြင့် မိမိသဘောနှင့် မိမိ ဝင်ပါ၍ မရဘဲ တိုင်း၊ ပြည်နယ်အစိုးရနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့က လွှတ်ပေးလိုက်သည့် လူများကိုသာ လက်ခံ၍ ရကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ဧရာ၀တီကို ပြောကြားခဲ့သည်ဟု သိရပါသည်။
လက်ရှိအချိန်တွင် အစိုးရ၏ Quarantine စင်တာများ၊ ဆေးရုံများတွင် လူနာများ ပြည့်နေသည့် အခြေအနေကြောင့် နေရာလွတ်များ ရှိနေပြီး လူနာများကိုလည်း ကုသပေးရန်ပါ အဆင့်သင့် ဖြစ်နေသည့် တပ်မတော်၏ အရင်းအမြစ်များကို အသုံးမချသည့်အပေါ် မေးခွန်းထုတ်မှုများ ရှိနေကြောင်း အဆိုပါဧရာ၀တီသတင်းတွင် ပါရှိခဲ့သည်။
၂၀၂၀ ပြည့်နှစ် စက်တင်ဘာ စတုတ္ထပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။
ဆက်စပ် ဆောင်းပါးများ
By Nyein Ko Ko Soe, On
By Nyein Ko Ko Soe, On ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇွန် ပထမပတ်)
By Nyein Ko Ko Soe, On