ထုတ်ပြန်ကြေညာချက်များ(မတ်လ ပထမပတ်)

Post By Pan Su Wai, On March 9, 2020

ထုတ်ပြန်ကြေညာချက်များ(မတ်လ ပထမပတ်)

၂၀၂၀ ပြည့်နှစ် မတ် ၃ ရက်မှ မတ် ၉ ရက်အထိ (မတ်လ ပထမပတ်)ကာလအတွင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ စုစုပေါင်း ၁၇ ခု ထက်မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိ ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ၁၆ ခု အထိ ထုတ်ပြန်ခဲ့ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)မှ တခု ထုတ်ပြန်ခဲ့ပါ သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်များအနက် “သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများအား သွားရောက်သတင်းရယူပြီး ပြန်လည်ထွက်ခွာစဉ် ရဟတ်ယာဉ်တစ်စီး စက်ချို့ယွင်းမှုကြောင့် မြေပြင်ပေါ်သို့ ပြုတ်ကျမှုဖြစ်ပွား၊ ရဟတ်ယာဉ်မှူးနှစ်ဦးသာ (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိကြောင်း” မတ် ၆ ရက်စွဲဖြင့် ထုတ်ပြန်ချက်မှာ အာရုံစိုက်စရာဖြစ်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် “ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာ၊ လွယ်ခမ်ကျေးရွာနှင့် ပတ်ဝန်းကျင်နေရာများ၌ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၄ ရက်ထိ သိမ်းဆည်းရမိခဲ့သော ငွေကျပ် ၉၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ပြည်တွင်း၊ ပြည်ပမီဒီယာများမှ သတင်းထောက်များ၊ စစ်သံမှူးများက တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် သွားရောက်သတင်းရယူခဲ့ကြောင်း” ဦးစွာ ဖော်ပြခဲ့ပါသည်။

ယင်းနောက် “ပြည်ပစစ်သံမှူးများအဖွဲ့သည် လားရှိုးမှ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများအား ကြည့်ရှုသတင်းရယူပြီး ရဟတ်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာစဉ် ရဟတ်ယာဉ် စက်ချို့ယွင်းမှုဖြစ်ပွားခဲ့သောကြောင့် မြေပြင်သို့ ပြန်လည်ပြုတ်ကျမှု ဖြစ်ပွားခဲ့ကြောင်း၊ ထိခိုက်မှုအနည်းဆုံးဖြင့် မြေပြင်ပေါ်သို့ ရောက်ရှိပြီး ရဟတ်ယာဉ်မှူးနှစ်ဦးသာ (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း” တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ “ကွတ်ခိုင်မြို့နယ်အတွင်း ငွေကျပ် ၅၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိရကြောင်း” မတ် ၃ ရက်စွဲဖြင့် ထုတ်ပြန်ချက်၊ “ကွတ်ခိုင်မြို့နယ်အတွင်း ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိကြောင်း” မတ် ၄ ရက်စွဲဖြင့် ထုတ်ပြန်ချက်၊ “ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာနှင့် လွယ်ခမ်ကျေးရွာအနီးတဝိုက် မူးယစ်ဆေးဝါးများချက်လုပ်သည့် နေရာများ၌ အလုပ်လုပ်ကိုင်သူ ၂ ဦးအား ဖမ်းဆီးရမိ၊ ပိုင်ရှင်ဖြစ်သူအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ကြောင်း” မတ် ၅ ရက်စွဲဖြင့် ထုတ်ပြန်ချက်“ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာအတွင်း လက်နက်ခဲယမ်းအမြောက်အများနှင့် မူးယစ်ဆေးဝါးများ ထပ်မံသိမ်းဆည်းရမိကြောင်း” မတ် ၇ရက်စွဲဖြင့် ထုတ်ပြန်ချက်များလည်း အသီးသီးထုတ်ပြန်ခဲ့ပါသည်။

ထို့ပြင် မတ် ၉ ရက်တွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ “ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာ အတွင်း ငွေကျပ် ၁၁၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိကြောင်း” သတင်းထုတ်ပြန်ချက်တခုကို ထပ်မံထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာနှင့် လွယ်ခမ်ကျေးရွာအနီး ပတ်ဝန်းကျင်နေရာများ၌ ဖေဖော် ဝါရီ ၂၈ ရက်မှ မတ် ၈ ရက်အထိ ငွေကျပ် ၁၃၀ ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ၊ ဖမ်းဆီးရရှိမှုနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနယ်မြေတစ်ဝိုက်အား နယ်မြေလုံခြုံရေးနှင့် ရှာဖွေစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း” ဖော်ပြထားပါသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)က “(၇၁)နှစ်ပြည့် ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် သဘောထားထုတ်ပြန်ကြေညာချက်”ကို မတ် ၈ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ အချက် ၇ချက် ပါဝင်သည့် အဆိုပါထုတ်ပြန်ချက်တွင် “ပြည်ထောင်စုအဖွဲ့ဝင် ရှမ်းပြည်နယ်အတွင်းရှိ ဘဝတူ ညီနောင်တိုင်းရင်းသားလူမျိုးအားလုံးနှင့် ညီညွတ်ရေးတည်ဆောက်လျက် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူရေးအပြည့်အဝရှိသော ပြည်နယ်အဖြစ်သို့ ရောက်ရှိစေရန်”ဟု ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပြည်နယ်အဆင့်သို့ ရောက်ရှိရန် ရည်မှန်းထားမှုကို ဖော်ပြခဲ့သည်။

ယင်းနောက် “ရေရှည်တည်တံ့သောငြိမ်းချမ်းရေးကို ဦးတည်၍ NCA လက်မှတ်ရေးထိုးခြင်း၊ နိုင်ငံရေး ဆွေးနွေးပွဲများမှ တဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တက်ကြွစွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန်နှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် အခြေခံမူများချမှတ်ခြင်း လုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာဆွေးနွေးပွဲမိတ်ဖက်များနှင့်အတူ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း” PNLO၏ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် မတ်လ ပထမပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။