တိုက်ပွဲဖြစ်ပွားမှုများ(ဇန်နဝါရီ ဒုတိယပတ်)

Post By Nyein Ko Ko Soe, On January 15, 2020

တိုက်ပွဲဖြစ်ပွားမှုများ(ဇန်နဝါရီ ဒုတိယပတ်)

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၉ ရက်မှ ဇန်နဝါရီ ၁၄ ရက်အထိ (ဇန်နဝါရီ ဒုတိယပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) မြောက်ဦး၊ မင်းပြား၊ အမ်း၊ ကျောက်တော်၊ မြေပုံ၊ ကျောက်ဖြူ၊ မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားမှု ၁၇ ကြိမ်ထက် မနည်းရှိခဲ့ပြီး အရပ်သား သေဆုံးမှု လေးဦး ရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

ဇန်နဝါရီ ဒုတိယပတ်ကာလတွင် ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် အရပ်သားများ ဖမ်းဆီးသတ်ဖြတ်ခံရမှုများ ရှိခဲ့ပါသည်။

 

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ဇန်နဝါရီ ဒုတိယပတ်ကာလအတွင်း တိုက်ပွဲဖြစ်ပွားမှု၊ မိုင်းပေါက်ကွဲမှုများကြောင့် ကလေးငယ်တဦး သေဆုံးခဲ့ပြီး အရပ်သား ခုနစ်ဦးအထိ ဒဏ်ရာရခဲ့ကာ ထောင်နှင့် ချီသော ဒေသခံပြည်သူများ နေရပ်စွန့်ခွာ တိမ်းရှောင်ရသည်အထိ တိုက်ပွဲများ ပြင်းထန်ခဲ့ပါသည်။

အရပ်သားသေဆုံးမှုရှိခဲ့သည့် တိုက်ပွဲဖြစ်စဉ်မှာ ဇန်နဝါရီ ၁၁ ရက်က မင်းပြားမြို့နယ်မှ မြေပုံမြို့နယ် ညောင်ကန်ကျေးရွာကို ပြန်လာသည့် စစ်ရှောင်မိသားစုတစု လိုက်ပါလာသည့် လှေမှာ မင်းပြားနှင့် မေလွန်းရွာကြား ကျေးကျိုရွာအနီးတွင် ပစ်ခတ်ခံခဲ့ရပြီး အသက် ကိုးလအရွယ် ကလေးငယ်တစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ရခြင်း ဖြစ်ပါသည်။

ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့သည့် မင်းပြားမြို့နယ် မေလွန်းရွာအနီးတွင် ဇန်နဝါရီ ၁၁ ရက်နံနက်ပိုင်းမှ စတင်၍ တပ်မတော်နှင့် AA အဖွဲ့တို့အကြား တိုက်ပွဲပြင်းထန် ခဲ့ပြီး တပ်မတော်ဘက်မှ ရဟတ်ယာဉ်များဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ရကြောင်း သိရပါသည်။ သို့ရာတွင် ကလေးငယ်သေဆုံးခဲ့ရခြင်းကိုမူ တပ်မတော်နှင့် AA အဖွဲ့နှစ်ဖွဲ့စလုံးက ၎င်းတို့ကြောင့် မဟုတ်ကြောင်း ငြင်းဆန်ခဲ့ကြပါသည်။

မင်းပြားမြို့နယ် ဖားပျော်ကျေးရွာအနီး၊ မြေပုံမြို့နယ် စံညှင်းရွာ အနောက်မြောက်ဘက် တောင်တန်းပေါ်နှင့် ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်အစပ် အောင်ဇေယျရွာအကြားတွင် ဇန်နဝါရီ ၁၁ ရက်က တိုက်ပွဲ ရှစ်ကြိမ်ထက်မနည်း ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဒေသခံ တသောင်းခန့် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရကြောင်း သိရပါသည်။

ဇန်နဝါရီ ၁၁ ရက်တွင် မြောက်ဦးနှင့် အမ်းမြို့နယ်များအတွင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး မြောက်ဦးမြို့နယ် အုတ်ဖိုကန်ကျေးရွာတွင် အိမ်ပေါ် လက်နက်ကြီးကျည်ကျခြင်းကြောင့် ကလေးငယ် သုံးဦးအပါအဝင် လေးဦး ဒဏ်ရာ ရရှိခဲ့ပါသည်။ ထို့ပြင် ဇန်နဝါရီ ၁၁ ရက်နံနက်ပိုင်း၌ ကျောက်တော်မြို့နယ် ရုပ်သားကျေးရွာတွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် ၁၀ နှစ် အရွယ် ကလေးငယ် နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါသည်။

ရန်ကုန်-စစ်တွေကားလမ်းတလျှောက် အမ်း၊ မြေပုံ၊ မင်းပြားမြို့နယ်များတွင်လည်း ဇန်နဝါရီ ၁၀ ရက်မှ ၁၂ ရက်အထိ ရက်ဆက်တိုက်ပွဲပြင်းထန်ခဲ့ခြင်းကြောင့် ရန်ကုန်ကို ပြေးဆွဲနေသည့် ကားများမှာ လမ်းပိတ်ဆို့မှုများ ကြုံတွေ့ခဲ့ရပြီး သွားရေးလာရေး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရပါသည်။

ထို့ပြင် ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေကျေးရွာနှင့် ငအုပ်ကျေးရွာကြား ကျောက်ဖြူ-ရန်ကုန် ကားလမ်းပေါ်၌ တပ်မတော်ယာဉ်တစီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသကဲ့သို့ ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းတွင်လည်း မြောက်ဦးမြို့ ၊ သကျမာန်အောင်ဘုရားအနီးတွင် ရဲတပ်ဖွဲ့ပိုင်မော်တော် ယာဉ်နှစ်စီးကို AA အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပါသည်။ ယင်းတိုက်ခိုက်မှုများအတွင်း မော်တော်ယာဉ်များ ပျက်စီးခဲ့သော်လည်း  ထိခိုက်ဒဏ်ရာရှိသူ မရှိကြောင်း သတင်းထုတ်ပြန်မှုအရ သိရပါသည်။

ဇန်နဝါရီ ၁၃ ရက်နှင့် ၁၄ ရက်များတွင်မူ တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့သော်လည်း ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်များတွင် တပ်မတော်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် AA တပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးမှုများ ရှိခဲ့ကြောင်း AA အဖွဲ့၏ သတင်းထုတ်ပြန်ခဲ့ပါသည်။

 

ချင်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီဒုတိယပတ်ကာလအတွင်း ချင်းပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့သော်လည်း ဇန်နဝါရီ ၇ ရက်က ပလက်ဝမြို့နယ် ဆီးဖလောင်းကျေးရွာမှ ချင်းလူမျိုးကျောင်းဆရာနှင့် ကျေးရွာသား နှစ်ဦးကို AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့ကြောင်း တပ်မတော်နှင့် ခူမီးချင်းမျိုးနွယ်စု များရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီက ထုတ်ပြန်ခဲ့ပါသည်။

ထို့ပြင် ဇန်နဝါရီ ၈ ရက်တွင်လည်း AA အဖွဲ့သည် ပလက်ဝမြို့နယ် ကျီးလေကျေးရွာတွင် ဝင်ရောက်အခြေပြုပြီး ကျေးရွာသူတစ်ဦးကို လက်နက်ဖြင့် ခြိမ်း ခြောက်ကာ အဓမ္မသိမ်းပိုက်ရန် ကြိုးစားခဲ့သကဲ့သို့ ကျေးရွာရှိ တာဝန်ရှိလူကြီးများအား ကိုယ်ထိလက်ရောက်ရိုက်နှက်ခြင်း၊ လူငယ်များအား  ကျေးရွာရှေ့ ကုလားတန်မြစ်နံဘေးတွင် နေပူထဲ ချုပ်နှောင်ထားခြင်း ပြုလုပ်ခဲ့သည်ဟု သိရပါသည်။

AA အဖွဲ့ကမူ ယင်းစွပ်စွဲချက်များနှင့် ပတ်သက်၍ ပလက်ဝမြို့နယ် ဆီးဖလောင်းကျေးရွာမှ အရပ်သားသုံး ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းမရှိကြောင်း ငြင်းဆန်ခဲ့သော်လည်း ကျီးလေကျေးရွာမှ ကျေးရွာသူတဦးနှင့် ရွာသားအချို့ကို ရိုက်နှက်ခဲ့ကြောင်း ဝန်ခံခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ဒုတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။