ထုတ်ပြန်ကြေညာချက်များ (နိုဝင်ဘာ တတိယပတ်)

Post By Nyein Ko Ko Soe, Pan Su Wai, On November 25, 2019

ထုတ်ပြန်ကြေညာချက်များ (နိုဝင်ဘာ တတိယပတ်)

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၈ ရက်မှ ၂၅ ရက်အထိ ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုလွှတ်တော်၊ တပ်မတော်၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်း အသီးသီးမှ စုစုပေါင်း ၁၅ ခုထက် မနည်းသော ထုတ်ပြန် ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်များတွင် ပြည်ထောင်စုအစိုးရနှင့် ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ချက် တခုစီ ထုတ်ပြန်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ချက် နှစ်ခု ထုတ်ပြန်ခဲ့ပါသည်။ ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ချက် တခု ထုတ်ပြန်ခဲ့ကာ၊ နိုင်ငံရေးပါတီများက ထုတ်ပြန်ချက် သုံးခုနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ထုတ်ပြန်ချက် ခုနစ်ခု ထုတ်ပြန်ခဲ့ကြခြင်း ဖြစ်ပါသည်။

ထုတ်ပြန်ချက်များအနက် ချင်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း ဖမ်းဆီးခံ ရခြင်းနှင့် ပတ်သက်၍ AA အဖွဲ့အား ရှုံ့ချကြောင်း ပြည်ထောင်စုလွှတ်တော်၏ နိုဝင်ဘာ ၁၈ ရက် ထုတ်ပြန်ချက်နှင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ တရားစွဲဆိုမှုအပေါ် ရင်ဆိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည် ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ နိုဝင်ဘာ ၂၀ ရက်စွဲဖြင့် ထွက်ရှိခဲ့သည့် ထုတ်ပြန်ချက်များမှာ ထင်ရှားခဲ့သည်။

အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ကလည်း နိုဝင်ဘာ ၂၅ ရက်တွင် ကြေညာ ချက်တစောင် ထုတ်ပြန်ခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်၏ တာဝန်ယူဆောင်ရွက်မှုကို နိုင်ငံ သားအားလုံးက NLD နှင့်အတူ ရပ်တည်ထောက်ခံကြမည်ဟု ယုံကြည်ကြောင်း ဖော်ပြခဲ့သည်။ နိုဝင်ဘာ ၂၅ ရက်မှာပင် ရွှေဝါရောင် သံဃာတော်များ ကွန်ရက်၊ ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်၊ လူမှုမဟာမိတ်အဖွဲ့၊ Ingyinmay Hindu Women Association၊ မြန်မာမွတ်စလင်မ် ကွန်ရက်၊ Stop Child Sexual Abuse၊ ဒို့အမွေ ငြိမ်းချမ်းရေး ကွန်ရက်၊ Reliable Organization ၊ လူ့အခွင့်အရေးနှင့် တန်းတူညီမျှရေး လှုပ်ရှားမှုကွန်ရက် အစရှိသော စုံလင်ကွဲပြားသည့် အရပ်ဘက်အဖွဲ့အစည်း ကိုးခု ပူးပေါင်း၍ “အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) သို့ ဦးဆောင်သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အပေါ် ကြိုဆိုကြောင်း” ထုတ်ပြန်ကြေညာချက် တစောင်လည်း ထွက်ရှိခဲ့ပါသည်။

နိုဝင်ဘာ တတိယပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ကြေညာချက်များအနက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံံး၏ ထုတ်ပြန်ချက် နှစ်ခုမှာလည်း စိတ်ဝင်စားစရာ ကောင်းခဲ့သည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် FN-6 ပခုံးထမ်း လေယာဉ်ပစ်လက်နက် အပါအဝင် လက်နက်မျိုးစုံ ဖမ်းဆီးရမိကြောင်း နိုဝင်ဘာ ၂၃ ရက်က ထုတ်ပြန်ခဲ့ပြီး၊ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ် ဂူတာပြင်ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သည်ဟု ကနဦးတွေ့ရှိသူများအပေါ် စစ်တရားရုံး (Court-Martial) ဖြင့် စစ်ဆေးစီရင်ခြင်း စတင်တော့မည်ဟု နိုဝင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်မှုခေတ္တရပ်ဆိုင်းထားသည့် KNU ၏ ဗဟို အမြဲတမ်း ကော်မတီအစည်းအဝေး(ဒုတိယပိုင်း)အပြီး နိုဝင်ဘာ ၂၂ ရက်က ထွက်ရှိခဲ့သည့် ထုတ်ပြန်ကြေညာချက်မှာလည်း စိတ်ဝင်စားစရာ ဖြစ်ပါသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ထူးခြားမှု နှစ်ရပ် ပါဝင်ခဲ့ပြီး ပထမအချက်မှာ “လက်ရှိ ဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေး အခြေအနေနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ အစိုးရမှ ရင်ဆိုင်နေရသော တရားရေးဆိုင်ရာ ကိစ္စရပ်တို့အပေါ် သုံးသပ်ခဲ့ကြပြီး၊ အစိုးရအနေဖြင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများနှင့် စံချိန်စံညွှန်းများကို လေးစား လိုက်နာ လုပ်ဆောင်သွားရန် တိုက်တွန်းသည်” ဆိုသော အချက်ဖြစ်ပါသည်။

ဒုတိယအချက်မှာမူ KNU အနေဖြင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အပေါ် ရပ်တည်လျက်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက် နိုင်ရေးအတွက် NCA အကောင်အထည် ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) မှတဆင့် ပြန်လည် အစပြု စတင်နိုင်ရေးကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေကြသည့် Stakeholder များဖြစ်သော အစိုးရ၊ တပ်မတော်၊ EAOs များတို့ဖြင့် တွေ့ဆုံ ညှိနှိုင်းပြီး ရှေ့ဆက် ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွင် အဓိပ္ပါယ်ပြည့်ဝစွာ ပါဝင်လုပ်ဆောင်သွားရန် ဟူ၍ ဖြစ်ပါသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာ တတိယပတ်အတွက် ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။